Saturday, December 18, 2010

လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့ စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်း ယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေး ချုပ်ကိုင် ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ် လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစားတရပ်လဲ ပေါ်ထွက်လာ တတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလဲ ပေါ်ထွက်လာပါတယ်။

ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အများက ယုံကြည်သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်စင်မြင့်ပေါ်ကို တွန်းထိုးတိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ်ထားခြင်းမရှိပဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီလိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့၊ လူထုတိုက်ပွဲထဲမှာ ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်းဆောင်ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ၀န်းရံပေးနိုင်မှုကလဲ အရေးပါတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒီလို ၀န်းရံပေးမှုလို့ ပြောတဲ့အခါ အချို့က ဒီခေါင်းဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာနေတာလို့ ယူဆတတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွယ်ပေမယ့် မြေအောက်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ကတော့ မြေအောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ လိုင်းပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။

ဒီလိုမဟုတ်ရင် မြေအောက်ယူဂျီကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံမက လူထုခေါင်းဆောင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတကာ ကင်ပိန်းလှုပ်ရှားမှု တွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက်မှုတွေဟာ မြေအောက်ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ်မများပေမယ့်၊ လူထုခေါင်းဆောင်နဲ့ မြေပေါ် အဖွဲ့အစည်းတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက်စေနိုင်ပါတယ်။ တာဝန်ယူမှုဟာ တာဝန်သိတတ်မှုနဲ့ ဒွန်တွဲနေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှုတွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှုတို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်းဆောင်ကို ၀န်းရံမှုဆိုတာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာ၊ အနီးကပ်တွေ့ဆုံ ဆက်သွယ်တာတွေကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုးလေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန်ခွဲဝေမှု၊ တွေ့ဆုံမှုဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ဆုံဆွေးနွေးအဖြေရှာရေး (၀ါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယဦးတည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ်စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ကြရမှာပါ။ လူထုခေါင်းဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်ထု စွမ်းအား တိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်းပြည်တခုအတွက် လိုအပ်နေတဲ့ ဦးတည်ချက်တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထု ခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် လူထုခေါင်းဆောင်နဲ့အတူ လက်တွဲပြီး ပြည်သူတရပ်လုံးက ၀ိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာ တမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာကဏ္ဍကနေ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံတော် အရေး ဦးတည်ချက်တွေကို ကိုင်စွဲထားတဲ့ လူထု ခေါင်းဆောင်ကို ၀န်းရံကြရာမှာလဲ လက်တွေ့ကျကျ ၀န်းရံနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီစနစ် ထွန်းကားရေး

ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်တခု ထွန်းကားလာဖို့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး (Democratization) ကို အကောင်အထည်ဖော်ကြရပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာ ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization) (သို့မဟုတ်) political liberalization အဆင့်ဖြစ်ပြီး၊ ဒုတိယအဆင့်က ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာလာအောင် တည်ဆောက်ခြင်း (Democratic consolidation) ဖြစ်ပါတယ်။

တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်ကျင့်သုံးဆဲ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ကျန်ရစ်နေဆဲပါ။ စစ်အုပ်စုတို့က ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) ကိုသာ ကျင်းပခဲ့တာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ပထမအဆင့်ကို ဖော်ဆောင်ခြင်း မဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဆောင်မှုသာ ဖြစ်သွားခဲ့ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကို စနစ်တကျ ဖော်ဆောင်ဖို့အတွက် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပထမအဆင့်အနေနဲ့ ဖြတ်သန်းပြီးမှ ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာလာအောင် တည်ဆောက်မှု ကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒီလိုကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ထွန်းလာရေးအတွက် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံတကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦးဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာလဲ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။

ဒီလို အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးအတွက် လမ်းစဉ်တွေ၊ တွန်းအား (leverage) တွေ အများအပြား လိုအပ်ပါတယ်။ အညင်သာဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလို့ ကမ္ဘာက သတ်မှတ်ခဲ့ရတဲ့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာတောင် normative leverage နဲ့ coercive leverage တွေကို အတိုက်အခံတွေဘက်က သုံးစွဲခဲ့ရပါတယ်။ normative leverage ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအား တမျိုးတည်းနဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၊ လူထုတိုက်ပွဲလမ်းစဉ်တို့ ပေါင်းစပ်ပါဝင်တဲ့ mass rolling actions တွေကို အသုံးပြုပြီး coercive leverage ဖြစ်ထွန်းလာအောင် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြေပေါ်အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်ရောက်နေတဲ့ လူထု ခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း coercive leverage ကို အသုံးပြုနိုင်ဖို့က ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ coercive leverage ကို အကောင်အထည်ဖော်ရမယ့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လူထုခေါင်းဆောင်ကို တိုက်ရိုက်ဝန်းရံပေးမှု မဟုတ်တဲ့ သွယ်ဝိုက်ဝန်းရံပေးမှုကို ပြုလုပ်တတ်ဖို့လိုပါတယ်။

နိုင်ငံတကာကြားဖြတ်အစိုးရကတော့ တရုတ်နဲ့ အနောက်အုပ်စုတွေအကြား တတိယကမ္ဘာစစ် မဖြစ်လာမချင်း ဖြစ်နိုင်ချေ မရှိပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျနေရာ ဖြစ်နေတဲ့ မြန်မာ့မြေပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုနှင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) ဖြစ်လာခဲ့ရင်တောင် တရုတ်တပ်၊ အိန္ဒိယတပ်၊ ပြင်သစ်တပ်၊ အမေရိကန်တပ်၊ ယူကေတပ်ပေါင်းစုံ ၀င်လာပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အချက်အချာ ဒေသတွေကို လုကြရင်း ဖွတ်ဖွတ်ညက်ညက် ကြေသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ခဲ့ရင်လဲ ကိုးရီးယားလို proxy war ဖြစ်ပြီး၊ မြောက်မြန်မာနဲ့ တောင်မြန်မာ ကွဲထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Iraq Dilemma လို့ ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ အီရတ်ကို ၀င်လာသလို ၀င်လာပြီး ဒီမိုကရေစီရအောင် လုပ်ပေးတော့မယောင်ယောင် စိတ်ကူးယဉ်အိပ်မက်တွေကို အမြစ်ကလှန်ပြီး ဖယ်ရှားပစ်ဖို့ မလွဲမသွေ လိုအပ်လှပါတယ်။

အတိုက်အခံ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရတို့ဟာ coercive leverage နဲ့ normative leverage ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးမပြုပဲ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တောင်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ဦးဆောင်သော အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကနေတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာတောင် ၁၉၆၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sharpeville Massacre၊ မင်ဒဲလားဖွဲ့စည်းခဲ့တဲ့ military wing ဖြစ်တဲ့ Umkhonto we Sizwe (in Zulu means “Spear of the Nation”) ၊ ၁၉၇၆ ခုနှစ် The Soweto uprising၊ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Mass Democratic Movement (MDM) စတဲ့ coercive leverage တွေက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံဆွေးနွေးနေဆဲကာလမှာတောင် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ de Klerk တို့ဘက်က သဘောထား ပျော့ပျောင်းတဲ့ ရွေးချယ်မှုတွေကို ရွေးလာစေဖို့ တွန်းအားအနေနဲ့ လူထုတိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ပြီး coercive leverage ကို အသုံးပြုခဲ့ကြပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို မြေပေါ်ပါတီအဖြစ် ရပ်တည်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု၊ မြေအောက်ယူဂျီလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး၊ လူထုတိုက်ပွဲဖော်ဆောင်မှု စတဲ့ မိမိတို့အားသန်ရာ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီး လက်တွေ့ကျကျ ၀န်းရံကြဖို့ လိုအပ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍမျိုးစုံမှာ နှောင့်နှေးမှုတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေဆိုးတွေကို နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ကယ်တင်ရှင်ကသာ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ အမျိုးသားညီညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံးပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်တပ် အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီးတွေအထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲမှာ ကြိုးပမ်းမှု အဆင့်ဆင့်တွေ ကနေတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အုတ်မြစ်ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာအောင် ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ ဆိုတာက အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာ ဒီမိုကရေစီထွန်းကားရေးအတွက်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါ အရေးကြီးပါတယ်။

လူထုခေါင်းဆောင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ၀န်းရံပေးမှုမှာ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ ပေါ်ထွက်ရေး ကြိုးပမ်းမှုတွေအပြင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (transitional justice) ကို ဖော်ဆောင်နိုင်မှုအတွက် ကြိုတင်လေ့လာ ပြင်ဆင်ချက်တွေ၊ အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင် (National Unity and Reconciliation Commission) အဆင့်ဆင့် ဖွဲ့စည်းရာမှာ လိုအပ်မယ့် လူ့စွမ်းအား အရင်းအမြစ်အတွက် capacity building လုပ်ဆောင်ချက်တွေ၊ ပဋိပက္ခနှောင်းပိုင်းကာလ အခြေအနေ (post- conflict situations) မှာ ကြုံရနိုင်တဲ့ အခက်အခဲ စတာတွေကို ကြိုတင်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်တွေအကြားမှာ ပြုလုပ်တဲ့ Highly Inclusive Dialogue ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်တခုပဲ ဖြစ်ပြီး၊ ပဋိပက္ခတွေ ရဲ့ ဂယက်တွေကို ခါးစီးခံခဲ့ကြရတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အခန်းကဏ္ဍ၊ တက်ကြွလှုပ်ရှားသူများရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ ဥပဒေ၀န်ထမ်းများရဲ့ အခန်းကဏ္ဍ၊ ပညာရှင်များရဲ့ အခန်းကဏ္ဍ စပြီး လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတာကြောင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လူထုအကြားမှာ ပညာပေးဖြန့်ဖြူးမှုတွေ ကြိုတင်ပြုလုပ်ထားဖို့လဲ လိုအပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေ အားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာ ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။

ပထမအပိုင်းက ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး၊ ဒုတိယပိုင်းက လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာခြင်း ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ လူနဲ့တိရစ္ဆာန်ကို အသုံးပြုထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာခြင်း၊ မြို့ပြလူနေမှု အဆောက်အအုံကို ရွှေ့ပြောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုး စဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင်စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှု တိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ပဲ တိုင်းတာလို့ မရပဲ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုမှာ လူအများစုဟာ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းအားတွေ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိဖို့ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းပြီး လူသားတိုင်းမှာ တန်းတူညီမျှမှုရှိရပါမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုရာမှာလဲ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေလဲ တိုးတက်မြင့်မားပြီး အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေ ကင်းဝေးတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရပါမယ်။ ဒီလို ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး၊ လူသားများရဲ့ လိုအပ်ချက်အပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ထုစွမ်းအား တိုးတက်မြင့်မားရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတော်လုံခြုံရေး၊ စာပေ၊ ဂီတအနုပညာ၊ အမျိုးသမီးအရေး စတဲ့ ကဏ္ဍမျိုးစုံမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အများအပြားရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တနိုင်တပိုင် ကျွမ်းကျင်ရာ ဆောင်ရွက်ခြင်းအားဖြင့်လဲ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေး ဦးတည်ချက် တွေကို ၀န်းရံပေးရာ ရောက်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေလို့ လေ့လာတွေ့ရှိရတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ လက်တွေ့ကျကျ ကိုက်ညီတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဦးတည်ချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တူညီသော ဘုံလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊ မတူညီသော်လည်း လိုအပ်သော လမ်းစဉ်များဖြင့် အားဖြည့်ခြင်း၊ တိုင်းနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ အသိဥာဏ်ဗဟုသုတ ဖြန့်ဝေ ပညာပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် လူထုခေါင်းဆောင်အား ၀န်းရံကြပါစို့ဟု ရေးသား တိုက်တွန်းအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၁၂၊ ၂၀၁၀)

(မှတ်ချက်။ ။ ချိုလင်းပြာ စာစောင်အတွက် ရေးသားပေးပို့ထားသော စာမူဖြစ်ပါသည်။)

Posted by Khin Ma Ma Myo
Labels: နိုင်ငံရေးရာ

Charles Tilly's Framework နှင့် လူထုတိုက်ပွဲ

လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အချက်သုံးချက်ကို အာရုံစိုက်လေ့လာလေ့ ရှိကြပါတယ်။ ပထမအချက်က လူထုတိုက်ပွဲ ပေါ်ထွက်လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံအင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံများရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲ ဆင်နွှဲပုံ နည်းလမ်း စတာတွေဖြစ်ပါတယ်။ ဒုတိယ အချက်က တော်လှန်ရေးသန္ဓေတည်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လိုစုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေကနေ လူထုတိုက်ပွဲကြီးပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဒီလို လူအုပ်စုတွေ စုစည်းလာမှုကနေ လူထုတိုက်ပွဲကြီးတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး Charles Tilly's Framework ကို အသုံးပြု တင်ပြပါမယ်။



Charles Tilly's Framework မှာ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်။

(၁) အကျိုးစီးပွား (interests)

လူအများ စုပေါင်းပြီး အာဏာပိုင်တွေကို တော်လှန်ကြတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အကျိုးစီးပွားက ဘာတွေလဲဆိုတာကို သေချာဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖော်ထုတ်နိုင်မှသာ ဘုံအကျိုးစီးပွားကို ရှာဖွေပြီး ဘုံရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖော်ထုတ်တဲ့အခါမှာ ရေတိုအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွား နှစ်မျိုးစလုံးကို လေ့လာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ အုပ်စုလိုက်အကျိုးစီးပွားနဲ့ ခေါင်းဆောင်တွေရဲ့ တဦးချင်း အကျိုးစီးပွားတွေကို လေ့လာဖော်ထုတ်ပြီး အုပ်စုလိုက် အားပြိုင်မှုတွေ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းများနဲ့ ကိုယ်ကျိုးရှာမှုများကို လေ့လာဖို့ လိုပါတယ်။ သို့မှသာ ကွဲပြားခြားနားတဲ့ တဦးချင်း အကျိုးစီးပွား၊ အုပ်စုလိုက် အကျိုးစီးပွား၊ တော်လှန်ရေး အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေအကြားမှာ ဘုံအကျိုးစီးပွားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုံအကျိုးစီးပွားကို ရှာဖွေတွေ့ရှိလာတဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေအကြားမှာ စုစည်းမှု ရှိလာတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်းတွေ ပေါ်ထွက်လာပါတယ်။

(၂) တော်လှန်ရေးအဖွဲ့အစည်း (Revolutionary Organization)

တော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ ရေချိန် (degree of organization) ကို ကနဦးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းဟာ စုစည်းညီညွတ်မှုမရှိပဲ တစစီပြိုကွဲနေတဲ့ အဖွဲ့အစည်းလား၊ စနစ်တကျ ညီညွတ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလား ဆိုတာပေါ် မူတည်ပြီး တော်လှန်ရေးအပေါ်မှာ အကျိုးသက်ရောက်နိုင်မှုနဲ့ ထိရောက်နိုင်မှုတွေက ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြရာမှာ common identity ပေါ် မူတည်ပြီး အဖွဲ့အစည်း (ဥပမာ- ကျောင်းသားအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်းလေ့ရှိကြပါတယ်။

ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတွင်မကပဲ အဖွဲ့အစည်းအတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေအကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားလျော့နေတတ်ပါတယ်။


(၃) လှုပ်ရှားမှု (Mobilization)

အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတမျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာရှင်တွေရဲ့ မတရားဖိနှိပ်စော်ကားလာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်းလာပြီး၊ ခေါင်းဆောင်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှုက ကနဦးစတင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက်လာတာမျိုးပါ။

ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန်ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို top-down approach လို့ သတ်မှတ်ကြပါတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ပြီး လှုပ်ရှားမှုကို ခေါ်ဆောင်ရတာ ဖြစ်ပါတယ်။

တတိယတမျိုးကတော့ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှု (preparatory mobilization) ဖြစ်ပါတယ်။ ဒါကတော့ အာဏာပိုင်တို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ပြီး ရလာမယ့် တော်လှန်ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်အသုံးပြုနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မြေအောက်ယူဂျီ ကွန်ယက်တည်ဆောက်ရေး လှုပ်ရှားမှု၊ တပ်ပေါင်းစု ဖော်ဆောင်ရေး လှုပ်ရှားမှုတွေဟာ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။




(၄) တော်လှန်ရေးအခွင့်အလမ်း (opportunity)

တော်လှန်ရေးအခွင့်အလမ်း ပေါ်ထွက်မှုဟာ တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံတော်အကြားက ဆက်နွယ်မှုတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အုပ်စုတွေအကြားမှာ ဘုံအကျိုးစီးပွားတွေ ရှာဖွေတွေ့ရှိလာပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အခါ နိုင်ငံတော်မှာ ရွေးချယ်စရာ နည်းလမ်းလေးခုရှိပါတယ်။ ဖိနှိပ်မှု၊ အတိုင်းအတာ တခုအထိ လိုက်လျောဆက်ဆံမှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ နှိမ်နင်းမှုတွေ ဖြစ်ပါတယ်။

အစိုးရ အများစုကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုတွေကို စောင့်ကြည့်လေ့လာမှု လိုက်လျောဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေလုပ်လေ့ရှိပြီး၊ လှုပ်ရှားမှုဖြစ်လာတဲ့ အခါကျမှ နှိမ်နင်းမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလို နိုင်ငံတော်ရဲ့ တုန့်ပြန်မှုတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးအခွင့်ကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် အခွင့်ကောင်းတွေကို အချိန်အခါနဲ့အညီ မိမိရရ ဆုပ်ကိုင် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်တခုကတော့ အခွင့်အလမ်းကို အသုံးပြုခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ဆနိုင်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုခေါင်းဆောင်တွေဟာ မိုက်ရူးရဲ ထင်ရာစိုင်း လုပ်နေသူတွေ မဖြစ်ရပါဘူး။ အချိန်အခါ၊ အခြေအနေကို ရှုမြင်သုံးသပ်ပြီး လူထုရေချိန်၊ တော်လှန်ရေးရေချိန်၊ အဖွဲ့အစည်းရေချိန်ကို ဆန်းစစ်နိုင်သူများ ဖြစ်ရပါမယ်။

(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ

လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲမှာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ လူအများစုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါမယ်။ ဒီတိုက်ပွဲဟာ ဘာကို ဦးတည်တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်းလာအောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါတယ်။

နိဂုံး

လူထုတိုက်ပွဲဆင်နွှဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ စုစည်းလာမှု၊ တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ထွက်လာမှု၊ လှုပ်ရှားမှုများ စတင်လာမှုတွေကို လေ့လာသုံးသပ်ကြရာမှာ သုတေသန ပညာရှင် အများအပြားက Charles Tilly's Framework ကို အသုံးပြုလေ့ရှိကြပါတယ်။ လူထုတိုက်ပွဲမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်မှုတွေမှာလဲ Charles Tilly's Framework ကို အသုံးပြုပြီး လိုအပ်မယ့် လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အခွင့်အလမ်းတွေကို ဖော်ထုတ်ဖြည့်ဆည်း နိုင်တဲ့အတွက် ကမ္ဘာတ၀ှမ်းက တော်လှန်ရေးများမှာ အသုံးပြုနေကြပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၁၀)

ရည်ညွှန်းကိုးကား

Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and Sons
Olson, M. (1965) The Logic of Collective action, Cambridge, Harvard University Press
Tilly, C. (1978) From mobilization to Revolution, New York, McGraw Hill
Posted by Khin Ma Ma Myo
Labels: နိုင်ငံရေးရာ

Thursday, February 11, 2010

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ


ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားလိုင်းတွေသာ ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။
ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။

(ဧရာဝတီသတင်းဌာန)

Monday, February 8, 2010

ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၈/ ဖေဖော်ဝါရီ ၂၀၁၀



၂၀၀၆ မှာ အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယားက ကင်ဂျုံအီးအစိုးရနဲ့ ကြပ်ပြေးနအဖဟာ အသွင်တူကြတယ်။ အာဏာရှင်အစိုးရဖြစ်လို့ အတိုက်အခံမှန်သမျှကို အပြတ်ရှင်းပစ်တယ်။ ဆင်းရဲမွဲတေတဲ့ တိုင်းသူပြည်သားကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကို မရရအောင် အတင်းလုပ်တဲ့နေရာမှာလည်း အသွင်တူကြတယ်။ ငတ်သေတဲ့ မြောက်ကိုရီးယားနိုင်ငံသား (၃) သန်းလောက်ရှိနေပြီ။ လူဦးရေ (၂၂) သန်းမှာ (၆) သန်းဟာ နိုင်ငံခြားထောက်ပံ့တဲ့ ရိက္ခာကို မှီခိုနေရတယ်ဆိုပဲ။ ဆန်ပေါတဲ့ မြန်မာပြည်မှာ ငတ်သေတဲ့ သတင်းတော့ မကြားရသေးဘူး။ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်မှာခိုလှုံတဲ့ ကိုရီးယားတွေ အများကြီး ရှိပေမယ့် မြန်မာပြည်မှ ထွက်ပြေးသူက ပိုများတယ်။ လျှပ်စစ်ဓာတ်အားမရလို့ စက်ရုံတွေ မလည်ပတ်နိုင်သလို ဆေးရုံတွေမှာ ဆေးမရှိလို့ မကုပေးနိုင်တာလည်းတူတယ်။

မြန်မာပြည်သားတွေ ဆင်းရဲမွဲတေနေပေမယ့် နအဖစစ်အုပ်စုဟာ ပျဉ်းမနားကြပ်ပြေးမှာ မြို့တော်တည်ဆောက်ပြီး ရာသက်ပန် စည်းစိမ်ခံဖို့ နည်းမျိုးစုံကြိုးပမ်းနေတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ဟာ တရုတ်ရဲ့ အမှုသည်နိုင်ငံတွေပဲ။ အမှုသည် (၃) ဦးထဲမှာ (၂) ဦးဟာ အဏုမြူလက်နက်ပိုက်ရှင် ဖြစ်သွားပါပြီ။ စစ်အာဏာရှင်ကြီးစိုးတဲ့ ပါကစ္စတန်ဟာ အဏုမြူလက်နက်ရှိလို့ ကမ္ဘာမှာ သိက္ခာတက်လာပြီး အင်အားကြီးနိုင်ငံတွေက လေးစားလာတာလို့ ကင်ဂျုံအီးအုပ်စုက ယူဆပုံရတယ်။ အပယ်ခံဖြစ်နေတဲ့ မြန်မာစစ်အုပ်စုကလည်း မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ကို အားကျနိုင်တယ်။ စီးပွားပျက်နေတဲ့ မြောက်ကိုရီးယားဟာ အဏုမြူအတတ်ပညာကို ဈေးပေါပေါနဲ့ ရောင်းစားနိုင်တယ်။ ဒုံးပျံအတတ်ပညာ ရောင်းစားရာမှာ နာမည်ကြီးတဲ့ မြောက်ကိုရီးယားဟာ ရှိသမျှလက်နက်ပစ္စည်းကို ရောင်းစားဖို့ ၀န်လေးမှာမဟုတ်ပါ။ ရုရှ၊ တရုတ်နဲ့ ပုံစံတူတဲ့ မြောက်ကိုရီးယားလက်နက်ကို မြန်မာစစ်တပ်က သုံးနေတာကြာပါပြီ။

နောက်ပြီးတော့ (၁၀) မီဂါဝပ်ရှိတဲ့ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြပ်ပြေးအုပ်စုက ကြိုးပမ်းနေတယ်။ ဒီကိစ္စမှာ ရုရှအကူအညီသာမကဘဲ မြောက်ကိုရီးယားအကူအညီကိုလည်း ရယူနေတယ်လို့ သတင်းထွက်နေတာ ကြာပြီ။ (၁၀) မီဂါဝပ် ဓာတ်ပေါင်းဖိုဟာ အဏုမြူလက်နက် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ plutonium ကို ထုတ်လုပ်နိုင်တာမို့ ရေရှည်မှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတောအတွင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားစစ်ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၀၈ နိုဝင်ဘာ (၂၂) ရက်က (၂၉) ရက်အထိ ပြုံယမ်းမှာ လေ့လာခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းဓာတ်ပုံတွေ၊ ဂြိုဟ်တုက ရိုက်ထားတဲ့ မြေပုံတွေ ထွက်လာလို့ ကြပ်ပြေးအုပ်စုမှာ အဏုမြူပစ္စည်းရှိတယ်လို့ သင်္ကာမကင်းဖြစ်လာကြတယ်။ ကင်ဂျုံအီးအုပ်စုကို ဆရာတင်မလို့ ဟန်ပြင်နေတုန်း မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း၊ အဏုမြူပစ္စည်းတွေ အရောင်းအ၀ယ်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို လုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ၂၀၀၉ မှာ ချမှတ်လိုက်တော့ ကြပ်ပြေးအုပ်စု အခက်တွေ့သွားတာပေါ့။ ဒါကြောင့် လက်နက်ပစ္စည်းတင်ထားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မြန်မာပြည်ဘက် ဦးတည်သွားပြီးကာမှ အမေရိကန်ဖျက်သင်္ဘောက စောင့်ကြည့်နေလို့ မြောက်ကိုရီးယားကို ပြန်သွားရတယ်။

အခုတော့ မီဒီယာတွေမှာဖော်ပြတဲ့ ကြပ်ပြေးအဏုမြူသတင်းတွေဟာ မခိုင်လုံဘူးလို့ ၀ါရှင်တန်အခြေစိုက် သိပ္ပံနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံမှုလေ့လာရေးဌာန (ISIS-Institute of Science and International Security) ဇန်န၀ါရီ (၂၈) ရက်ထုတ် စာတမ်းမှာ ကျွမ်းကျင်သူ (၄) ဦးက ရေးသားဖော်ပြတယ်။ ဒါပေမယ့် ကြပ်ပြေးအုပ်စု ၀ယ်ယူနေတဲ့ အဆင့်မြင့် အတတ်ပညာသုံး ပစ္စည်းတွေကိုကြည့်ရင် သင်္ကာမကင်းဖြစ်တာ မဆန်းဘူးလို့ ဆိုတယ်။ အဏုမြူဓာတ်ပေါင်းဖို မတည်ဆောက်ရသေးဘူးလို့ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ (IAEA) ညီလာခံတက်တဲ့ ကြပ်ပြေးကိုယ်စားလှယ် ဦးတင်ဝင်းက ၂၀၀၉ စက်တင်ဘာက ပြောသွားတယ်။ အမေရိကန်ဆီးနိတ် လွှတ်တော်အမတ် Jim Webb ၂၀၀၉ သြဂုတ်လ မြန်မာပြည်သွားတုန်းကလည်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း မြန်မာစစ်အစိုးရက ပြောတယ်တဲ့။

ဒါပေမယ့် ကြပ်ပြေးအုပ်စုဟာ မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူနေတဲ့အတွက် ဒီအထဲမှာ အဏုမြူစွမ်းအား ထုတ်လုပ်မှုနဲ့ပတ်သက်နေတဲ့ပစ္စည်းများ ပါနေသလားဆိုပြီး သံသယဖြစ်ကြတယ်။ လုံခြုံရေးကောင်စီက မဆက်ဆံဖို့ ပိတ်ပင် ထားတဲ့ မြောက်ကိုရီးယား နမ်ချုံဂိုဏ်းကုမ္ပဏီ (Namchongang) နဲ့ ကြပ်ပြေးတွေ အဆက်အသွယ်ရှိနေတာဟာလည်း မသင်္ကာစရာပါပဲ။ ဆီးရီးယားရဲ့ အဏုမြူဓာတ်ပေါင်းဖို လျှို့ဝှက်တည်ဆောက်ရာမှာ နမ်ချုံဂိုဏ်းကုမ္ပဏီဟာ အဓိကအခန်းက ပါဝင်ခဲ့တာမို့ နေရာတကာမှာ လျှို့ဝှက်တတ်တဲ့ ကြပ်ပြေးအုပ်စုကို မသင်္ကာကြတာပါပဲ။

အဏုမြူလက်နက်ဆောင်ထားဖို့ မရည်ရွယ်ဘူးလို့ ပြောတဲ့ ကြပ်ပြေးအုပ်စုဟာ ခေတ်မီအဆင့်မြင့် သိပ္ပနဲ့ အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းတွေကို ၀ယ်ယူစုဆောင်းနေတာ တွေ့ရတယ်တဲ့။ ဒါပေမယ့် ကြပ်ပြေးအစိုးရဟာ တဦးတည်း အဏုမြူစီမံကိန်းကို အကောင်အထည် မဖော်နိုင်ပါဘူး။ လိုအပ်တဲ့ အဏုမြူအတတ်ပညာ၊ ပစ္စည်းကိရိယာနဲ့ အခြေခံအဆောက်အအုံအားလုံး နိုင်ငံခြားကို မှီခိုနေရပါတယ်။ ဒါကြောင့် အဆင့်မြင့်ပစ္စည်းတွေ ၀ယ်ယူတာဟာ မြောက်ကိုရီးယားအတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဥပမာ ဂျပန်အစိုးရခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ Magnetometer ကို ခွင့်ပြုချက်မယူဘဲ မြန်မာပြည်ကို တင်ပို့ဖို့ ကြိုးစားတဲ့ ဂျပန် (၂) ဦးနဲ့ မြောက်ကိုရီးယား (၁) ဦး ၂၀၀၉ ဇွန်လ ဂျပန်မှာ အဖမ်းခံရတယ်။ ဒီစက်ပစ္စည်းဟာ ရှေးဟောင်းသုတေသနလုပ်ငန်းနဲ့ ဘူမိရူပလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ဒုံးလက်နက် ပစ်ခတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ကြောင်း သိရတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံသားကို ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်နဲ့ ဒေါ်လာ (၆၇,၀၀၀) ဒဏ်ရိုက်တယ်။ အဏုမြူလက်နက်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ တင်ပို့ဖို့ ကြိုးပမ်းတာပဲလို့ တရားသူကြီးက စီရင်ချက်ချတယ်။

ဒီလိုအရပ်ဘက်ရော စစ်ဘက်ပါသုံးလို့ရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို မြန်မာအစိုးရ သိပ္ပံနဲ့ အတတ်ပညာဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာနတခုက ဂျာမဏီနဲ့ ဆွစ်ဇာလန်မှာ ၀ယ်ယူနေတယ်။ ဒီဌာနကို ခေါင်းဆောင်သူဟာ နအဖအဏုမြူ စွမ်းအင်ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ကိုကိုဦးဆိုသူဖြစ်တယ်။ ဒီဌာန (၂) ခုစလုံး ကြပ်ပြေးကို ပြောင်းသွားပြီ။ မြန်မာပြည်လို အဆင့်နိမ့်လွန်းတဲ့ နိုင်ငံတခုက အဆင့်မြင့်အတတ်ပညာသုံး အဖိုးတန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ၀ယ်ယူနေတာ ဘာသဘောလဲလို့ မေးစရာရှိလာတယ်။ ဒါကြောင့် ကင်ဂျုံအီးတို့လိုချင်တဲ့ အဆင့်မြင့်အတတ်ပညာ ပစ္စည်းတွေကို ကြပ်ပြေးအုပ်စုက ဥရောပမှာ ၀ယ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ သင်္ကာမကင်းဖြစ်လာကြတာပါပဲ။

ISIS လေ့လာရေးဌာနက ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်တဲ့အဆင့်ကို ရောက်နေပြီဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ဆိုတယ်။ ၀ယ်ယူထားတဲ့ ပစ္စည်းတွေဟာ အမျိုးမျိုးသုံးလို့ရတဲ့အတွက် အဏုမြူစီမံကိန်းအတွက်လား လျှို့ဝှက်ဒုံးလက်နက်စနစ်အတွက်လားဆိုတာ ကံသေကံမ မပြောနိုင်သေးဘူးလို့ ဆိုတယ်။ ကြပ်ပြေးသန်းရွှေက အဏုမြူဂျုံအီးကို ကူညီနေတာလား ဒါမှမဟုတ်လည်း ဂျုံအီးက သန်းရွှေကို ကူညီနေတာလား ဆိုတာကိုလည်း မသိနိုင်ဘူးလို့ဆိုတယ်။

ဒါကြောင့်မို့ တရုတ်ရော ရုရှပါ ထောက်ခံသဘောတူထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို ကျပ်ကျပ်တင်းတင်း အကောင်အထည်ဖော်တဲ့နည်းနဲ့သာ ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီးတို့ရဲ့ ဆက်ဆံရေးကို စောင့်ကြည့်ဖို့လိုအပ်ကြောင်း ၀ါရှင်တန်အခြေစိုက် ISIS လေ့လာရေးဌာနက အဏုမြူရေးရာ ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ နိဂုံးကမ္ပတ် အဆုံးသတ်ထားပါတယ်။

Saturday, January 30, 2010

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့





နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံ ချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်းအရှက် ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက် လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖ တို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေ ဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ ခံတွေတောင် ထိတ်လန့်သွားပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေ နဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူ ထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။

“လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့”

မူလ မင်္ဂလာဒုံ(ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ(ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီး အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါ ကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။

ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့

၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင် ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ် အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက် သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစား ထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။
အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေ ယာဉ်တွေ အများစုဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆို သလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေ ယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိ နေပါပြီ။

အမျိုးအစားအားဖြင့် ...

ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖတက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေး ခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ် များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ်အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံး ကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် .. စတာတွေအပြင် တရုတ်ဘက်က သင်တန်း ဆရာတွေပါ ကူညီပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘော တွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီ ကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တ ရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိ သမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေ ယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်း ကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်း လောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှား တွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြ ခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ် ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွား ပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေ ယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေ ယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ် တက် လေ့ကျင့်ပျံသန်းခွင့်ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအ တွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုး ပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံ ကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေး မပြေလည်တော့ ဆီခိုးရောင်းစား အကျင့် ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ် မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ် တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ် တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာပျံခိုင်းနေတဲ့ တပ် မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရ ပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင် စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။

ဝေလင်း
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ..)

Tuesday, January 19, 2010

တော်လှန်ရေးဆန်းစစ်ချက်နှင့် BARD O’NEILL’S FRAMEWORK





ခင်မမမျိုး
Monday, January 11, 2010

၂ဝ ရာစု ကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်း နေတဲ့ ရာစုနှစ်ကြီး တခုပါ။ ကမ္ဘာစစ်ကြီးတွေ၊ စစ်အေး တိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေ က နိုင်ငံတကာအဆင့်မှာ ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ် ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင် စနစ် အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်း လုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေး တွေကလဲ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ် ပွဲကြီးတွေထဲမှာ လူပေါင်းများစွာရဲ့ သွေးတွေ မြေမှာကျခဲ့ ရပါတယ်။ လူသားတွေရဲ့ အသက်တွေဟာလဲ ပန်းပွင့်တွေ ပမာ တဖြုတ်ဖြုတ်နဲ့ ကြွေကျခဲ့ရပါတယ်။ စစ်ပွဲတွေကြောင့် မြေမှာကျ ခဲ့တဲ့ သွေးစက်တွေသာ ပေါင်းစုသွားပြီး သမုဒ္ဒရာထဲကို စီးဝင်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာကြီးတွေဖြစ်တဲ့ ပစိ ဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီးတွေထဲက ပင်လယ်ရေတွေဟာ ရဲရဲများ နီနေလိမ့်လေမလားလို့ ဆိုရမလိုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာစစ်ကြီးတွေနဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကတော့ ယနေ့ခေတ် အခြေအနေနဲ့ အချိန်ကာလ တခုမှာ ခေတ္တငုပ်လျှိုးနေပါပြီ။ ငြိမ်းချမ်းရေးလေ့လာသူတွေက ကမ္ဘာစစ်ကြီးတွေနဲ့ စစ်အေးတိုက်ပွဲလို အားပြိုင်မှုကြီးတွေ ထပ်ပြီး မ ပေါ်ပေါက်လာအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖော်ထုတ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ရေးလေ့လာ သူတွေကတော့ ထွက်ပေါ်နေတဲ့ ခြေလှမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှုတွေကို အကဲခတ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလေ့လာသူတွေ၊ စစ်ရေးလေ့လာသူတွေ၊ ပဋ္ဋိပက္ခရေးရာ ကျွမ်းကျင်သူ ဆိုသူတွေကို ပကတိ အခြေအနေမှာ စိန်ခေါ်နေမှုတွေက ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲတွေ မဟုတ်ပါဘူး။ နိုင်ငံတော်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုး တက်မှုမရှိပဲ Failed state ဖြစ်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ အာဏာရှင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အင် အားကြီးနိုင်ငံတွေက ပါဝါဂိမ်းတွေ ဝင်ကစားကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်း ဝယ်မှု၊ လူကုန်ကူးမှုတွေစတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကလဲ ကြီးစိုးနေကြပါတယ်။ ရာဇဝတ် ဂိုဏ်းတွေကလဲ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်နေပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကလဲ တနေ့တခြား ဆိုးရွားလာနေကြတယ်။ နိုင်ငံကို စွန့်ခွာထွက် ရသူတွေ၊ နိုင်ငံကနေ ထွက်ပြေးရသူတွေ ပိုပြီး များလာပါတယ်။ အဖိနှိပ်ခံပြည်သူတွေထဲကနေ ဖိနှိပ်သူတွေကို တော်လှန်ဖို့ ပေါက်ဖွား လာတဲ့ တော်လှန်ရေးတွေကလဲ ပန်းတိုင်နဲ့ မနီးပဲ ကြန့်ကြာမှုတွေ ရှိနေကြတယ်။ ဒီမိုကရေစီ ကနဦးအသွင်ကူးမှု စပြီးမှ ဒီမိုကရေစီ စနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု အဆင့်ကို မကူးပြောင်းနိုင်ပဲ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံတွေကလဲ ရှိနေတယ်။ နောက်ပြန်ဆွဲသွားပြီး အာဏာရှင်စနစ် ပြန်ဖြစ်သွားတဲ့ နိုင်ငံတွေကလဲ ရှိပြန်တယ်။ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရမှုအပိုင်းမှာ မတူ ညီ ကွဲပြားမှုတွေကလဲ တစတစ ပိုကြီးထွားလာနေတယ်။

ကြန့်ကြာနေသော တော်လှန်ရေးများ
အခြေအနေ၊ အမျိုးမျိုးကြောင့် တော်လှန်ရေးကြန့်ကြာနေတဲ့ နိုင်ငံတွေမှာဆိုရင် တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုဟာ အာဏာ ရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ်တွေကို စက္ကန့်နဲ့အမျှ ခံစားနေကြရတယ်။ နံနက်မိုးလင်းတာနဲ့ စပြီးကြုံတွေ့ရတဲ့ ရေ၊ မီး ပြဿနာတွေ၊ ကူး သန်းသွားလာရေး ပြဿနာတွေ၊ ပညာရေး အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲ၊ ပေါင်နှံရောင်းချငွေတိုးပေးရတဲ့ အခက်အ ခဲတွေ၊ စာရိတ္တပျက်စီးမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောင်းကစားဝိုင်းတွေ၊ စတာတွေဟာ ဘဝအကျိုးပေးတွေကြောင့် မဟုတ်ပဲ အာဏာရှင်စနစ်ဆိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို လူထုကြီးတရပ်လုံး ခါးစည်းခံ နေကြရသလို တော်လှန်ရေးသမားတွေမှာလဲ အကျဉ်းထောင်တွေထဲမှာ ငရဲပြည်တမျှ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ခံစားနေကြရပြန်ပါ တယ်။

တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေရှိသလို၊ ဆယ်စုနှစ်ပေါင်းများစွာကြာမှ အောင်မြင်သွား တဲ့ တော်လှန်ရေးတွေ ရှိပါတယ်။ အောင်မြင်ဖို့ဆိုတာမှာ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ အားသာ ချက်၊ အဂါင်္ရပ်ပြည့်စုံမှု၊ ခေါင်းဆောင်မှုအရည်အချင်း စတာတွေပေါ်မှာ မူတည်တာ ဖြစ်တာကြောင့် မအောင်မြင်သေးခင်မှာ ခေါင်း ဆောင်မှု တခုတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရပါဘူး။ မဟာဗျူဟာ တခုတည်းကိုပဲ ပုံချပြီး အပြစ်ဆိုလို့ မရပါဘူး။ ကမ္ဘာ့နိုင်ငံ ရေး အခင်းအကျင်းတခုတည်းကိုပဲ လက်ကိုင်ထားပြီး တည်မှီ ဆုံးဖြတ်နေလို့လဲ မဖြစ်ပြန်ပါဘူး။ ဘက်ပေါင်းစုံ အားနည်းချက်တွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။

အားနည်းချက်တွေ ရှိတာဟာ အပြစ်ဆိုဖွယ်ရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဆန်းစစ်မှု မရှိတာနဲ့ လိုအပ်တဲ့ ပြင်ဆင်ဖြည့်ဆည်းမှု မရှိဘူးဆိုရင်တော့ ဒါဟာ အပြစ်ဆိုဖွယ်ရာပဲ ဖြစ်ပါတယ်။ သင်္ချာပုစ္ဆာတွေကို မှားပြီးတွက်ထားလို့ စာ မေးပွဲကျထားတဲ့ နှစ်ကျကျောင်းသားတယောက်ဟာ ဒီတွက်နည်းတွေကိုပဲ တခါပြန်တွက်နေပြီး၊ အသစ်တက်လာတဲ့ ကျောင်းသား တွေကိုလဲ ငါက ကျောင်းတနှစ် ပိုနေဖူးတာကြောင့် ငါတွက်တာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ တွက်နည်းအမှားတွေပဲ လမ်းညွှန်ပေးနေမယ် ဆိုရင် ဒီကျောင်းသားရဲ့ အနာဂတ်နဲ့ သူပြောတာ ယုံပြီး လိုက်တွက်မိတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်ပါမယ်။ အမှန်တကယ် နှစ်ကျကျောင်းသား လုပ်သင့်တာကတော့ အသစ်တက်လာတဲ့ ကျောင်းသားတွေကို “ညီလေးတို့၊ ညီမလေးတို့ရေ။ အစ်ကိုတော့ ဒီပုစ္ဆာတွေကို ဒီလိုမှားတွက်မိတယ်။ ဒါကြောင့် စာမေးပွဲကျတာ။ အစ်ကို့တို့ စုပြီး တွက်နည်းအမှန်ကို အဖြေထုတ်ကြည့် ရအောင်။ ဆရာမကို သွားမေးကြည့်ရအောင်” ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုပြီး၊ တောပြောတောင်ပြောနဲ့ တွက်နည်းအ မှားကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အနာဂတ်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။ စာသင်ခန်းရှေ့က ဆရာခုံမှာ ထိုင်နေတိုင်းလဲ ဆရာမဖြစ်ပါဘူး။ ကျောင်းသားတွေက ဆရာလို့ သတ်မှတ်မှ ဆရာဖြစ်ပါတယ်။ ခေါင်း ဆောင်လို့ ထိုင်အော်တိုင်းလဲ ခေါင်းဆောင်မဖြစ်ပါဘူး။ ခေါင်းဆောင်လို့ သတ်မှတ်သူရှိမှ ခေါင်းဆောင်ဖြစ်ပါတယ်။ ပွင့်လင်းမှုနဲ့ အခြေ အနေကို အမှန်အတိုင်း မြင်တတ်နိုင်မှုက ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အရေးကြီးဆုံး အရည်အချင်းတွေပါ။

ဒါကြောင့် တော်လှန်ရေးတခုမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ဘာလဲ၊ ကိုယ်ဘယ်လဲ၊ တော်လှန်ရေး အခြေအနေက ဘယ်အ ဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဆန်းစစ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းဖို့ လိုအပ်ပါတယ်။ ဘေးက ထိုင်ကြည့်နေသူတွေကလဲ ဘေးထိုင်ဘုပြောလုပ်နေတာထက် ဘယ်လိုအပ်ချက်မှာ ကိုယ်က ပါ ဝင်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးဆိုတာ လှေလှော်ပြိုင်ပွဲ ကျင်းပနေတာ မဟုတ်ပါဘူး။ နှစ်ဘက်အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ လေယာဉ် ကြီးတစင်း ပြန်ပေးဆွဲခံထားရတဲ့ အခြေအနေမျိုးပါ။ ပြန်ပေးသမားတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေကို ဝေဖန်ရင်း ကိုယ် ငုတ်တုတ်ထိုင်နေတာကပဲ သူတို့ကြောင့်လိုလို ပြောလိုက်၊ ပြန်ပေးသမားတွေကို ကြောက်ပြီး ပြုံးပြလိုက်၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး သီ ချင်းလေး နားထောင်လိုက် လုပ်နေလို့ မရပါဘူး။ ပြန်ပေးသမားတွေကို ပြန်ခုခံနေသူတွေမှာ အားနည်းချက်တွေ ရှိမှာလဲ အမှန်ပါပဲ။ ဘယ်လိုဖြည့် ဆည်းပေးမလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ပြန်ခုခံနေသူတွေကလဲ ပုံစံတမျိုးနဲ့ မရရင် အားနည်းချက်တွေကို ပြန်ဆန်း စစ်ဖို့ လိုပါမယ်။ သူများတွေ ဝေဖန်ထောက်ပြတဲ့အခါ ပြန်ဆန်းစစ်ပြီး မဟုတ်ရင် လျစ်လျူရှု၊ ဟုတ်နေရင်တော့ ပြင်သင့်ပါတယ်။ ဒါမှ လဲ တိုးတက်မှာပါ။ မျက်စိစုံမှိတ်၊ နားပိတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေလို့ မရပါ။

လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့အခါ ခုခံမယ်ဆိုရင် လေယာဉ်နောက်ပိုင်းမှာ ခုခံနေသူတွေ ရှိဖို့သလို လေယာဉ်မှူးခန်းထဲကို ဘယ်လို ရအောင် ဝင်ပြီး လေယာဉ်မောင်းတံကို ကိုယ့်လက်ထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ။ မြေပြင်နဲ့ ဆက်သွယ်မှုကို ဘယ်လိုပြန်ရ အောင်ယူပြီး လေယာဉ်ကြီးကို အထိအခိုက် အနည်းဆုံးနဲ့ မြေပေါ်ဆင်းနိုင်အောင် လုပ်မလဲဆိုတာတွေ ကြိုတင်တွက်ချက်ဖို့ လိုပါ တယ်။ ခုခံရေးပဲ ဦးစားပေးလုပ်တဲ့အခါ ထိန်းချုပ်ရေးက ကိုယ့်လက်ထဲမှာ မရှိတာကြောင့် နောက်ဆုံး လေယာဉ်ကြီး ပျက်ကျသွား တာမျိုးလဲ ရှိတတ်ပါတယ်။ ခုခံပြီး အရာမထင်တာတွေလဲ ရှိတတ်ပါတယ်။ ဘက်မျှဖို့ လိုပါတယ်။ ပြန်ပေးသမားတွေကို ဝိုင်းဖမ်းပြီး တ ရားစွဲတာတွေ ဘာတွေက ကြိုတွေးထားဖို့လိုပေမယ့် နောက်မှလုပ်ရမယ့် ကိစ္စတွေပါ။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်ကနေ ထိုင် ပြီး ဖုန်းလေးတဂွမ်ဂွမ်နဲ့ ပြန်ပေးသမားတွေကို တရားစွဲပေးနော်လို့ ထိုင်အော်နေလဲ ပြောရုံပဲ အဖတ်တင်မှာပါပဲ။ ကူပါ၊ ကယ်ပါဦး ပြော နေပြန်ရင်လဲ တိုက်လေယာဉ်တွေ ဘေးကဝန်းရံပြီး တက်လာပေးတာပဲ လုပ်လို့ ရမှာပါ။ ဘေးကနေတက်လာတဲ့ အခါမှာလဲ ဆက် သွယ်ရေးကိရိယာကနေတဆင့် ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှုတွေ၊ ဖိအားပေးမှုတွေပဲ လုပ်နိုင်မှာပါ။ ပြန်ပေးသမားတွေချည်းကိုပဲ သီး သန့်ပစ်ချလို့ ရသည်ကလဲ မဟုတ်၊ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ကြီးထဲ ဝင်လာလို့ကလဲ ရတာ မဟုတ်တာကြောင့် “ပြန်ပေးဆွဲခံ ထားရတဲ့ လူတွေကို သနားပါကြောင်း၊ ကိုယ်ချင်းစာပါကြောင်း” ပဲ ပြင်ပကနေ ပြောနိုင်မှာပါ။ ဒါကို ပြန်ပေးဆွဲခံထားရသူတွေထဲက ဖုန်းရှိတဲ့ လူတွေက “အဲဒီပြန်ပေးတွေလေ၊ ခုပဲ လူတယောက်ကို ရိုက်ပစ်လိုက်ပြန်ပြီ။ ခုပဲ ကိုယ်ဝန်ဆောင်ခရီးသည် မေ့လဲသွားပြီ။ ငါ တို့တွေမှာ စားစရာလဲ မရှိဘူးသိလား” လို့ ပြင်ပက လူကို ပြောလိုက်၊ ပြင်ပလူက “ဟုတ်လား။ ငါတို့ ကိုယ်ချင်းစာ သနားပါတယ်လို့ လေယာဉ်ပေါ်က လူတွေကို ပြောလိုက်ပါ” လို့ ပြန်ပြောတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားပြီး “ဟေ့။ ငါတို့ဘေးမှာပါလာတဲ့ ဟိုလေ ယာဉ်က လူကလေ ငါတို့ကို သနားတယ်လို့ ပြောခိုင်းလိုက်တယ်” ဆိုပြီး ပြန်အော်ပြောပေးလိုက်နဲ့ လုပ်နေကြလို့ မရပါ။

ဒီကြားထဲ တခြားဘာလုပ်ရမလဲဆိုတာတွေ မစဉ်းစားတော့ပဲ လေယာဉ်မှူးအခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ပိုက်လော့ကို အမြန် လွှတ်ပေးပါလို့ ပြန်ပေးသမားတွေကို ပြောသူကပြော၊ လေယာဉ်အပြင်က ဝန်းရံလိုက်လာပေးတဲ့ တိုက်လေယာဉ်တွေကို လေယာဉ် မှူးထုတ်လာပေးဖို့ ပြောပေးပါဆိုပြီး ဖုန်းတလုံးနဲ့ အော်နေသူကအော် ဖြစ်တတ်ပြန်ပါတယ်။ ဒီလေယာဉ်မှူးရှိနေရင် ပြန်ပေးဆွဲထား ရမှာ အခက်အခဲရှိလို့ ကြိုးတုပ်ပိတ်လှောင်ထားကာမှ လှောင်ထားသူကို လွှတ်ပေးပါလို့ အော်နေတာဟာ လက်တွေ့နဲ့ အပ်စပ်မှု ရှိမရှိ သိဖို့ လိုပါတယ်။

ဒီကြားထဲ “မင်းတို့လဲ ငါတို့နဲ့အတူတူ လေယာဉ်မောင်းရမှာပါကွာ” ဆိုပြီး ပြန်ပေးသမားတွေက လေယာဉ်မောင်းခန်းထဲ ဝင်လာဖို့ ကမ်းလှမ်းတာနဲ့ပဲ ဘယ်ရောက်လို့ ဘယ်ဆိုက်မယ်မှန်းမသိတဲ့ လေယာဉ်ကို ပြန်ပေးသမားတွေနဲ့ အတူမောင်းဖို့ ဖင်တကြွကြွ ဖြစ်နေ တတ်သူတွေကလဲ ရှိပါသေးတယ်။ ပြုသင့်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ လူတစုက ခုခံရေး လုပ်နေချိန်မှာ လူတစုက လေ ယာဉ်မှူးခန်းကို ပြန်စီးနင်းပြီး လေယာဉ်မောင်းတံကို လေယာဉ်မှူးလက်ထဲရောက်အောင် လုပ်ပေးဖို့၊ လိုအပ်တဲ့ ပြင်ပဆက်သွယ် မှုတွေနဲ့ လေယာဉ်မြေပြင်ဆင်းနိုင်ဖို့ အကူအညီတွေရယူဖို့ စတာတွေ ဖြစ်ပါတယ်။

လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကို ပကတိအတိုင်း သိနေပြီး လုပ်သင့်တဲ့အလုပ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ဖို့က တိုက်ပွဲ အောင်မြင်ရေးရဲ့ သော့ချက်ပါ။ ဒီလိုမဟုတ်ပဲ ဗျာများပြီး ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်နဲ့ လူအင်အား၊ ငွေအင်အားတွေကို ဖြန့်ကျဲသုံးနေ ရင် ဘာမှာမှ မထိရောက်ပဲ အချိန်တွေကြာလာတဲ့အခါ လေယာဉ်ဆီကုန်လို့ပဲဖြစ်ဖြစ်၊ ပြန်ပေးသမားတွေရဲ့ စိတ်ဖောက်ပြန်မှု ပိုဆိုး သွားလို့ပဲဖြစ်ဖြစ် လေယာဉ်ကြီးတခုလုံး ပျက်ကျသွားနိုင်ပါတယ်။ ပြင်ပမှာ ပါလာတဲ့ တိုက်လေယာဉ်မှူးတွေကလဲ လေယာဉ်ပေါ်က လူတွေက သနားလွန်းလို့ ဝင်ကယ်ဖို့ လုပ်နေသူတွေချည်းပါလို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှု တစုံတရာ ရ သွားပြီး၊ ဘယ်လိုအခြေအနေမျိုးတွေကို သဘောတူရင် လေယာဉ်ပေါ်က ခရီးသည်တွေကို လုပ်ချင်တာလုပ်လို့ ရတယ်။ သတ်ပစ်ချင် သူ သတ်ပစ်လိုက်လို့ရတယ်၊ မသိချင်ယောင် ဆောင်နေကြမယ်လို့ ဆိုသွားခဲ့ရင်ရော မခက်ပါဘူးလား။ ဒါတွေကို မတွက်ချက်ပဲ လေ ယာဉ်ပေါ်မှာ ပြန်ပေးဆွဲ ခံထားရသူတွေထဲက ဖုန်းရှိသူတွေဟာ ဖုန်းပြောရတာလေးတွေ၊ နှစ်သိမ့်ခံရတာလေးတွေ ခုံမင်ပြီး ဘာမှန်းမ သိတဲ့ ပြင်ပက မရေမရာ အခြေအနေပေါ်မှာ ပုံအပ်ထားကြတဲ့အခါ၊ လေယာဉ်တွင်းမှာ တကယ်ရှိနေသူတွေရဲ့ အင်အားကို မစုစည်း နိုင်ကြတော့တဲ့ အခါ၊ မရနိုင်တဲ့ တောင်းဆိုချက်တွေကို ထိုင်အော်တဲ့ အလုပ်ပဲ လုပ်နေကြတဲ့အခါ ကျရင် ဒီလေယာဉ်ကြီး ပျက်ကျဖို့ ရာခိုင်နှုန်း တော်တော်များနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး ဆန်းစစ်ချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းမှုဆိုတာတွေက အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင် ပါဝင်နေတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို ဆန်းစစ်မှုပြုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တခြားတော်လှန်ရေးတွေကို လေ့လာဆန်းစစ်ချက် ပြုတာမှာပဲဖြစ်ဖြစ် စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့ တော်လှန်ရေးစစ်ပွဲတွေကို လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပါတယ်။

တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ BARD O’NEILL’S FRAMEWORK ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုပါ။ တော်လှန်ရေးလုပ်နေသူတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတခုဖြစ် သလို၊ တော်လှန်ရေးကို နှိမ်နင်းသူတွေအတွက်ကလဲ ဒါကို သုံးပြီး တော်လှန်ရေး အားနည်းချက်ကို ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြ ပါတယ်။ တဘက်နဲ့ တဘက် ဂိမ်းကစားတဲ့အခါ တဘက်ရန်သူကို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ အဆိုးဆုံး အား နည်းချက်ပါပဲ။ သူ့ဗျူဟာအခင်းအကျင်း၊ ကိုယ့်ဗျုဟာအခင်းအကျင်းကို သိအောင်အရင်လုပ်ပြီး ကိုယ့်ဘက်က ဟာကွက်တွေကို သူက ဘယ်ဗျူဟာသုံးပြီး ဆန်းစစ်သွားနိုင်တယ်၊ ဘယ်ဗျူဟာသုံးပြီး ချေမှုန်းသွားနိုင်တယ် ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်က ဟာကွက်တွေကို ကြိုဖြည့်ထားနိုင်ပါတယ်။

BARD O’NEILL’S FRAMEWORK
ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကို နားလည်ဖို့ တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသဘောသဘာဝကို နားလည်ဖို့ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊ သုံးသပ်စဉ်းစားချက်၊ တော်လှန်ရေး ဗျူဟာတွေကို တိတိကျကျ သတ်မှတ်ဖော်ထုတ်ပြီး၊ နားလည်သိ ရှိနေဖို့ လိုပါတယ်။ အခုဖော်ပြမယ့် Framework ဟာ လေ့လာဆန်းစစ်သူတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာ ပိုင်းဆိုင်ရာတွေထဲက အားသားချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political Struggle တခုပါ။ တော်လှန် တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဝါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှု စတဲ့ နိုင်ငံရေး အရင်းအမြစ်တွေနဲ့ လက် နက်ကိုင်လှုပ်ရှားမှုတွေကို ပေါင်းစပ်အသုံးပြုပြီး၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာတွေကို ဖျက်ဆီးတာ၊ ရပ်ဆိုင်းတာ၊ ပြောင်းလဲ တာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရင်းအမြစ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပေါင်းစပ်အသုံးပြုမှုလို့ ဆိုထားပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာမှာ တောခိုပြီး ပုန်ကန်လှုပ်ရှားတာတွေအပြင် မြို့ပြပုန်ကန်မှုတွေလဲ ပါဝင်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ လက်နက်ကိုင်လှုပ်ရှားမှု မပါပဲ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှား မှုတွေကို လူထုတိုက်ပွဲပဲဖြစ်ရမယ်၊ လက်နက်ကိုင်လှုပ်ရှားမှုပဲ ဖြစ်ရမယ် စသဖြင့် ကန့်သတ်လို့တော့ မရပါဘူး။ တော်လှန်ရေး တခုမှာ ပန်းတိုင်က တိကျပြတ်သားရမယ်။ မဟာဗျူဟာက စနစ်တကျ ချမှတ်ရပါမယ်။ နည်းဗျူဟာပိုင်းကျတော့ အသုံးပြုလို့ ရနိုင်တဲ့ နည်း လမ်းမှန်သမျှကို အသုံးပြုနိုင်ရပါတယ်။ ဒီသဘောတရားကို သွေဖည်ပြီး ပန်းတိုင်ကျတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မသဲမကွဲ၊ မဟာဗျူဟာ ကျတော့ ရှေ့တိုးမရ၊ နောက်ဆုတ်ခက်၊ နည်းဗျူဟာကျတော့ ဒါမှဒါ လုပ်လို့ အောင်ပွဲနဲ့ ဝေးသွားခဲ့တဲ့ တော်လှန်ရေးတွေ အများအ ပြားပါပဲ။ ဘာနဲ့ တူလဲဆိုတော့ ဘယ်ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတာလဲ မရေမရာ၊ ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာ ကလဲ မတိမကျနဲ့ လှေလှော်ရင်တော့ တက်ကို ဘယ်ဘက်မှာ မထားရဘူး။ ညာဘက်မှာပဲ ထားရမယ်လို့ ကန့်သတ်နေတာနဲ့ အတူတူ ပါပဲ။

နိုင်ငံရေးမျက်နှာစာဆိုရာမှာ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ယန္တရားကို ဆိုလိုပါတယ်။ ဒီယန္တရားမှာ မျက်နှာစာ လေးခုရှိပါတယ်။ နိုင်ငံရေး အသိုင်းအဝိုင်း၊ နိုင်ငံရေးစနစ်၊ အာဏာရှင်တွေနဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ အစိုးရရေးရာ ဆုံးဖြတ်ချက် တွေကို နေ့စဉ်နဲ့အမျှ ချမှတ်အကောင်အထည် ဖော်ပေးနေရသူတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ထဲမှာ တန်ဖိုး၊ စည်းမျဉ်းဥပဒေနဲ့ အုပ် ချုပ်ရေးယန္တရား ဖွဲ့စည်းထားပုံတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ဆိုတာမှာ ထုံးတမ်းစဉ်လာ အော်တိုကရေစီစနစ် (traditional aut ocracy)၊ ခေတ်မှီအော်တိုကရေစီစနစ် (Modernizing autocracy)၊ အာဏာရှင် စနစ် (authoritarian) နဲ့ Pluralistic စနစ်တွေ ပါဝင် ပါတယ်။

ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ဟာ မွေးရာပါအခွင့်အလမ်းနဲ့ ဘာသာရေးယုံကြည်မှုပေါ် မူတည်ပြီး အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ခွင့် အခွင့်အလမ်းကို တန်ဖိုးထားပါတယ်။ ဥပမာ- ဘုရင့်သားက ဘုရင်ဖြစ်ခွင့် ရှိတာမျိုးတွေ၊ နိုင်ငံရေးမိသားစုကနေ မွေးဖွားလာပြီး နိုင်ငံရေးထဲ ရောက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကထဲမှာ အခွင့်အာဏာ ပိုရှိမှုတွေနဲ့ ဘာသာရေး ယုံကြည်ချက်အရ ဘာသာရေးခေါင်းဆောင်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လာတာ မျိုးတွေ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကတော့ ရေပေါ်ဆီဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။ ခေတ်မှီသော အော်တိုကရေစီ စနစ်မှာကျတော့ တန်ဖိုးထားမှုက နိုင်ငံတော်အာဏာကို တည်ဆောက်ရယူမှု ဖြစ်ပါတယ်။ အဲဒီမှာ မွေးရာပါ အခွင့်အလမ်း၊ ရေပေါ်ဆီ ဖြစ်မှုနဲ့ ဘာသာရေးခေါင်းဆောင်အနေအထားတွေကို အကြောင်းပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အများပြည်သူတွေ အစိုးရထဲမှာ မပါဝင်လာနိုင်အောင် ထိန်းချုပ်ရေးတွေ ပါဝင်ပါတယ်။ အာဏာရှင်စနစ်မှာကျတော့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေကို ထိန်းချုပ်နိုင်မှုကို တန်ဖိုးထားပါတယ်။ Pluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊ ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊ ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။

နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ အုပ်ချုပ်ရေးအာဏာကို အမိန့်ပေး ကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့ ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုကနေ အုပ်ချုပ် နေသူတွေဟာ “လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည်တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊ ပြည်သူလူထုကို ဖိနှိပ်နေ တယ်” ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့ ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီမူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့ ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသားအ ရောင်နဲ့ စီးပွားရေး ရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်းမရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထု တွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ စတင်ပေါက်ဖွားလာနိုင်ပါတယ်။

တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးပညာရှင် တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist,and pluralist သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။ Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေး စ နစ်သစ်ကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့ စစ် တပ်၊ ဘာသာရေး အသိုင်းအဝိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေ ထောက်ခံတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ပါတယ်။ plur alist တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ အပေးအယူရှိမှုတွေအပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ secessionists တွေကတော့ သူတို့နယ်မြေဒေသတွေကို တိုင်းပြည်ကနေ လုံးဝခွဲထွက်ပြီး သီးခြားနိုင်ငံတော်နဲ့ အစိုး ရတည်ထောင်ဖို့ ရည်ရွယ်ပါတယ်။ reformists ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေ ရရှိဖို့ပဲ မူ တည်ပါတယ်။ preservationist တွေကတော့ တော်လှန်ရေး လုပ်နေပေမယ့် လက်ရှိအခြေအနေနဲ့ နိုင်ငံရေးစနစ် ဆက်ပြီး တည်ရှိ နေမှုကိုပဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေကနေ အကျိုးအမြတ် ရနေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ ဒီလိုတော်လှန်ရေးအင်အားစု အမျိုးအစားတွေ တခု (သို့မဟုတ်) တခုထက် မက ပါဝင်နိုင်ပါတယ်။ အမျိုးအစား တွေ ကွဲပြားလေလေ၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ကွဲပြားလေလေ ဖြစ်ပါတယ်။ ညီညွတ်မှု တည်ဆောက်ရေးက အလွန်ခက်ခဲပါ တယ်။ ပန်းတိုင်တခုမှာ ညီညွတ်ရေးရဖို့ အချိန်ပေး တည်ဆောက်နေရတဲ့အတွက် တော်လှန်ရေးမှာ အင်အားတွေ စုစည်းပြီး အားမယူ နိုင်ပါဘူး။ အင်အားတွေ ဖြာထွက်နေတတ်ပါတယ်။ တော်လှန်ရေးမှာ အဲဒီလို အခြေအနေမျိုးတွေဖြစ်နေရင် အာဏာပိုင်တွေဘက်က မဟာဗျူဟာကျွမ်းကျင်သူတွေအတွက် အခွင့်အလမ်းပါပဲ။ အင်အားစုတွေကို စည်းရုံးသိမ်းသွင်းရန် လွယ်ကူသောအင်အားစု၊ အမြစ် ဖြတ် ချေမှုန်းရန် လိုအပ်သော အင်အားစု၊ ချေမှုန်းရန် မလိုအပ်ပဲ အလိုလို ပြိုကွဲသွားနိုင်သော အင်အားစု၊ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေသောကြောင့် ပွဲပြီးအောင် မတိုက်ပဲထားနေမည့် အာဏာတည်မြဲရေးကို တဘက်တလမ်းမှ ထောက်ကူပေးနိုင်သော အင်အားစု စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကို ဖြိုခွဲချပစ်လေ့ရှိပါတယ်။ လူထုနဲ့ တော်လှန်ရေး ကို ကွင်းဆက်ဖြတ်ပစ်လေ့ ရှိပါတယ်။ ဒါကြောင့် အမျိုးအစားသဏ္ဍာန်နဲ့ ရည်မှန်းချက် ပန်းတိုင် ကွဲပြားတဲ့ တော်လှန်ရေးအင်အားစု တွေအကြားမှာ တပ်ပေါင်းစု ညီညွတ်ရေးလုပ်ငန်း လုပ်တာဟာ ရေပေါ်မှာ အရုပ်ရေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တော်လှန်ရေး လမ်းကြောင်းကို ချပြပြီး ချိတ်ဆက်လှုပ်ရှားမှုကနေ တဆင့် ကျစ်လျစ်အောင် တည်ဆောက်မှုအပိုင်းပဲ အမြင့်ဆုံးလုပ်လို့ရနိုင်ပါတယ်။

ညီညွတ်ရေးပဲ အာရုံစိုက် လုပ်နေတဲ့ တော်လှန်ရေးတွေ မအောင်မြင်ပဲ ကြန့်ကြာတတ်ပါတယ်။ တဘက်က ညီညွတ်ရေးရဖို့ ခေါင်း ဆောင်တွေ ဆွေးနွေးငြင်းခုံနေကြတုန်းမှာ တော်လှန်ရေးတကယ် လုပ်ရမယ့် အချိန်အခါ၊ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံး သွားတတ်လို့ပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လှုပ်ရှားမှုကို အကောင်အထည်ဖော်တာက အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားမှု လုပ်နိုင်ပါ တယ်။ စစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့ လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊ ညီလာခံကြီးတွေနဲ့ ရယူ တာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို ဖယ်ရှားတိုက်ခိုက်တာ၊ အသွင်ပြောင်း ယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံ ရေးစစ်မျက်နှာမှာ နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊ တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်း ပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင် တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ဆိုပြီး လူ အင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိ ရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့် ပေးစနစ် ဖရိုဖရဲဖြစ်ရင် ဟန်ချက်ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ ဖြစ် တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့ အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများ ကြီးပါပဲ။

တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ်) ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အ ကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ ဖွင့်ပါတယ်။ ဒီလိုဖွင့်ကြပြီးတဲ့အခါမှာလဲ အောင်ပွဲရဖို့အတွက် ဘယ်လို မဟာဗျူဟာတွေ ချမှတ်မလဲ ဆိုတာက အရေးကြီးပါတယ်။ မဟာဗျူဟာ မဲ့နေတဲ့ တော်လှန်ရေးတခုဟာ တောင်ယိမ်းမြောက်ယိမ်း၊ ရှေ့ယိမ်း၊ နောက်ယိမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သလို ဖြစ်နေတတ်ပါတယ်။ မဟာဗျူဟာဆိုတာက လှုပ်ရှားမှုကို ကြိုးကိုင် ပေးနိုင်တဲ့ လမ်းညွန်ချက်တွေပဲ ဖြစ်ပါတယ်။ Dr. Bard O’Neill ရဲ့ Framework ထဲမှာ မဟာဗျူဟာ လေးမျိုးကို ဖော်ပြထားပါတယ်။ ပထမ မဟာဗျူဟာက conspiratorial strategy ဖြစ်ပါတယ်။ သေးငယ်၊ လျှို့ဝှက်ပြီး စည်းကမ်းနဲ့ စနစ်တကျရှိတဲ့ အုပ်စုငယ်လေး တခုကို အသုံးပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူတာဖြစ်ပါတယ်။ ပဋ္ဋိပက္ခဖြစ်မှု၊ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ နည်းပါးပါတယ်။ စစ်အာ ဏာရှင် နိုင်ငံတွေမှာ တပ်တွင်းအာဏာပြန်သိမ်းပြီးမှ အာဏာသိမ်းအစိုးရသစ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အကောင် အထည်ဖော်တတ်တာတွေ ရှိပါတယ်။ သွေးထွက်နည်းစေတဲ့ တော်လှန်ရေး မဟာဗျူဟာ တရပ်ပါ။

နောက်ထပ် မဟာဗျူဟာ တမျိုးကတော့ protracted popular war strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာက လူထုထောက်ခံမှုကနေ တော်လှန်ရေးစစ်ပွဲဆီကို ဦးတည်စေပါတယ်။ ဒီမဟာဗျူဟာမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ဖြစ်တဲ့ strategic defensive မှာ တော်လှန်ရေးသမားတွေဟာ လူထုထောက်ခံမှု ရယူခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ ရန်သူချေမှုန်းရေးစတင်ခြင်းနဲ့ လှုပ် ရှားမှု ခိုင်မာအောင် တည်ဆောက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ strategic stalemate ကတော့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲပြီး အစိုးရကို တော်လှန်တာ ဖြစ်ပါတယ်။ အောင်ပွဲတွေ၊ အဖွဲ့အစည်း တိုးချဲ့မှုတွေ၊ အခြေစိုက်စခန်း တည် ဆောက်မှုတွေ၊ လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်တာကြောင့် ကြာရှည်တည်ဆောက်ရတဲ့ အဆင့်တခုပါ။ အဲဒီကနေမှ strategic offensive အဆင့်ကို တက်ပါတယ်။ ဒီအဆင့်မှာ တော်လှန်ရေးအင်အားစုတွေက open war ဆင်နွှဲတာ ဖြစ်ပြီး နိုင်ငံရေး ဦးတည် ချက်ကတော့ အုပ်ချုပ်နေတဲ့ အစိုးရယန္တရားကို ဖြုတ်ချပြီး အစားထိုးတာဖြစ်ပါတယ်။ စစ်ရေးဦးတည်ချက်ကတော့ တဘက်ရန်သူရဲ့ စစ်တပ်တွေကို ချေမှုန်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို မော်စီတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆုံးသတ်အောင်ပွဲကို ရ ရှိခဲ့ပါတယ်။

နောက်ထပ် မဟာဗျူဟာ တခုကတော့ military-focus strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကတော့ စစ်ရေးအရ ချေမှုန်း တိုက်ပွဲဝင် နိုင်ရေးကိုပဲ ဦးစားပေးပါတယ်။ protracted popular war strategy နဲ့ မတူညီတဲ့အချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ အောင်ပွဲရရေးကိုပဲ ဦး တည်ဆောင်ရွက်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်တုန်းက Confederacy က ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မ ဟာဗျူဟာ တခုကတော့ urban-warfare strategy ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရ ယန္တရားကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေးသမားတွေဟာ ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ် အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊ အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။

အခုဆက်လက်ပြီး တော်လှန်ရေးအောင်ပွဲ သော့ချက်များကို တင်ပြပါမယ်

တော်လှန်ရေး အောင်ပွဲ၏ သော့ချက်များ
Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက် ခြောက်ချက်ကို ဖော်ပြထားပါတယ်။ လူ တယောက်ကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ကိုပဲဖြစ်ဖြစ်၊ တော်လှန်ရေးတခုကိုပဲဖြစ်ဖြစ် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းကို ဆန်းစစ်နိုင် မယ့် စံနှုန်းစံထားတွေ၊ တွက်ချက်တိုင်းတာမှုတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဆန်းစစ်လေ့လာလို့ ရပါတယ်။ အလုပ်လုပ်နေ တိုင်း ထိရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ထိရောက်နိုင်တဲ့ အလုပ်တွေကိုလုပ်မှ ထိရောက်တာ ဖြစ်ပါတယ်။ သင်ရိုးစာအုပ်တခုလုံးကို အာဂုံဆောင်ထားတဲ့ ကျောင်းသားတိုင်း စာမေးပွဲအောင်မယ်လို့ မဆိုနိုင်ပါဘူး။ စာမေးပွဲကို အောင်မြင်အောင် ဖြေတတ်မှ စာမေးပွဲ အောင်ပါမယ်။ အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးကို အလွတ်ကျက်နေသူတွေလဲ တွေ့ဖူးပါတယ်။ အကျိုးမရှိမဟုတ်ပါ။ တစုံတရာတော့ အကျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာကကျင်းပတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ဝင်ဖြေရင်တော့ မအောင်ဖို့က များပါတယ်။ အ ချိန်ကုန်၊ လူပမ်းရုံပဲ ရှိမှာပါ။ တကယ်အရေးကြီးတဲ့ အခြေအနေနဲ့ အချိန်အခါတခုမှာ ဘာကိုလုပ်သင့်သလဲ၊ ဘာကိုဦးစားပေးသင့် သ လဲဆိုတာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်လှပါတယ်။ ကိုယ်လုပ်နေတာတွေ ထိရောက်မှုရှိမရှိ သိနိုင်ဖို့ ပြန်လည်ဆန်းစစ်ချက် လိုအပ်ပါ တယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတဝှမ်းများ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာဆန်းစစ်ပြီး အ နှစ်သာရတွေကို ပြန်လည်စုစည်း ပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ ထိရောက် မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု
တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရ မယ့် အချက်က လူထုထောက်ခံမှုကို ဘယ်လိုရအောင်ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင်အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင် အားစု၊ သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။ လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစား တွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့် နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု အမျိုးအစားမှာ တိုက်ရိုက်ထောက်ခံမှုနဲ့ သွယ်ဝိုက်ထောက်ခံမှုဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက် ထောက်ခံသူတွေက တော်လှန်ရေးအတွက်ဆိုရင် အသက်တွေ၊ ဘဝတွေနဲ့ ရင်းပြီး စွန့်စားဖို့အထိ အဆင်သင့် ရှိနေသူတွေဖြစ်ပါ တယ်။ သူတို့တွေဟာ တော်လှန်ရေးအတွက် လိုအပ်မယ့် ထောက်လှမ်းရေးသတင်း အချက်အလက်တွေ၊ တော်လှန်ရေးသမားတွေ ပုန်းခိုနိုင်ဖို့ ဝပ်ကျင်းတွေ၊ ထောက်ပံ့ကြေးတွေ၊ မြေအောက်လှုပ်ရှားမှု နေရာထိုင်ခင်းတွေကို ပံ့ပိုးပေးတတ်ပါတယ်။ တခါတရံမှာ တော် လှန်ရေးသမားအချင်းချင်း ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် ဆက်သားတာဝန်တွေကို ထမ်းဆောင်ပေးတတ်ပါတယ်။ သွယ်ဝိုက် ထောက်ခံသူတွေကတော့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေ၊ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ကိုယ်ချင်းစာနာပြီး တော်လှန်ရေးကို စိတ်ထဲက ထောက်ခံနေသူတွေဖြစ်ပါတယ်။ သူတို့တတွေဟာ တော်လှန်ရေးကို တိုက်ရိုက်ပံ့ပိုးမှု မရှိပေမယ့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တတ်နိုင်သမျှ ငြင်းဆန်လေ့ရှိပါတယ်။

ဒီလိုတိုက်ရိုက်ထောက်ခံသူတွေနဲ့ သွယ်ဝိုက်ထောက်ခံသူတွေ တော်လှန်ရေးနဲ့အတူ ရှိနေတာဟာ အာဏာပိုင်တွေရဲ့ တော်လှန်ရေး ဖြိုခွင်းမှုတွေကို ထိရောက်မှုမရှိအောင် တားဆီးနိုင်ပါတယ်။ တော်လှန်ရေးတရပ်မှာ တိုက်ရိုက်ထောက်ခံမှုကော၊ သွယ်ဝိုက်ထောက်ခံ မှုပါ အရေးကြီးတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုက်ရိုက်ထောက်ခံမှုမရှိသေးပဲ သွယ်ဝိုက်ထောက်ခံနေသူတွေကို တော်လှန်ရေးသမားတွေက မစော်ကားမိစေဖို့ အထူးသတိထားရပါလိမ့်မယ်။ လူထုထောက်ခံမှုဆိုတာ စည်းရုံးရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရယူရတာ ဖြစ်ပါတယ်။ အတင်းအကြပ်ထောက်ခံမှု ယူလို့ရတာမျိုး မဟုတ် ပါ။ လူထုရဲ့ တိုက်ရိုက်ထောက်ခံမှု၊ သွယ်ဝိုက်ထောက်ခံမှုတွေ ရရှိဖို့နဲ့ တော်လှန်ရေးသမားအဖြစ် တက်တက်ကြွကြွ ပါဝင်လာဖို့အ တွက် လူ့အဖွဲ့အစည်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ အမြင်သဘောထားတွေ၊ စိတ်ခံစားမှုတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ဘဝအမြင်တွေ၊ ရည်မှန်း ချက်တွေကို လေ့လာဖို့လဲ လိုအပ်ပါတယ်။

တော်လှန်ရေးမှာ ပညာရှင်တွေနဲ့ အများပြည်သူတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးတဲ့ အချက်တွေဖြစ်တာမို့ တော်လှန်ရေး အတွက် စည်းရုံးမှုမှာ intelligentsia နဲ့ masses ဆိုပြီး နှစ်ပိုင်းခွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ တော်လှန်ရေးသမားတွေဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရယန္တရားအတွင်းက အလယ်အလတ် ရာထူးအဆင့်ရှိသူတွေကို intelligentsia အခန်းကဏ္ဍအနေနဲ့ စည်းရုံးလေ့ရှိကြပါတယ်။ သူတို့တတွေဟာ တော်လှန်ရေး ခေါင်းဆောင်တွေကို မဟာဗျူဟာ အ မြင်၊ အဖွဲ့အစည်းရေးရာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ် တကျ စည်းရုံးသိမ်းသွင်းမှု လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ တော်လှန်ရေးသမား တွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက် လှုပ်ရှားဖို့ လိုအပ်ပါတယ်။ လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေးသမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ နည်းလမ်း အမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။

Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊ လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထု ထဲမှာသာ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့ လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်နိုင်ရမယ်။ ဒီလိုမဟုတ် ရင် ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်ပါလိမ့်မယ်။ နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါ တယ်။ ဒီနည်းလမ်းက ပညာတတ် လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရား တွေနဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့ လိုအပ်ပါတယ်။

Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘဝအခြေအနေတွေကို မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာတွေကို အာရုံစိုက်ရပါမယ်။ intelligentsia စည်းရုံးမှုမှာတော့ အလုပ်အ ကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင်တွေရဲ့ ပညာတတ်တွေကို တန်ဖိုးမထားမှု၊ အသိအမှတ်မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြ ရပါမယ်။

စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင် တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ် နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကို လူထုကြီးကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ပထမနည်းလမ်းကတော့ အာဏာပိုင်တွေရဲ့ တော်လှန်ရေးအပေါ် ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ နောက်ဆုံးနည်း လမ်းဖြစ်တဲ့ demonstration of potency ကတော့ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေဆီမှာ တိုင်းပြည် အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းနဲ့ အလားအလာရှိတယ်လို့ လူထုက မယုံကြည်ရင် လက်ရှိနိုင်ငံရေးစနစ်ကို မကျေ နပ်ပေမယ့် တော်လှန်ရေးအပေါ်မှာ စိတ်ရောကိုယ်ပါ ထောက်ခံမှု မလုပ်ကြပါဘူး။ တော်လှန်ရေးသမားတွေဘက်က ဒီလိုအရည်အ ချင်းနဲ့ အလားအလာကို လူထုကို ပြနိုင်ဖို့ လိုပါတယ်။

(၂) ပတ်ဝန်းကျင်အနေအထား
တော်လှန်ရေးအောင်မြင်မှုရဲ့ ဒုတိယ သော့ချက်ကတော့ တော်လှန်ရေးလှုပ်ရှားမှု အခြေတည်နေတဲ့ ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာ physical aspect နဲ့ human dimension ဆိုပြီး နှစ်မျိုးရှိပါတယ်။ physical aspect အနေနဲ့ နယ်မြေအနေအ ထား၊ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် တွေ ပါဝင်ပြီး၊ human dimension ကတော့ လူဦးရေ၊ လူမှုအဆောက်အအုံ၊ စီးပွားရေး၊ နိုင်ငံရေးယဉ်ကျေးမှု စတာတွေ ပါဝင်ပါတယ်။

လူမှုအဆောက်အအုံဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်စုဖွဲ့မှုနဲ့ အလျားလိုက် စုဖွဲ့မှု သဏ္ဍာန်နှစ်မျိုး ရှိပါတယ်။ ဒေါင်လိုက်အနေနဲ့မှာ လူမျိုးစုနဲ့ ဘာသာရေးကွဲပြားမှုတွေ ရှိပြီး၊ အလျားလိုက် စုဖွဲ့မှုမှာ လူတန်းစားအလွှာ အမျိုးမျိုး ကွဲပြားမှုတွေ ပါဝင်ပါတယ်။ ဒီလိုကွဲပြားမှုတွေနဲ့ Societal cleavages တွေဟာ တော်လှန်ရေးတွေ ထွက်ပေါ်လာရခြင်းရဲ့ ပင်မအကြောင်းတရားတွေပါ။ ဝါဒဖြန့်ချိရေးနဲ့ အိုင်ဒီယော်လော်ဂျီတွေ လူ့အဖွဲ့အစည်းအတွင်းမှာ စတင်တဲ့အခါ ဒီလိုကွဲပြားမှုတွေကို တခုချင်း အာရုံစိုက်ပြီး သီးခြားဝါဒဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အုပ်စုခွဲပြီး ဝါဒဖြန့်ချိရေး မလုပ်ပဲ အားလုံးကို ခြုံငုံလုပ်လို့ မရပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုန့်ပြန်မှုတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

အီသီးယိုးပီးယားမှာ လူတွေငတ်သေတာ ကြားရရင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ထဲမှာ သနားသလို ခံစားရပေမယ့် အကူအညီပေးဖို့ စိတ်ဝင်စားချင်မှ ဝင်စားပါမယ်။ ဒါပေမယ့် မြန်မာကလေးလေးတယောက် တောင်းစားနေတဲ့ ဓာတ်ပုံတပုံကြောင့် ရင်ထဲမှာ ဆို့နင့်ပြီး တော်လှန်ရေးသမား ဖြစ်လာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ဝါဒဖြန့်ချိရေးယန္တရား အောင်မြင်မှာ ဖြစ်ပါတယ်။ ဝါဒ ဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။ ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ မလွဲမသွေ နှောင့်နှေးကြန့်ကြာမှာ အမှန်ပါပဲ။ Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ပဲ တော်လှန်ရေးသ မားတွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ စွပ်ပြီးပြောနေ၊ သတင်းအချက်အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။ အိုင်တီ နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေနဲ့ လူထုကြီးကို သတင်းတွေပေးဖို့ အလွန်အားသန်ကြပါတယ်။

ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာရယ်၊ သတင်းစကားကို လက်ခံရရှိ သူ တွေဆီက active support, passive support ဘယ်လောက်ထိ ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ဝါဒဖြန့်ချိရေးနဲ့ သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေအကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့ အားနည်း ချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human Dimension ဖြစ်တဲ့ လူမှုအဆောက်အအုံကို ထည့်သွင်း မစဉ်းစားရင် တော်လှန်ရေး နှောင့်နှေးပါလိမ့်မယ်။

(၃) အဖွဲ့အစည်း
တော်လှန်ရေးအောင်မြင်မှုရဲ့ တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ မှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့ Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့ နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊ တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ် သက်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့ အလုပ်လုပ်လို့ရတာ မဟုတ်ပါ။ ရှိတဲ့ လူကို ဘယ်ကဏ္ဍတွေမှာ ဘာလုပ်ငန်းဆောင်တာတွေအတွက် ဘယ်လိုတာဝန်တွေပေးမှာလဲ ဆိုတာက အဓိက ကျပါတယ်။ တိုက်ခိုက်ရေး တာဝန်၊ မြို့ပြပြောက်ကျားတာဝန်၊ ဆက်သားတာဝန်၊ သယ်ယူပို့ဆောင်ရေးတာဝန်၊ ထောက်ပံ့ရေးတာဝန်၊ သတင်းရယူစုဆောင်းရေး တာဝန်၊ ပြန်ကြားရေးတာဝန်၊ ဝါဒဖြန့်ချိရေးတာဝန်၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုတာဝန်၊ မဟာဗျူဟာနဲ့ စီမံကိန်းရေးဆွဲရေး တာဝန်၊ ဘဏ္ဍာရေး တာဝန်၊ တည်ဆောက်စည်းရုံးရေး တာဝန်၊ နိုင်ငံခြားဆက်ဆံရေး တာဝန်တွေမှာ ဘယ်လိုတာဝန်မှာ ဘယ်သူတွေနဲ့ သင့်တော်လဲဆိုတာ ခွဲခြားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။

ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ အ ရည်အချင်းကို သူဦးဆောင်နေတဲ့ အဖွဲ့အစည်းမှာ ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ထားပြီး၊ ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်ခေါင်းဆောင်နေတယ်ဆိုတာ အကဲဖြတ်လေ့လာကြည့်နိုင်ပါတယ်။ မဟာဗျူဟာ အခင်းအကျင်းနဲ့ ခေါင်းဆောင်မှုမလုပ်ရင် အောင်မြင်မှုအတွက် အားနည်းချက်တွေ ရှိပါတယ်။ urban-warfare strategy နဲ့ conspiratorial strategy ကို အကောင်အထည် ဖော်နေတဲ့ ခေါင်းဆောင်တွေအတွက် Organizational complexity က နည်းနိုင်သမျှ နည်းရပါမယ်။ သေးငယ်ပြီး လျှို့ဝှက်တဲ့ အစုအ ဖွဲ့လေးတွေကို ဖြန့်ကျဲဖွဲ့စည်းပေးရတဲ့အတွက်ပါ။ Protracted popular နဲ့ military-focus strategies တွေကို အကောင်အထည်ဖော် နေတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကတော့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအရ Organization structure ကို ရှင်းရှင်းလင်း လင်း အကောင်အထည် ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ မဟာဗျူဟာမျိုးစုံကို ကိုင်စွဲနေတဲ့ ခေါင်းဆောင်တွေဟာ အားလုံးမရော ယှက်ပစ် မိစေဖို့ သတိထားရပါမယ်။

ဥပမာ- Protracted popular strategy ကို ကိုင်စွဲမှုမှာ ပြည်သူ့ဆက်ဆံရေးယန္တရားတွေ အသုံးပြုရပါတယ်။ နည်းပညာတွေ တိုးတက် လာတော့ မီဒီယာတွေကို အသုံးပြုရပါတယ်။ အဲဒီလို အသုံးပြုမှုဟာ ကိုယ့်အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်နေတဲ့ urban-warfare strategy နဲ့ conspiratorial strategy အရ ဖော်ဆောင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတားတွေ မဖြစ်စေဖို့ လိုအပ်ပါတယ်။ မီဒီယာနဲ့ မြေအောက်လှုပ်ရှားမှုကို ရောစပ်လို့ မရပါ။ ပေါင်းစပ်လိုက်တာနဲ့ သတင်းလုံခြုံရေး ထိခိုက်ပါတယ်။ မလို လားအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ထွက်လာတတ်ပါတယ်။ လူအများက စိတ်ဓာတ်တက်ကြွ ထောက်ခံပြီး တော်လှန်ရေးထဲ ပါဝင် လာဖို့အတွက် သတင်းတခုကို ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ တခြားမ ဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့် ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကိုကျော်ပြီး ခေါင်းဆောင်မှုရှိတဲ့ တော်လှန် ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ အားနည်းတတ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှုရှိနေတဲ့ အခါမှာတော့ တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်ရပါတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုလို့ ဆိုထားပါတယ်။ တော်လှန် ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခုပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ် ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက်အခြေပြု ညီညွတ်ရေးလှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက် ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့် ရင်း ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ တည်ဆောက်ထားတဲ့ frame work ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ခေါင်မိုးရောင်စုံတွေပဲ ရှိရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်တာကတော့ အသေအချာပါပဲ။ ကွင်း လယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီးတလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာ တွေမှာ အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊ ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ အစိုးရယန္တရားအတွင်းကို ထိုးဖောက်ဝင် ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသ လို စည်းရုံးသိမ်းသွင်းပြီး သူ့လူ ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင် တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာက အရေးကြီးပါသေးတယ်။ တော်လှန်ရေးဆိုတာ “နင်က ငါ့ကို ဖွက်ပြီး လုပ်နေတယ်ပေါ့လေ။ ဘယ်ရမလဲ။ နင်လုပ်တာ ငါ သိတယ်။ ငါဘယ်လောက်ထိ သိထားလဲ ပြောရမလား” ဆိုပြီး ရန်ဖြစ်နေကြတဲ့ လေးတန်းကျောင်းသား ကစားပွဲ မဟုတ်ပါဘူး။ သ တင်းအချက်အလက်ဆိုတာမှာ ပြည်သူကို ထုတ်ပြန်ပေးရမယ့် သတင်းအချက်အလက်၊ မဟာဗျူဟာ ဆုံ့းဖတ်ချက်အတွက် အရေး ပါတဲ့ သတင်းအချက်အလက်၊ လှုပ်ရှားမှု အကောင်အထည်ဖော်ရေး စီမံချက်တွေမှာ ထည့်သွင်းရေးဆွဲရမယ့် သတင်းအချက်အ လက်ဆိုပြီး သီးခြားရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ Strategic Intelligence Process နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိပဲ ထင်ရာမြင်ရာ လုပ်နေကြရင် ရန်သူအင်အားစုတွေအကြားမှာ ရေရှည်မြှုပ်နှံထားတဲ့ ကိုယ့်လူတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိ ခိုက်မှုတွေများလာရင် တော်လှန်ရေးနဲ့ ပူးပေါင်းချင်တဲ့ ရန်သူ့ လူတွေက ယုံကြည်စိတ်ချမှု မရှိတော့ပဲ ရှောင်ဖယ်မှုတွေ လုပ်သွား တတ်ပါတယ်။ သတင်းအချက်အလက်ကို မဟာဗျူဟာ သတင်းအချက်အလက်၊ နည်းဗျူဟာ သတင်းအချက်နဲ့ မီဒီယာသတင်း အ ချက်အလက် ဆိုပြီး ခွဲခြားနိုင်ဖို့က သတင်းနဲ့ နည်းပညာခေတ်မှာ အရေးကြီးဆုံး ပညာတရပ်ပါ။

သတင်းအချက်အလက် တင်ပြမှုမှာ Source Reliability နဲ့ Data Validity နှစ်ချက်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ Intelligence Process မှာ
A. Reliable
B. Usually Reliable
C. Fairly Reliable
D. Not Usually Reliable
E. Unreliable
F. Cannot be Judged
ဆိုတဲ့ သင်္ကေတ အကောင်အထည်ဖော်မှု သဏ္ဍာန်တွေနဲ့ Source Reliabilityကို သုံးလေ့ရှိပါတယ်။

Data Validity ကိုတော့
1.Confirmed
2.Probably True
3.Possibly True
4.Doubtfully True
5.Improbable
6.Cannot be Judged
ဆိုတဲ့ သင်္ကေတတွေနဲ့ သတင်းတင်ပြမှု လုပ်လေ့ရှိကြပါတယ်။

သတင်းတင်ပြမှုမှာ
(၁) သတင်းအမှတ်စဉ်
(၂) Source
(၃) သုံးသပ်ချက်
(၄) အကြောင်းအရာ
(၅)ဖော်ပြချက်ပြီးဆုံး

ဆိုတဲ့ အချက်အလက်ပုံစံနဲ့ သတင်းပေးမှု၊ သတင်းတင်ပြမှုတွေ လုပ်ကြရပါတယ်။ ဒီတော့ သတင်းကို လက်ခံရရှိသူတယောက်ဟာ သတင်းသုံးသပ်ချက်မှာ 1 (2) ဆိုတဲ့ စာကြောင်းလေးတခုကို တွေ့တာနဲ့ ဒီသတင်းကို ရရှိတဲ့ source က ယုံကြည်စိတ်ချရတယ်၊ သ တင်းအချက်အလက်ကတော့ မှန်ကန်နိုင်ချေများတယ်ဆိုတာ ချက်ချင်းသိသွားမှာ ဖြစ်ပါတယ်။ ဘယ်က ဘယ်လိုရတယ်၊ ဘယ်သူက ပြောတယ်၊ ဘယ်လိုအခြေအနေမှာ ပြောတယ် ဆိုတာတွေကို critical information တွေအတွက် အသုံးမပြုသင့်ပါဘူး။ သတင်းနဲ့ ပတ်သက်တဲ့ မူဝါဒကို စနစ်တကျမချရင် ရန်သူယန္တရားမှာ ကိုယ်မြှုပ်နှံထားသူတွေကို ကိုယ်ကပြန်ပြီး ဖော်ကောင်လုပ်ပေးသလို ဖြစ် တတ်ပါတယ်။ ရန်သူယန္တရားထဲက တော်လှန်ရေးကို ပူးပေါင်းလိုသူတွေက တော်လှန်ရေးသမားတွေအပေါ် ယုံကြည်စိတ်ချမှု မရှိပဲ ဖြစ်တတ်ပါတယ်။ သိတာကို သိတယ်လို့ ထားပြီး မိနစ် မဆိုင်းခင် မေ့သွားမယ့် အခြေအနေတခုအတွက် ပေးဆပ်ရမယ့် နောက် ဆက်တွဲတန်ဖိုးတွေကို မထုတ်ပြန်ခင်မှာ သတိထားဖို့ လိုအပ်လှပါတယ်။

(၄) ကွင်းဆက်မပြတ်မှု
တော်လှန်ရေးရဲ့ စတုတ္တအချက်ကတော့ ကွင်းဆက်မပြတ်မှုပါ။ လူထုနဲ့ ခေါင်းဆောင်အကြား၊ တော်လှန်ရေးဦးဆောင်မှုနဲ့ လှုပ်ရှားမှု အဖွဲ့တွေအကြား၊ လူထုနဲ့ တော်လှန်ရေးအကြားမှာ ကွင်းဆက်ပြတ်ရင် တော်လှန်ရေး ခါးဆက် ပြတ်ပါလိမ့်မယ်။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားလိုင်းတွေ ပူးတာဟာ တပ်ပေါင်းစု ချိတ်ဆက်လှုပ်ရှားမှုမှာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။

မြေအောက်လှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်တဲ့အခါ ကိုယ်နဲ့ လှုပ်ရှားနေသူထဲက နောက်ထပ်မျိုးဆက်တခုကို သိထားရပါ တယ်။ တိုက်ရိုက်ချိတ်ဆက်သူ အဖမ်းခံရရင်၊ ပျောက်ဆုံးသွားရင် ချက်ချင်းအကြောင်းကြားပြီး လိုအပ်တာတွေ ဆက်ပြီး လုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကြားကကွင်းဆက်တွေ ပြတ်သွားတဲ့အခါ ကွန်ယက်တွေ ပျက်ကုန်ပါတယ်။ လှုပ်ရှားနေသူတွေကိုလဲ ကိုယ်နဲ့ ဆက် သွယ်လို့ မရတော့တဲ့အခါ၊ ကိုယ်က ဖမ်းဆီးခံရတဲ့အခါ နောက်က မျိုးဆက်တခုကို ချိတ်ဖို့ ပြောထားသင့်ပါတယ်။ မဟုတ်ရင် ကြားထဲ မှာ ကွင်းဆက်ပြတ်ပြီး တခြားလှုပ်ရှားမှုလိုင်းတွေကို သွားချိတ်တတ်ကြပါတယ်။ လိုင်းတွေပူးပြီး ရှော့ခ်တွေ မိတတ်ပါတယ်။ ရန်သူရဲ့ ထောင်ချောက်ထဲ တပုံတပင်ကြီး ကျသွားတတ်ပါတယ်။ ကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကွင်း ဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အ ရေးကြီးပါတယ်။ အထူးသဖြင့် မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့ မရသလို၊ စာနယ်ဇင်းအင်တာ ဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု
တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ နိုင်ငံတကာထောက်ခံမှု ဆိုတာ မှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီ တော်လှန်ရေးကို ထောက်ခံမှုကို စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။ Political support ဆိုတကာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင် အားစုတွေရဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ ဆွေးနွေးပွဲ တွေဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့ တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက် ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။ Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင် ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေအတွက် လို အပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

တော်လှန်ရေးတခုမှာ ဒီလိုနိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တော်လှန်ရေးရဲ့ အောင်ပွဲကို နိုင်ငံ တကာ ထောက်ခံမှုတခုတည်းနဲ့ ယူလို့ မရပါ။ နိုင်ငံတကာ ထောက်ခံမှုနောက် တကောက်ကောက်လိုက်ရင်း လူထုထောက်ခံမှုနဲ့ ဝေး ကွာသွားလို့ ကျရှုံးနေတဲ့ တော်လှန်ရေးတွေ အများအပြားပဲ ဖြစ်ပါတယ်။ ဟင်းတခုမှာ အစပ်အဟပ်တည့်ဖို့ လိုပါတယ်။ ဆားမပါတဲ့ ဟင်းကို အရသာမရှိဘူးဆိုပြီး ဆားတွေအများကြီး ဖြူးလိုက်တော့ စားလို့ မရတော့တဲ့ ဟင်းပဲ ထွက်ပါတယ်။ နိုင်ငံတကာထောက် ခံမှုကို မရှိမဖြစ်ဆိုပြီး၊ နေရာတကာမှာ နိုင်ငံတကာကင်ပိန်းပဲ လုပ်နေကြရင်တော့ ကျန်တဲ့ကဏ္ဍတွေမှာ ဟန်ချက်ပျက်ပြီး၊ ကြန့်ကြာ နေတဲ့ တော်လှန်ရေးပဲ ထွက်လာမှာ အသေအချာပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ
တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါ တယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး သုံးသပ်လေ့လာနေရပါမယ်။ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းနေကြတာ ဖြစ်ပါ တယ်။ သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိုက်လိုက်နဲ့ အသက်နဲ့ ဘဝတွေကို ထပ်ပြီး ကစားနေကြတဲ့ ပွဲပါ။ တော ချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ ခြေလှမ်း တလှမ်းချင်းကို သတိနဲ့ တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျ ဆုံးလေ့ရှိပါတယ်။

ရန်သူကို တိုက်မယ်၊ တိုက်မယ်နဲ့ အလံထောင်နေရင်း နောက်လှည့်ကြည့်လိုက်တော့ လူထုထောက်ခံမှုရအောင်လဲ ပြည့်ပြည့်ဝဝ မ လုပ်ထား၊ ပတ်ဝန်းကျင် အနေအထားကလဲ မဟန်၊ စနစ်တကျ စုဖွဲ့ထားမှုတွေကလဲ မရှိ၊ ကွင်းဆက်တွေကလဲ ပြတ်တောက်၊ နိုင်ငံတ ကာ ထောက်ခံမှု ဆိုတာကလဲ ဟန်ပြထောက်ခံမှုဆိုသလို ဖြစ်နေတဲ့ တော်လှန်ရေးတွေ ကမ္ဘာတဝှမ်းမှာ အများကြီးပါပဲ။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တော်လှန်ရေးတွေရဲ့ အလားအလာ၊ အောင်မြင်မှု အတိုင်းအတာတွေကို ဆန်းစစ်ဖို့အတွက် စစ် ဦးစီးတက္ကသိုလ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သင်တန်းကျောင်းတွေ၊ စစ်ရေးလေ့လာတဲ့ သုတေသန အဖွဲ့အစည်းတွေမှာ အသုံး ပြုတဲ့ BARD O’NEILL’S FRAMEWORK ကို အခြေခံပြီး၊ တော်လှန်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေ၊ ဆောင်ရန်ရှောင် ရန်တွေ၊ သင်ခန်းစာယူစရာ အချက်အလက်တွေကို ယေဘုယျအနေနဲ့ ပေါင်းစပ်တင်ပြ ထားတာဖြစ်ပါတယ်။ မည်သည့် တော်လှန် ရေးကိုမှ ဆန်းစစ်လေ့လာချက် ပြုလုပ်ထားခြင်း မရှိပါဘူး။ ဆန်းစစ်လေ့လာချက်တွေလုပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေ ကို ဖော်ထုတ်ပြီး အလားအလာကို ကောက်ချက်ချမှတ်ချက်ပေးရပါတယ်။ ဒီမှတ်ချက်တွေ မပေးလိုပါ။ မတရားတဲ့ စနစ်ကို တိုက်ဖျက် နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် တစုံတရာအကျိုးကျေးဇူး ရှိစေရန်သာ မျှော်လင့်မိပါကြောင်း။

ခင်မမမျိုး
(၁ဝ၊ ၁၊ ၂ဝ၁ဝ)

ရည်ညွှန်းကိုးကား
Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.
Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-February 2003.)
Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.
Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford: Oxford University Press
Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).
Mintzberg, Henry. (1994) The Rise and Fall of Strategic Planning. New York: The Free Press.
O’Neill, Bard E. (1990) Insurgency and Terrorism: Inside Modern Revolutionary Warfare. Dulles, VA: Brassey’s Inc.
O’Neill, Bard E., William R. Heaton, Donald J. Alberts, Vincente Collazo-Davila, Richard MacLeod, Don Mansfield, James Miller, and Paul Viotti. (1980) Insurgency in the Modern World. CO: Westview Press, 1980.
Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO). Fort
Leavenworth, KS, School of Advanced Military Studies, 2004, 62 p.
Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.
U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of the Secretary of Defense. Fall 2003.

Sunday, January 10, 2010

တရုတ်ပြည် ဒုသမ္မတနှင့် တရုတ် ခေါင်းဆောင်မှုအကြောင်း



ဘိုဘိုကျော်ငြိမ်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၀ မိနစ် ဆောင်းပါး


ကျနော်တို့ မြန်မာနိုင်ငံသည် လူ့သမိုင်းတွင် အရေးပါသော နိုင်ငံကြီး ၂ နိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့် မိုင်ပေါင်းများစွာ နယ်နိမိတ်ဆက်စပ်လျက်ရှိသည်။ ထိုကြောင့် ထို ၂ နိုင်ငံနှင့် ဆက်ဆံရေးသည် မြန်မာနိုင်ငံ အတွက် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် တရုတ်ပြည်ကြီးသည် တရိုန်ထိုး တိုးတက်လျက် ရှိပါသည်။ ထို့ပြင် နအဖ စစ်အစိုးရကိုလည်း ကျားကန်ပေးထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ဦးဆောင်လျက် ရှိသော တရုတ်ခေါင်းဆောင်များအကြောင်း သိထားသင့်ပေသည်။ လေ့လာကျွမ်းကျင်သင့်သည်။ ခေတ်ပညာတတ် လူငယ်များ တရုတ်အရေး ကျွမ်းကျင်သူများ ဖြစ်စေရန်နှင့် တရုတ်အရေးကို စိတ်ဝင်စား စေချင်သည့် စေတနာနှင့် ဒီဆောင်းပါးကို ရေးရခြင်းပါ။
တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ ကွန်မြူနစ် ပါတီက အုပ်စိုးသော နိုင်ငံဖြစ်၍ သတင်း လွတ်လပ်ခွင့် မရှိပါ။ အုပ်ချုပ်သူများက သိခွင့်ပေးသလောက်သာ အပြင်ကမ္ဘာကြီးအနေနှင့် သိခွင့် ရကြပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွင်း ပကတိဖြစ်ရပ်များကို အလုံးစုံ သိခွင့်မရှိကြပါ။ သို့သော် မော်စီတုန်းလက်ထက် ထက်စာလျှင် လွန်စွာပင် တိုးတက်ပြီဟု ပြောနိုင်ပါသည်။

ဂျပန်၊ ကိုးရီးယား၊ မြန်မာနှင့် ကမ္ဘားဒီယား စသည့် ၄ နိုင်ငံသို့ ခရီးထွက်လာသော တရုတ်ဒုသမ္မတ ရှီကျင်းဖျင်သည် တရုတ်ခေါင်းဆောင်များတွင် ဗဟို (Central) နေရာ တာဝန်ယူရန် ရာထားသည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ တရုတ်ပြည်ကြီး၏ ခေါင်းဆောင်ရွေးချယ်မှုစနစ်အရ (အပ)ပရောဂ များကင်းခဲ့သော် - ၂ဝ၁၂ တွင်ကျင်းပမည့် ပါတီညီလာတွင် ဗဟိုခေါင်းဆောင်-တနည်းအားဖြင့် သမ္မတဖြစ်လာ မည့်သူဖြစ်ပါသည်။ အောက်တိုဘာ၂ဝဝ၇ ခုနှစ်တွင်ကျင်းခဲ့သော (၁၇)ကြိမ်မြောက်ပါတီညီလာခံက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် (၂၁)ရာစုနှစ် ကွန်မြုနစ်စံနစ်၏ အိမ်ရှေ့မင်းသားဖြစ်ပေသည်။ ထိုကြောင့်လက်ရှိ သမ္မတ ဟူကျင်တောင် လက်အောက်တွင် အလုပ်သင်သဘော (၅)နှစ် သက်တမ်း ဒုသမ္မတရာထူးကို တာဝန်ယူထားရသည်။ ပြီးခဲ့သည့် ခရီးစဉ် မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရမည့် အာရှနိုင်ငံများကိုကွင်းဆင်းလေ့လာ၍ ထိုနိုင်ငံ့ ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ဖြစ်အောင်ဆက်ဆံခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အမေရိကန်စနစ်နှင့် တရုတ်စနစ် ကွာခြားမှုကို ကြားဖြတ်တင်ပြပါရစေ။ ကျနော်တို့ နိုင်ငံအတွက် အတုယူစရာများ ရှိလို့ပါ။ အမေရိကန်စနစ်အောက်မှာ ခေါင်းဆောင်တဦးကို စနစ်တကျ ပိုးမွေးသလို (မွေး) ယူသည်ဆိုသည်မှာ မရှိပါ။ အမေရိကန်စနစ်မှာ အုပ်ချုပ်ရေး (Executive) ၊ တရားဥပဒေတည်ဆောက်ရေး (Legislative) ၊ တရားရေး (judicial) ဟူ၍ ခွဲခြားထားပြီး ဤမဏ္ဍိုင် ၃ ခုကို တခုနှင့်တခု ချိတ်ဆက်ကာ ထိန်းပေးထားပါသည်။ Check & Balance ဟု ခေါ်ကြပါသည်။ အမေရိကန် သမ္မတ လက်ထဲတွင် အုပ်ချုပ်ရေး အာဏာကို အပ်ထားပြီး၊ သမ္မတသည် စစ်တပ်၏ အကြီးအကဲ Commander in Chief လည်း ဖြစ်ပါသည်။

အမေရိကန်စနစ်သည် လူတဦးချင်းဝါဒ Individualism ကို အားပေးသည်။ အမေရိကန်စံနစ်၏ အားသာချက်မှာ လူထုက ခေါင်းဆောင်ကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် campaign ဟုခေါ်သော သမ္မတလောင်းအဖြစ်ရွေးကောက်ခံရဖို့အတွက် တနှစ်ခန့် ကြိုးစားရပါသည်။ မိမိ၏ ပါတီခေါင်းဆောင် ကိုယ်စားလှယ်ဖြစ်မှ၊ တခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင် ပါတီခေါင်းဆောင်နှစ်ဦး ယှဉ်ပြိုင်ရသည်။ Third Party ဟုခေါ်သော တခြား တတိယကိုယ်စားလှယ်များရှိသော်လည်း ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်များသာ သမ္မတ ဖြစ်လာကြပါသည်။

တနှစ်ကျော် Campaign သည် သမ္မတဖြစ်ရန် အကြိုတိုက်ပွဲဖြစ်၍ လူတဦး၏ အရည်အချင်းကို (စစ်ထုတ်) ခြင်းဟု ယူဆနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲသည် အုပ်ချုပ်မှုနှင့်မဆိုင်။ ဥပမာ သမ္မတ George W Bush သည် အတွေ့အကြုံ မရှိရုံမက မိမိလိုချင်ရာကို ခေါင်းမာစွာ မစဉ်းစား၊ မဆင်ခြင်အီရတ်ကို မတရား စစ်ဝင် တိုက်ခဲ့ပါသည်။ စီးပွားရေးတွင်လည်း လောဘီရစ်(lobbyists) များကိုဆွဲခန့်ခဲ့သည့်အတွက် မထိန်းနိုင် မသိမ်းနိုင် စီးပွားရေးကပ်စိုက်ခဲ့ရသည်။ လူညံ့တဦး သမ္မတဖြစ်လာပါက စံနစ်က အတွေ့အကြုံ ရှိမှုကို ဦးစားမပေးသောကြောင့် တိုင်းပြည်နာ နိုင်ပါသည်။

အမေရိကန်စနစ်က (လူ) ကို (လူထု) က ရွေးသည်။ (လူ) ၏ အရည်အချင်းကို (ယုံ)သည်။ အလုပ်က (သင်) လိမ့်မည်ဟု လက်ခံသည်။

တရုတ်ကပြောင်းပြန်

တရုတ်စံနစ်တွင် အဓိကသည် တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။

ပါတီတည်မြဲရေးသည် ပထမဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို ပြည်သူက ရွေးခွင့်မရှိ၊ ပါတီက ရွေးသည်။ ပါတီအောက်တွင်မှ အစိုးရ (အုပ်ချုပ်ရေး) အမျိုးသားကွန်ကရက် (ဥပဒေပြုရေး) နှင့် စစ်တပ် ရှိသည်။ ထူးဆန်းသည်မှာ စစ်တပ်သည် အစိုးရအောက်တွင် မရှိပါ။ ကာကွယ်ရေးဝန်ကြီးသည် စာရေးကြီး သာသာပဲ ဖြစ်သည်။ တရုတ်ပြည် စစ်ကော်မရှင်က စစ်တပ်ကိစ္စအားလုံးအတွက် တာဝန်ရှိသည်။

ထို့ကြောင့် တရုတ်ပြည်တွင် အဓိက ၃ နေရာရှိသည်။

(၁) ပါတီခေါင်းဆောင်

(၂) အစိုးရခေါင်းဆောင်

(၃) စစ်ကော်မရှင်ခေါင်းဆောင်

မှတ်ချက်။ ။ ဤစံနစ်ကိုနောင်မှ အသေးစိတ်တင်ပြပါမည်။

ယနေ့သမ္မတ ဟူကျင်တောင်တို့ကို 4th Generation Leadership ဟု ခေါ်ပါသည်။ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် တိန့်ရှောက်ဖိန်က အာဏာတည်ဆောက်ရေးနှင့် အာဏာလွှဲပြောင်းရေးကို စံနစ်တကျ တည်ဆောက်သွားပါသည်။

အဓိကကျသော တည်ဆောက်မှု (၂) ခုမှာ တဦးတယောက်ထဲ အာဏာတည်ဆောက်ရေးထက် Collective Leadership ဟုခေါ်သော စုပေါင်းခေါင်းဆောင် မှုကို တည်ဆောက်ရမည်။ ဤစုပေါင်းခေါင်းဆောင်မှု၏ အလယ်တွင် အဓိကကျသော central ဗဟိုပုဂ္ဂိုလ် ရှိရမည်။

ထို့ပြင် စုပေါင်းခေါင်းဆောင် တဆက်ပြီးလျှင် နောက်တဆက်ကို (အာဏာ) လွှဲပေးရမည်။ ဒါမှ တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းပြည်ထူထောင်ရေး တည်ငြိမ်၍ ဆက်တိုက်တိုးတက်မှု ရှိမည်။ stability ရှိ၍ Continuity ရှိမည်ဟု ဆိုလိုသည်ပါ။

ထို့ကြောင့် အဓိကပုဂ္ဂိုလ် Central အဖြစ် အရွေးခံရသူသည် …

(၁) ပါတီအထွေထွေ အတွင်းရေးမှူး (ပါတီရာထူး)

(၂) သမ္မတ (အုပ်ချုပ်ရေး)

(၃) စစ်ကော်မရှင် ဥက္ကဋ္ဌ (စစ်တပ်)

ဤ ၃ နေရာလုံးကို ဆက်ခံရန် ပါတီက ရွေးကောက်ပါလိမ့်မည်။ သို့သော် သက်တမ်း ၂ ကြိမ်သာ ခံစားခွင့်ရှိသည်။ သက်တမ်း ၂ ကြိမ်ပြီးလျှင် နောက်တဆက် Next Generation ခေါင်းဆောင်များကို လွှဲပေးရပါမည်။

Generation ခေတ်တဆက် တဆက်ခေါင်းဆောင်ဆိုတာ ဘာလဲ။

မော်စီတုန်းလက်ထက်က အာဏာလက်လွှဲရန် အစီအစဉ် process မရှိခဲ့ပါ။ မော်စီတုန်းသည် ဘုရားတဆူ တမျှ အာဏာရှိသည့် အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် ပထမ လူလျောက်ချီ Li Shaoqi ၊ နောက် လင်ပြောင် Lin Biao ယဉ်ကျေးမှု တော်လှန်ရေး အထွတ်ထိဋ်ရောက်စဉ်က (၄)ဦးဂိုဏ်းမှ ဝန်ဟုန်ဝန် (Wang Hongwen) တို့ကို ရည်မှန်းခဲ့သည်။ နောက်ဆုံးသေခါနီးတွင်ဟွာဂူဖုံး (Hua Guofeng)။ သို့သော် တိန့်ရှောက်ဖိန်က (Deng Xiaoping) နောက်ဆုံး အာဏာယူနိုင်ခဲ့သည်။

ဤသည်မှာ အာဏာရှင်လက်အောက်တွင် အာဏာရှင်များသည် အာဏာကို လက်မလွှတ်ရဲဘဲ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေကြသည် ချည်းဖြစ်၍ ထို့ကြောင့် တိန့်ရှောက်ဖိန်က သူ မသေခင်မှာ ရာထူးများကို လက်လွှဲပေးပြီး အာဏာကူးပြောင်းမှုကို စံနစ်တကျဖြစ်စေရန် ဆောင်ရွက်ရာက ယခုလို Generation Leadership ဟု ခေါ်သည့် စုပေါင်းခေါင်းဆောင်မှု ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် …

1st Generation ပထမခေတ်/အဆက် - မော်စီတုန်း

2nd Generation ဒုတိယခေတ်/အဆက် - တိန့်ရှောက်ဖိန်

3rd Generation တတိယခေတ်/အဆက် - ကျန်ဇီမင်း

4th Generation စတ္ထုတခေတ်/အဆက် - ဟူကျင်တောင်

5th Generation ပဉ္စမခေတ်/အဆက်- ရှီကျင်းဖျင် (ရွေးချယ်ရန် ရာထားခံရသူ)

ပါတီလူကြီးများ (Party Elders)

တရုတ်ပြည်ကြီး၏ စုပေါင်းခေါင်းဆောင်မှုစံနစ်အောက်တွင် အာဏာရှိသည့်လက်တဆုပ်စာ လူတစုက ဗဟိုလူ central person ကို ဝန်းရံပေးကြသည်။ ထိုလူများသည် ၁ဝ နှစ် အုပ်ချုပ်၊ ၁ဝ နှစ်ပြည့်သည့်အခါ ရာထူးမှ နုတ်ထွက်ပေး၊ နောက်တအုပ်တက်ပေါ့။

လူတစုပြီး တစု ပြောင်းလဲ အုပ်ချုပ်သွားကြမည်။ သို့သော် ကွန်မြူနစ်ပါတီ က အာဏာတည်မြဲလျက်ရှိရန် တိန့်ရှောက်ဖိန် က စီစဉ်ခဲ့သည်ပါ။ သို့သော် ပါတီလူကြီးများ (Party Elders) က Reform ဟုခေါ်သော ပြန်လည်ပြင်စင်ရေး လမ်းစဉ်ကို လိုက်နာသူ သစ္စာရှိ သူများကိုသာရွေးရန် စီစဉ်ခဲ့ပြန်သည်။်

ဤနေရာတွင် အရေးကြီးသည့်ဖြစ်စဉ် process လုပ်ငန်းစဉ် တခု ရှိသည်။ အာဏာနှင့် ရာထူးကို လက်လွှတ်ပေးရသည့် လူကြီးများသည် ပျောက်မသွားကြပါ။ ကွန်မြူနစ်ပါတီ အတွင်း ဆက်လက် ရပ်တည်လျက် ရှိသည့်အပြင် Elders ဟုခေါ်သည့် ပါတီလူကြီးများ ဖြစ်လာကြပြီး ပါတီ၏ လမ်းစဉ်၊ ပါတီခေါင်းဆောင်သစ်၊ များကို ရွေးရာတွင် အရေးပါသည်။

တဖက်က (အကောင်းဘက်က) ကြည့်လျှင် တသက်လုံး နိုင်ငံရေးလုပ်လာကြသည့် ဝါရင့် နိုင်ငံရေး သမားကြီးများက ထိမ်းကျောင်းပေးနေသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် တခြားတဖက်က ကြည့်လျှင် ထိုလူကြီးများသည် အရေအတွက်မည်မျှနှင့် မည်သူများဖြစ်သည်ကို တရုတ်ပြည်အကြောင်း လေ့လာ ကျွမ်းကျင်သူများပင် မသိကြပါ။ အကြောင်းအရင်းက တရုတ်ပြည်သည် အာဏာရှင် စနစ်ကို ကျင့်သုံးဆဲဖြစ်သောကြောင့် လူအသိမခံ၊ ဗြောင်မကြေညာရဲဘဲ အာဏာရှိသူများကသာ ကြိတ်လုပ်ကြခြင်းဖြစ်သည်။

ဤ လူကြီးစနစ်သည် တိန့်ရှောက်ဖိန်လက်ထက်တွင် ပေါ်လာသည်။ တိန့်ရှောက်ဖိန်သည် ကွန်မြူနစ်ပါတီ စကတည်းက ပါခဲ့သည့်အပြင် တော်လှန်ရေးတွင် တောက်လျှောက် တာဝန်ယူခဲ့ရပြီးသဘာရင့်ရာဇဝင် ရှိသည့် ခေါင်းဆောင်ဖြစ်ခဲ့သဖြင့် ကွန်မြူနစ်ပါတီအပြင် စစ်တပ်အတွင်းမှာပါ သြဇာရှိသည်။ တိန်ရှောက်ဖိန်နောက် ကျန်ဇီမင်း၊ ယခု ဟူကျင်တောင် လက်ထက်ကျတော့ ကျန်ဇီမင်းသည် တိန်လျှောင်ဖိန်ကဲ့သို့ ရာဇဝင်မရှိပါ။ ကျန်ဇီမင်းက တိန်ရှောက်ဖိန်လိုတခြားရာထူးများကို ဖယ်ပေး သော်လည်း၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ဆက်ကိုင်ရန် ကြိုးစားခဲ့သည်။ မရမှ နောက်ဆုံး လွှဲပေးခဲ့ရသည်။ ထို့ကြောင့် ကျန်ဇီမင်းနှင့် ဟူကျင်တောင်သည် မသင့်တင့် (သို့) အပြိုင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

(မှတ်ချက်။ ကျန်ဇီမင်းနှင့် ဟူကျင်တောင်နှစ်ယောက်စလုံးကို တိန်ရှောက်ဖိန်ကရွေးခဲ့ခြင်းဖြစ်သည်)

၂ဝ၁၂ ခုနှစ်နောက်ပိုင်း ဟူကျင်တောင်က 5th Generation များကို အာဏာလွှဲပြီးရင် Elders များထဲတွင် ပြိုင်ဘက်များ ဖြစ်လာမည်။ မည်သူကမှ မည်သူလူကြီးEldersဖြစ်ရမည်၊ မည်သို့ရွေးချယ်မည်ကို မသိရသေးသည့် အတွက် ရှေ့မှာ ပြဿနာ ဖြစ်နိုင်သည်။

ကျန်ဇီမင်းကို Elders များက ရွေးသည်ကို ကျန်ဇီမင်းပင် မသိခဲ့ပါ။ တိန့်ရှောက်ဖိန်သည် ပထမ ဟူရောင်ဘန်း (Hua YaoBang) နှင့် ကျောက်ကျိယန် Zhao Ziyang တို့ကို သူ့နောက် ဆက်ခံရန် ရွေးခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားများ အရေးတော်ပုံကြီးတွင် ကျောက်ကျိယန်သည် ကျောင်းသားများ ဘက်လိုက်သည်ဆိုပြီး အဖမ်းခံရသည်။ ထိုစဉ်က Li Peng လီပင်း က ဝန်ကြီးချုပ် (တရုတ် စိန်လွင်ပေါ့) ။ လီပင်း က တိန့်ရှောက်ဖိန်နှင့် လူကြီးများကို တင်ပြပြီး ဖမ်းမိန့်ရမှသာ ဖမ်းဆီး နိုင်ခဲ့သည်။ ထို့ကြောင့် ဆက်ခံရန် လူရွေးသည့်အခါ ၁၉၈၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူကြီးအဖွဲ့ ဖြစ်သည့် တိန့်ရှောက်ဖိန် Deng Xiaoping ၊ Chen Yun ၊ Li Xiannian ၊ Peng Zhen ၊ Deng Yingchao ၊ Yan ShangKun ၊ Wang Zhen ၊ Bo Yibo တို့သည် တိန့်ရှောက်ဖိန် နေအိမ်တွင် ၅ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

ဤလူကြီးများကပဲ တရုတ်ကျောင်းသားများကို နှိမ်နင်းရန် အမိန့် (ပစ်မိန့်) ကို ပေးရာတွင်အရေးပါခဲ့သည်။ ကျနော်တို့ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် စောမောင်ကို ဖယ်ရှားရန် ၎င်းတို့၏အဖေကြီး ဦးနေဝင်းက အမိန့် ပေးခဲ့ကြောင်း သတင်းရှိသလိုပေါ့။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီး စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ်စောမောင်ဖြစ်သော်လည်း စစ်တပ်ကို အမှန်တကယ် ကိုင်ထားသည်မှာ ဦးနေဝင်းပင်။

(မှတ်ချက်) နဝတ ခေတ်တွင် ဦးနေဝင်းသည် မည်သည့်ရာထူးမှ မယူသည့်အပြင် နေ့တဓူဝ အုပ်ချုပ်မှုနှင့် ဝေးသွားသည်။ တိန့်ရှောက်ဖိန်၏ အဓိက ရည်စူးချက်မှာ ကွန်မြူနစ်ပါတီ တည်မြဲရေး ထို့ကြောင့် ပါတီဝင် ဖြစ်ရုံမက ချုပ်ကိုင်စရာ ပါတီရှိသည်။ မဆလက ၈၈၈၈ အရေးအခင်းနှင့် ပြည်သူများက လက်မခံ တော့သည့် အတွက် ဇတ်သိမ်းခဲ့ရပြီ။ ဦးနေဝင်း၏ ကျောရိုးကစစ်တပ်၊ တိန့်ရှောက်ဖိန်၏ ကျောရိုးသည် ကွန်မြူနစ်ပါတီဖြစ် သည်ကို သတိပြုစေချင်သည်။တီအန်မင် ကျောင်းသားအရေးတော်ကြီး ဖြိုးခွင်အပြီး ကျောက်ကျိယန်(Zhao Ziyang) ပြုတ်ကျပြီးသော်လည်း သူ့ကို ထောက်ခံသည့် ပါတီဝင်ဟောင်းများက ပါတီစည်းဝေးပွဲ မှတ်တမ်းများကို ဖြည်းဖြည်းချင်း ခိုးထုတ်ကြပြီး ၂ဝဝ၁ ခုနှစ်တွင် တီအန်မင် စာတမ်းများ Tiananmen Papers ဆိုသည့် စာမျက်နှာ ၅ဝဝ ကျော် စာအုပ်တအုပ်ကို အမေရိကားတွင် ထုတ်ဝေခဲ့သည်။ အင်မတန် ဖတ်၍ကောင်းသည့် စာအုပ်ပါ။ စာမျက်နှာက ၃ဝ၈ တွင် လူကြီးများက ကျန်ဇီမင်းကို ခန့်ခြင်း The Elders Appoint Jiang Zemin ဆိုသည့် အခန်းတွင် အစည်းအဝေး မှတ်တမ်းများက တဆင့် မည်သို့ စဉ်းစားရွေးချယ်ခဲ့ကြသည်ကို အသေးစိတ် ဖော်ပြထားပါသည်။

ထိုသို့သော စာအုပ်မျိုးများ ပေါ်လာသဖြင့် တရုတ်လူကြီးများအကြောင်း သိခဲ့ရသော်လည်း ယခု လူကြီးများသည် မည်သူများလဲ၊ မည်သို့ရွေးသလဲ၊ မည်ရွေ့မည်မျှ အာဏာရှိသလဲဆိုသည်ကို အတိအကျ သိသူ မရှိသလောက်ပါ။ ဘီဘီစီ သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး မကြာသေးခင်ကမှ တရုတ်ပြည်ကြီးတွင်(၃)နှစ်ကျော်အယ်ဂျာဇီးယား Al Jazeera သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့သူ တိုနီချန်းဆိုသူက ဆွေးနွေးတင်ပြခဲ့သည်။

တရုတ်စံနစ်တွင် ခေါင်းဆောင်ကို ပြည်သူတွေက ရွေးချယ်ခွင့်ရှိသည်မဟုတ်။ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေ က ရွေးချယ်ကြခြင်းဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီသည် တပါတီ အာဏာရှင် စံနစ်ဖြစ်ရုံမက အုပ်ချုပ်ရေး စီးပွားရေး အားလုံးကို ချုပ်ကိုင်ထားသည့်အတွက် ခေါင်းဆောင်များကို ပိုးမွေးသကဲ့သို့မွေးနိုင် ပေသည်။ မော်စီ တုံးနှင့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်က တော်လှန်ရေးကို သစ္စာရှိမည့်သူများကို ရွေးသည်။ တိန့်ရှောက်ဖိန် နောက်ပိုင်းခေတ်ကြတော့ Reformဟုခေါ်သော စီးပွားရေး ပြန်လည်ပြင်ဆင်မှုကို သစ္စာရှိသူများကို ရွေးစေသည်။ မီးများမီးနိုင် ရေများရေနိုင် စံနစ်ပင် ဖြစ်သည်။ ကွန်မြူနစ် ပါတီအတွင်းတွင်လည်း ပြောင်းလဲလျက်ရှိပါသည်။

တရုတ်ခေါင်းဆောင်များအတွက် ခေါင်းအကြီးဆုံးပြဿနာများမှာ ဆင်းရဲချမ်းသာပြဿနာ မြို့နဲ့ နယ်များအကြား ကွာခြားမှု တိုးတက်သောအရှေ့ဖက်ခြမ်း နှင့် ပြည်တွင်းပိုင်း ကွာခြားမှု နှင့် Internal Migration ဟုခေါ်သော နယ်များမှအရှေ့ခြမ်းမြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတို့ဖြစ်ကြ၍ အကြီးဆုံးပြဿနာမှာ လဘ်စားမှုဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဆက်လက်၍ 5th generation ဖြစ်ရာထားခြင်းခံရသော ခေါင်းဆောင်များ 6th generation ခေါင်းဆောင်များ အဖြစ်ရွေးချယ်နိုင်ရန် တန်းစီထားပြီးသော ခေါင်းဆောင်များအကြောင်းနှင့် ပါတီတွင်း အင်အားအဖွဲ့စု Factions and groups များအကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမည်။



ရည်ညွှန်း References

The Tiananmen Papers

Mao Last Revolution

China fifth generation leaders come of age by Cheng Li

China’s Leadership, fifth generation by Cheng Li and John L. Thorton.