Monday, June 29, 2009

ရွေးကောက်ပွဲ အာဏာရှင်စနစ်

လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ကြပ်ပြေးနေပြည်တော်ကို စင်ကာပူဝန်ကြီးချုပ် ဟောင်း ဂိုချောက်ထောင် လာသွားတုန်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မြန်မာပြည်မှာ ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ သတိပေးစကား ပြောသွားတယ်။ အဲဒီတော့ ကြပ်ပြေးသန်းရွှေနဲ့ တပည့်ကျော် သိန်းစိန်တို့က လည်း ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ့်အကြောင်း အာဆီယံ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း နဲ့ မြန်မာပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုကို အရေးတယူစဉ်းစားရမှာဖြစ်ကြောင်း ဂိုချောက်ထောင်ကို ပြောပြတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြတယ်။

နိုင်ငံခြားခေါင်းဆောင်နဲ့တွေ့တော့လည်း အလိုက်အထိုက် နားခံသာအောင် ကြပ်ပြေးသန်းရွှေက ပြောရတာပေါ့။ "ငါ့ကိုလာမပြောနဲ့ ငါထင်သလိုလုပ်နေတာ အနှစ် (၂၀) ရှိပြီ" လို့တော့ ဘယ်ပြောမလဲ။ စင်ကာပူအစိုးရဟာ ရွေးကောက်ပွဲ ပုံမှန်ကျင်းပပြီး အာဏာရှင်လိုအုပ်ချုပ်နေလို့ အတိုက်အခံတွေ စင်ကာပူမှာ ဒုက္ခရောက်နေတာကို ကြပ်ပြေးက သိပုံရတယ်။ စင်ကာပူအစိုးရ ကောင်းတာတွေကို အတုမခိုးဘဲ မကောင်းတာတွေကို အတုခိုးဖို့ ကြပ်ပြေးတို့အဖွဲ့ ကြံစည်နေတာကို ဂိုချောက်တောင်း မသိဘူး။

ပြည်သူတွေ ၀င်ထွက်သွားလာလို့မရတဲ့ ကြပ်ပြေးနေပြည်တော်က ပြည်သူ့အနာဂတ်ကို ဆုံးဖြတ်တာဟာ ရွေးကောက်ပွဲပါပဲ။ ကြပ်ပြေးသန်းရွှေ အမိန့်ပေးတဲ့အတိုင်း ကြံ့ဖွံ့ကလိုက်လုပ်လို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေးစနစ်ပဲ။ ပါတီစုံရွေးကောက်ပွဲလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ဆောက်တာဖြစ်တယ်။ ဒီစနစ်သစ်ဟာ တပါတီအာဏာရှင်နဲ့ မတူ စစ်အာဏာရှင်လည်းမဟုတ်ဘဲ ကြပ်ပြေးကြံ့ဖွံ့စနစ်ဖြစ်တယ်။

ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာမဟုတ်ဘူး။ ပါတီမျိုးစုံကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုထားပေမယ့် တဖက်ကလည်း ဒီမိုကရေစီအခြေခံသဘောတရားကို အကြီးအကျယ်ချိုးဖောက်ထားရင် "ရွေးကောက်ပွဲအာဏာရှင်စနစ်" ဖြစ်တယ်လို့ မက်ဆီကိုမြို့တော်က နိုင်ငံရေးသိပ္ပံပါမောက္ခ Andreas Schedler က အမည်ပေးထားတယ်။

ရွေးကောက်ပွဲအာဏာရှင်စနစ်မှာ ဒီမိုကရေစီသဘောတရားကို မကျင့်သုံးသလို အမြဲတမ်းဖိနှိပ်တဲ့နည်းကိုလည်း မသုံးဘူး။ ဒီမိုကရေစီလိုလားသူတွေ ကျေနပ်သွားအောင် ရွေးကောက်ပွဲကျင်းပပေးပြီး တချိန်တည်းမှာပဲ အမြဲတမ်း အနိုင်ရအောင် ရွေးကောက်ပွဲကို ချုပ်ကိုင်ထားတယ်။ ရွေးကောက်ပွဲမှာ အစိုးရပါတီ အနိုင်ရအောင် လုပ်ထားတဲ့အ တွက် အာဏာစွန့်လွှတ်စရာမလိုဘူး။ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ထောင်တာကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲရဲ့ စံသတ်မှတ်ချက်တွေကို ပြန်လည်ဆန်းစစ်ရလိမ့်မယ်လို့ ပါမောက္ခ Schedler က ဆိုတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ (Liberal democracy)၊ ရွေးကောက်ပွဲဒီမိုကရေစီ (Electoral democracy)၊ ရွေးကောက်ပွဲအာဏာရှင်စနစ် (Electoral authoritarianism) စသဖြင့် ပုံစံအမျိုးမျိုး ရှိပါတယ်တဲ့။
ပါတီစုံရွေးကောက်ပွဲကျင်းပရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါဘူး။ ဒီမိုကရေစီအခြေခံအုတ်မြစ်တွေဖြစ်တဲ့ တရားတဲ့ ဥပဒေစိုးမိုးမှု၊ တာဝန်သိမှု၊ အုပ်ချုပ်ရေးယန္တရားသိက္ခာရှိမှု၊ ပြည်သူလူထုပါဝင်ဆွေးနွေးမှု စတာတွေ ခိုင်မာ ဖို့ လိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီကျင့်သုံးရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုပါ တယ်။ ရွေးကောက်ပွဲဒီမိုကရေစီစနစ်မှာ အနိမ့်ဆုံးစံသတ်မှတ်ချက်ကို လိုက်နာပေမယ့် ရွေးကောက်ပွဲအာဏာရှင် စနစ်မှာ စံသတ်မှတ်ချက် လုံးဝမရှိပါ။ ဒါကြောင့် ရွေးကောက်ပွဲဟာ စံသတ်မှတ်မှု (၇) ခုနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပချိန်ဟာ ပြည်သူ့လက်ထဲ အာဏာရောက်လာတဲ့ အချိန်အခါပါပဲ။ လက်ထဲက ဆန္ဒမဲဟာ ပြည်သူ့အာဏာဖြစ်တာမို့ မဲမပေးမီ အလေးအနက် လေ့လာခွင့်ရဖို့ကိစ္စဟာ ပထမလိုအပ်ချက်ဖြစ်တယ်။ ဒုတိယအချက်က ဆန္ဒမဲမပေးမီ သတင်းအချက်အလက်ကို လွတ်လပ်စွာရရှိဖို့ဖြစ်တယ်။ အစိုးရပေးတဲ့ သတင်းကိုသာ ရနေတာဟာ ဒီမိုကရေစီမဟုတ်ဘူး။

ဘက်ပေါင်းစုံကသိရအောင် သတင်းမျိုးစုံကို ရနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲယှဉ်ပြိုင် အရွေးခံသူအားလုံး မဲဆန္ဒရှင် တွေနဲ့ လွတ်လပ်စွာ ဆက်သွယ်နိုင်ဖို့က တတိယအချက်ပါ။ ဒီလိုမလုပ်နိုင်ရင် အစိုးရဆင်ထားတဲ့အတိုင်း မဲပေးရမ လိုဖြစ်နေတယ်။ စတုတ္ထအချက်က စိတ်ရောဂါရှင်နဲ့ အကျဉ်းသားကလွဲပြီး အရွယ်ရောက်တဲ့ နိုင်ငံသူနိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့်ရှိရေးပဲဖြစ်တယ်။

ပဉ္စမလိုအပ်ချက်ကတော့ မဲဆန္ဒရှင်ကို အကာအကွယ်ပေးနိုင်ဖို့ပါပဲ။ မိမိထောက်ခံတဲ့ အမတ်လောင်းကို မကြောက်မရွံ့ဆန္ဒမဲပေးပြီး ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနဲ့ လာဘ်ထိုးမှုရန်ကို ကာကွယ်နိုင်အောင် လျှို့ဝှက်မဲပေး စနစ်ကို သုံးရတာဖြစ်တယ်။ မှတ်ကန်ပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ကျွမ်းကျင်ပြီး ဘက်မလိုက်တဲ့ အဖွဲ့က ဆန္ဒမဲကို ရေတွက်ရပါတယ်။ ဒါဟာ ဆဋ္ဌမစံသတ်မှတ်ချက်ဖြစ်ပါတယ်။ သတ္တမနဲ့ နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲမှာအနိုင်ရသူကို အာဏာအပြည့်အ၀အပ်နှင်းပြီး အစိုးရဖွဲ့ခွင့်ပေးတာပါပဲ။ ဒီ (၇) ချက်နဲ့ ကိုက်ညီမှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။

အစိုးရအပြောင်းအလဲမဖြစ်ဘဲ ဆက်တိုက်အာဏာရနေဖို့အတွက် ရွေးကောက်ပွဲကို အမျိုးမျိုးကြိုးကိုင်ပြီး ခြယ်လှယ် နိုင်တယ်။ ရွေးကောက်ပွဲနိုင်သူကို အရေးမကြီးတဲ့နေရာပေးပြီး အမြင့်ဆုံးနေရာကို အာဏာရှင်အသိုင်းအ၀ိုင်းက လက်ဝါးကြီးအုပ်ထားတဲ့နည်းလည်း ရှိတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရ သုံးသွားတဲ့ နည်းဟောင်းပါပဲ။ အစိုးရအာဏာ ကိုသုံးပြီး ယှဉ်ပြိုင်မယ့် ပါတီနဲ့ပုဂ္ဂိုလ်ကို ချုပ်ချယ်ကန့်သတ်တာမျိုးလည်း လုပ်တတ်တယ်။ အတိုက်အခံပါတီ အနိုင်မရအောင် တမင်အကွက်ဆင်တာပါပဲ။ ရွေးကောက်ပွဲ စည်းမျဉ်းရေးတဲ့အခါမှာ အစိုးရမကြိုက်တဲ့ပါတီနဲ့ ပုဂ္ဂိုလ် တွေ ယှဉ်ပြိုင်ခွင့်မရှိအောင် တမင်ရေးဆွဲတာမျိုးလည်းရှိတယ်။ ဥပမာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်နိုင်အောင် စည်းမျဉ်းရေးထားတာမျိုးပါပဲ။

ရွေးကောက်ပွဲ ယှဉ်ပြိုင်သူတွေအကြောင်း မဲဆန္ဒရှင် အပြည့်အစုံမသိနိုင် အောင် ချုပ်ချယ်တာမျိုးလည်း ရှိတယ်။ အတိုက်အခံပါတီကို လွတ်လပ်စွာ စည်းရုံးရေးဆင်းခွင့်မပြုတာဟာ ခြယ်လှယ်နည်းတမျိုးပါပဲ။ အတိုက်အခံကို မဲပေးမယ်လို့ ယူဆရတဲ့ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် လုပ်တဲ့နည်းကို မကြာခဏသုံးတတ်တယ်။ အသုံးအများဆုံးက မှတ်ပုံတင်ကို ခြယ်လှယ်တဲ့ နည်းပါပဲ။ မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းမှာ နာမည်ထပ်တိုးတာနဲ့ ဖျက်ပစ်တာမျိုး တွေ လုပ်တတ်တယ်။ တမင်တကာ မှတ်ပုံမတင်ဘဲထားတာမျိုးနဲ့ အတင်းအဓမ္မ နေရာရွှေ့ပြောင်းပစ်တာမျိုးလည်း ရှိတယ်။

မဲဆန္ဒရှင်တွေ စိတ်ကြိုက်မဲမပေးနိုင်ဘဲ အစိုးရပါတီကိုသာ မဲပေးလာအောင် အမျိုးမျိုးအကြမ်းဖက် ခြောက်လှန့်တဲ့ နည်းရှိပါတယ်။ ဆင်းရဲသားတွေရဲ့ ဆန္ဒမဲကို ၀ယ်ယူတဲ့နည်းကို သုံးကြတာလည်းရှိတယ်။ ယှဉ်ပြိုင်သူ အမတ်လောင်းကို အကြမ်းဖက်တိုက်ခိုက်တဲ့နေရာမှာ ဇင်ဘာဘွေဟာ နာမည်ကြီးတယ်။ နိုင်မယ်ထင်လို့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်ပြီး မသေချာမရေရာဖြစ်လာတော့မှ မဲပုံးမီးရှို့ပစ်တာမျိုး၊ မှတ်ပုံတင် အတုလုပ်တာမျိုး စတဲ့ ကလိမ်ကကျစ်နည်းတွေလည်း ရှိတယ်။ မလေးရှားနိုင်ငံမှာ တော့ အစိုးရပါတီအနိုင်ရဖို့အတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားမှုကို ကလိမ်ကျပြီး အကွက်ဆင်လေ့ရှိတယ်။

ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်မရှိဘဲ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့ အခိုင်းခံဘ၀ရောက်နေတာတွေလည်း ရှိတယ်။ ရွေးကောက်ပွဲနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ စနစ်ဟောင်းရဲ့ အာဏာစက်ယန္တရားကို မကျော်လွန်နိုင်တဲ့သဘောပဲ။ အာဏာရှင်ကြီးစိုးတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ကျင်းပတိုင်း အတိုက်အခံကရှုံးတယ်။ ပီရူးနိုင်ငံက ဖူဂျီမိုရီ၊ ဆားဗီးယားနိုင်ငံက မီလိုဆိုဗစ်တို့ဟာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထူထောင်သူတွေပါ။ ကင်းယား၊ တူရကီ၊ မလေးရှားနဲ့ စင်ကာပူမှာလည်း ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ်ကျင့်သုံးနေတာ နှစ်ပေါင်းအတော်ကြာပါပြီ။ သူတို့လိုဖြစ်အောင် ကြပ်ပြေးသန်းရွှေနဲ့ ကြံ့ဖွံ့အဖွဲ့က ကြိုးစားနေတယ်။

ဦးအောင်ခင်

Tuesday, June 23, 2009

Friday, June 19, 2009

အိမ်မက်တွေ ရှင်သန်နေပါစေ






"အိပ်မက်တွေ ရှင်သန်နေပါစေ"

သင့်ကိုယ်သင် ယုံပါ၊
ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊
သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး
သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ့ ၀န်းရံထားလိုက်ပါ၊
ခရီးလမ်းတလျှောက်မှာ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက
အိပ်မက်တွေကို ရှင်သန်နေပါစေ …။

အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် ပြောင်းလဲခြင်းနဲ့သာ တိုးတက်မှုကို ကြုံတွေ့ရနိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ့သာ၊
သင်ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ
သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊
အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ့သာ
ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ …။

အောင်မြင်ရေးအတွက် သော့တချောင်းသာ ရှိတယ်၊
အောင်ပွဲမခံရသရွေ့ လက်မလျှော့ပါနဲ့၊
သင်စွမ်းဆောင်နိုင်ပါတယ်၊
ကြီးမြတ်ခြင်းမျိုးစေ့
သင့်ကိုယ်တွင်းမှာ ရှိတယ်၊
ဒါကို ပြုစုပျိုးထောင်ပါ၊
လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ …။ ။

လူထုစိန်ဝင်းဘာသာပြန်သည်။

KEEP YOUR DREAMS ALIVE!
Lisa Marrie Yos


Believe in yourself
and your vision of the future.

Surround yourself with those who believe in you
and will help you achieve your goals.
Keep your dreams alive despite the challenges along the way.

Change can be frightening
but only by changing can you experience growth.
Only by challenging yourself to do what seems impossible
can you ever know how much you can achieve.
Only by taking risks can you achieve Greatness.

There is only one key to success:
Never quit until you win.
You can do it.
The seed of greatness lies within you.
Nurture it, and there will be nothing you can't do.

Lisa Marrie Yos

ကျောင်းဖွင့်ချိန်

ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
"ကျောင်းဖွင့်ပြီ" ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... "အောင်ဆန်း" တို့၊ "ကျော်ငြိမ်း" တို့၊ "သိန်းဖေ" တို့၊ "ညိုမြ" တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
"ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ..."
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
"ဗမာပြည်ကို ကယ်တင်ရတော့မယ်"
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
"ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်"
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
"ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ"
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
"တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ"
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
"ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ" ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
"သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ"
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
"ဒီမိုကရေစီရရှိရေး ... တို့အရေး"
"အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး" တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
"ကျောင်းဖွင့်ပြီ" ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
"အကြောင်းကြောင်းကြောင့်ပါ" လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
"ဂုဏ်တုဂုဏ်ပြိုင်" ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
"သစ္စာဖောက်" များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။


ရွှေဘုန်းလူ(ခ)တာရာမင်းဝေ

Wednesday, June 17, 2009

ဂျင်းဘောင်းဘီဝတ် လူငယ်တယောက်

ဇာတ်သိမ်းခန်း မရှိဘဲ
ကွဲနေသော အသည်းမှာ....
ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါလွန်း
အဝါရောင်နေ့ခင်း အရှည်ကြီးထဲ
လေပြင်းများ စွမ်းစွမ်းတမံထန်လို့
ခြေဖျားကစ လောင်နေသော မီးများနဲ့ ယိမ်းထိုး
ကျွန်တော့် အိပ်ကပ်ထဲမှာ....
အိမ်ပြန်ချင်စိတ်ဟာ .၁၀၀
ကျွန်တော့်ရုပ်ရည်ဟာ
ကျွန်တော်.အိမ်နဲ့သာ အလိုက်ဖက်ဆုံး လို့
ပြန်လည်အမွှန်းတင်
ကျွန်တော့်ချစ်သူ ဟာ
ကျွန်တော်.ထက် အရပ်နိမ့် သော်လည်း
ပင်လယ်ထက်အရပ်မြင့်သူလို့ ထင်မှား
အဲဒီလိုသံသယတွေဟာ
လမ်းခုလပ်က ဆွဲလားရမ်းလား
ကျွန်တော် မပြီးသေးပါ     
မေးခွန်းကို ကိုင်ဖတ်လပ်စ တန်းလန်း
ကနေရင်း သီချင်းဆုံး ခံလိုက်ရတဲ့
ကချေသည်ရဲ့လက်ဆစ်ခြေဆစ် တန်းလန်းနဲ့
ကျွန်တော် မပြီးသေးပါ။
မှန်ကွဲစလေးများ....
တစ်ရွာဝင်တစ်ရွာထွက်စုဆောင်း
လူ့ဘောင်လောကကြီးရဲ့ ပကတိရုပ်သွင်မှာ
ဟောဒီမှာပါခင်ဗျာ..!
အပီအပြင်ရွတ်ဆိုပြခဲ့ချင် ဆန္ဒသွေးသားနဲ့
ကျွန်တော်မပြီသေးပါ။
သူငယ်ချင်းရေ....
အကောင်ပကတိ နောက်ဆုတ်သွားဖို့ရာမှာ
ဖြစ်နိုင်ခြေက နည်းပါး
ငါ့မှာက ဂျင်းဘောင်းဘီ အသစ်နဲ့လေ....။      ။ 
 
                            ခရမ်းပြာထက်လူ

ဦးခေါင်း

ခေါင်းကောင်းတယ်၊ခေါင်းဆောင်တယ်၊ခေါင်းခဲတယ်
ခေါင်းညိတ် ခေါင်းခါ နောက်ဆုံးမှာ
ခေါင်းဟာ ပြုတ်ထွက်သွားတယ်။
လူတွေ ကိုယ်ချည်းမနေနိုင်တော့ ခေါင်းကိုခေါင်းပေါ်တင်
သွားလိုရာခေါင်းဆောင် ခေါင်းကိုခေါင်းဆောင်တင်
ခေါင်းဟာ ခေါင်းဆောင်ပီသ၊ ကြုံသလိုတွေ.သလို
တွေ.ကရာခြွင်းချက်မရှိ ခေါင်းထဲပစ်ပစ်ထည့်
ကျည်ဆံကလွဲရင် ခေါင်းထဲ ခေါင်းထဲကို
ကွန်တိန်နာတွေ၊လေယာဉ်ပစ် အမြောက်တွေ
နျူကလီးယား ဓာတ်ပေါင်းဖိုနဲ. ပင်လယ်ကူးသင်္ဘောတွေ

ခေါင်းဟာခေါင်းချင်း ပစ်ဝင်တိုက်ဖို. ဝန်မလေး
မလေး၊ဂျပန်၊ကိုရီးယားနဲ. ဥရောပဘာသာစကားတွေထည့်ဖို. ဝန်မလေး
ပြတိုက်နဲ. သင်္ချိုင်းဆန်တဲ့ခေါင်း ခေါင်းထဲမှာ
ရေနံ၊သဘာဝဓာတ်ငွေ.နဲ. မီးရှူးမီးပန်း
'ကယ်တော်မူကြပါဦး' ဆိုတဲ့အော်သံ၊ခေါင်းထဲမှာ
သေနတ်၊သမ္မာကျမ်းစာ၊ခေါင်းထဲမှာ
သန်းတွေ၊သန်းပေါင်းများစွာ ဆာလောင်မှုဟာ တရွရွ

ခေါင်းထဲက ခေါင်းပေါ်မှာ ဆံပင်တွေ အဖြူ အနီ အညိုနဲ.
လိုသလို ရပ်တည်၊ခေါင်းပေါ်မှာ လတ်တလော
အဖြူနဲ. အနက်ဟာ အင်အားကြီး၊ နေ.နဲ.ည နဂါးနဲ.ကျား
တရွရွအလုပ်လုပ် တဖွဖွစကားပြော၊ခေါင်းပေါ်မှာ

ခေါင်းထဲမှာ ခေါင်ရမ်းပန်းတွေ
ခရမ်းရောင်သစ်ခွပန်းနဲ. လူ.သွေးနဲ.လုပ်ထားတဲ့နှင်းဆီတွေ
ခေါင်းထဲမှာ၊ ခေါင်းဆောင်တယောက် အလိုရှိ
ခေါင်းထဲမှာအနက်ရောင်သေဆုံးချင်းနဲ. အဖြူရောင်
ခေါင်းလောင်းသံတွေ အလိုရှိ

ခေါင်းထဲမှာ သွေးတစက်စက်ကျ
ကိုင်အမြှောက်ခံထားရတဲ့ ကမ္ဘာကြီးရဲ့ဦးခေါင်း အလိုမရှိ

ခေါင်းထဲမှာ ဂုဏ်သိက္ခာ ရန်ညှိုးနဲ. အစော်ကားခံရမှု
စစ်သူကြီးပေါင်ကို ကိုက်ချီသွားတဲ့ တစ္ဆေတကောင်ရဲ.ဦးခေါင်းနဲ.
ကောက်ယူသိမ်းဆည်းခံထားရတဲ့ ဒင်္ဂါးပြားတပြားပေါ်က
ခေါင်းတခေါင်း

ခေါင်းမူးတယ်၊ခေါင်းကိုက်တယ်၊ခေါင်းထဲကို
လျှပ်ပေါ်လော်လီမှုနဲ. ဘိုင်အိုဂျစ်တွေ လောင်းထည့်နေတယ်

ခေါင်းကိုဖွင့်လိုက် ပိတ်လိုက် မီးခလုတ်ဆော့တေသလို
ခေါင်းကိုဆေးထည့်လိုက်၊ ချုပ်လိုက် ၊ပြန်ဖြည်လိုက် သုတေသန
လုပ်နေသလို....

ဒါ ချိုင်းနားခေါင်းပေါ့၊ ဈေးပေါတယ် သုံးလွယ်တယ်
လေးရောက်ရင် ပျက်ကျတယ်၊ အဖြစ်အပျက်မြန်တဲ့ခေါင်း

ဦးခေါင်းဟာ ဘရိတ်နဲ.
၁၈ကိုက် စည်းအတွင်းမှာ အသေချာဆုံးနဲ.
အန္တရာယ် အရှိဆုံးခေါင်း၊ ခေါင်းကိုက်ပိုးတွေသယ်လာနေတဲ့ခေါင်း

ခု ငါ့ခေါင်းပေါ်မှာ ဆံပင်တွေ ညောင်းနေပြီ
တခုခုနဲ.လျှော်လိုက်၊ လျှော်လိုက်ရင် ငါဟာ လူရှော်ဖြစ်သွားမလား
ရှိသမျှ ငါ့အသိဥာဏ်တွေ ကျွတ်ပါသွားမလား

ဟေ့ ကိုယ့်လူရေ တံဆိပ်ခေါင်းတွေ စုမယ့်အစား
လူ.ဦခေါင်းတွေစုပါလား
ဟေ့ deep blue ကွန်ပျူတာက
ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကက်စပါးရော့ ခေါင်းကို ဖျက်သွားတယ် ဆိုပါလား

ခလုတ်ကိုဖွင့် ခေါင်းကိုဖွင့်
ခေါင်းကိုခေါင်းစာကျွေးလိုက်ဖို.
ကမ္ဘာ့ရာသီဥတုကြီးက အော်နေပြီ။ ။

ခရမ်းပြာထက်လူ
ဗြူတီမဂ္ဂဇင်း၊၂၀၀၇။