ခင်မမမျိုး
Monday, November 30, 2009
ဒီစကားလုံးဟာ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဆွေး နွေးပွဲတွေ၊ မီဒီယာတွေ၊ စာတမ်းဖတ်ပွဲတွေမှာ ရေပန်းအ တော်စားနေတဲ့ စကားလုံးတခုပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို အခြေတည်ပြီး ထွက်ပေါ်လာမှာဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြ၊ ငြင်းခုံကြ၊ သ ဘောထားတွေဖလှယ်ကြနဲ့မို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လောကတခုလုံးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသံ တွေ အများအပြား ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါ တဲ့ အချက်တခု ဖြစ်တာကြောင့် ရွေးကောက်ပွဲကို အား ပေး ထေက်ခံသင့်တယ်၊ ရွေးကောက်ပွဲ ဝင်သင့်တယ်၊ ပါလီမန်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အဆိုပြုသူတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေ၊ ပါတီထောင်ခွင့်တွေ ထွက်ပေါ်လာသေးတာ မရှိပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စည်းရုံးလှုံ့ဆော် မှုတွေကလဲ ပြည်တွင်းမှာ ပေါ်ထွက်နေပါတယ်။ တပြိုင်နက်တည်းမှာတင် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကို ဆုပ်ကိုင်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းအ ကောင်အထည်ဖော်တဲ့ အာဏာရှင်ရွေးကောက် ပွဲဆန့်ကျင်ရေး ကင်ပိန်းတွေကလဲ ထွက်ပေါ်လာပါတယ်။
ဒီနေရာမှာ စကားလုံးအရ ကွဲပြားမှုအချက်နှစ်ခုကို သတိပြုမိဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံအားပေးသင့်တယ်လို့ အဆိုရှိ သူများက ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့ သရုပ်မှန်ဖြစ်တဲ့ အာဏာရှင်ရွေးကောက် ပွဲဆိုတဲ့ စကားလုံးကို ထည့်သွင်းအသုံးပြုထားတာ မရှိပါဘူး။ ဒီလိုပဲ။ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သူများကလဲ အာဏာရှင် ရွေးကောက်ပွဲကို ဆန့်ကျင်တာဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ စစ်မှန်သောရွေး ကောက်ပွဲဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီတော့ စစ်မှန်သော ရွေးကောက်ပွဲကို ဘာကြောင့် ထောက်ခံသင့်သလဲ၊ အာဏာ ရှင်ရွေးကောက်ပွဲကို ဘာကြောင့် ကန့်ကွက်သင့်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ရွေးကောက်ပွဲဆိုရာဝယ်
ရွေးကောက်ပွဲနဲ့ မဲပေးခြင်း ဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy ) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ် စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကိုယ်စားပြုမှုဆိုတဲ့ သဘောတရား ပါဝင်လာတဲ့အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်တခု ဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition) တခုဖြစ်လာပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင်ယူဆသူတွေလဲ ပေါ်ထွက်လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့ Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့ကို အုပ် ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုကိုလက်ခံပြီး ဒီမိုကရက်တစ်အစိုး ရဆိုတာကို ရွေးကောက်ပွဲပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည်ရေးသားကြတဲ့ နိုင်ငံရေးသီအိုရီပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင်အစိုးရတွေကလဲ ရွေးကောက်ပွဲတွေ ကျင်းပလာပြီး ဒီမိုကရေစီအစိုးရတွေအနေနဲ့ အသွင်ဆောင်လာတဲ့ အခါ မှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့အတွက် စစ်မှန်သောရွေးကောက်ပွဲဆိုတဲ့ သဘောတရားက ထပ်မံထွက်ပေါ်လာရပါတော့ တယ်။
စစ်မှန်သောရွေးကောက်ပွဲ
စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေးပါတီတွေအကြား၊ အဖွဲ့အစည်းတွေအကြား ပြိုင်ဆိုင်မှုရှိတဲ့ ရွေး ကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ တပါတီစနစ်ကို တပါတီအာဏာရှင်စနစ်အဖြစ် သတ်မှတ်ပုံ ဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်သော ရွေး ကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင် အစိုးရပဲဖြစ်ပါတယ်။ ဒီလိုအစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုလဲ အာဏာရှင်စနစ်လို့ပဲ သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ တ ကယ်တော့ ရွေးကောက်ပွဲဆိုတာက တခြားနိုင်ငံရေးဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့လူထုအကြား၊ ရေပေါ်ဆီနိုင်ငံရေး သမားတွေနဲ့ အများပြည်သူတွေကြားမှာ တဦးနဲ့ တဦးလွှမ်းမိုးခွင့်ကို ကြိုးပမ်အားထုတ်ကြရတဲ့ နှစ်လမ်းသွားပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။
အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့
(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း
ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးသမားတွကို ရွေးချယ်ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ်ကြရပါတယ်။ ဒီနိုင်ငံရေးသမားတွေဟာ ပြည်သူ့ရေးရာ ဌာနတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အတွေးအကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထုဆက်ဆံရေးမှာလဲ ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။ ဒီနိုင်ငံရေးသမားတွေရဲ့ နောက်ကွယ်မှာလဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။ ပြည်သူ့ရေးရာဌာနတခုကို နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှုဆိုတာ ကမ္ဘာ့ အမြင့်ဆုံး တောင်တွေကိုတက်တာနဲ့ အတူတူပါပဲ။ တောင်ထိပ်ရောက်သွားတဲ့ တောင်တက်သမားတွေကိုပဲ လူအများကမှတ်မိ ချီး ကျူးတတ်ကြတယ်။ စံချိန်တင်တတ်ကြတယ်။ ဒီတောင်တက်သမားတယောက် တောင်ထိပ် ရောက်သွားဖို့ ဇွဲလုံ့လဝီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေလိုအပ်သလို၊ စနစ်တကျပံ့ပိုးပေးနိုင်တဲ့ crew member လေးရာကျော်လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေမ ပါပဲ ကမ္ဘာ့အမြင့်ဆုံးတောင်တွေရဲ့ တောင်ထိပ်တွေကိုရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။
နိုင်ငံရေးသမားဆိုတာလဲ ဒီအတိုင်းပါပဲ။ ပြည်သူ့ရေးရာဌာနတခုခုကို တာဝန်ယူရမယ့် နိုင်ငံရေးသမားတွေလဲ ဒီအတိုင်းပါပဲ။ ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကသာ ကျွမ်းကျင်သယောင် ယောင်ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိပါတယ်။ ဒီအရည်အချင်းမှာ အားနည်းနေတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လဲ လက်တွေ့လုပ်ငန်း ဆောင်တာတွေကျရင် ကသောင်းက နင်းဖြစ်တတ်ပါတယ်။ အစိုးရအဖွဲ့တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့ နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရဝန် ကြီးဌာနတွေကို တာဝန်ယူဖွဲ့စည်းတဲ့အခါ ဝန်ကြီးဌာန ယန္တရားလည်ပတ်ပုံတွေ၊ ကိုယ်ပိုင်ရုံးမှာ ဘယ်လိုအတွေ့အကြုံနဲ့ ဘယ်လိုအသိ ပညာရှိတဲ့ လူတွေ လိုအပ်တယ် ဆိုတာတွေကို သိရှိနေဖို့ အလွန်အရေးကြီးပါတယ်။
တချို့နိုင်ငံတွေမှာ တော်လှန်ရေးကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ပါလီမန်တွေထဲမှာ ပြဿ နာတွေ တက်လေ့ရှိတယ်။ တော်လှန်ရေးသမားကနေ အမတ်ဖြစ်လာသူတွေကလဲ တော်လှန်ရေးကို စွန့်လွှတ်ပေးဆပ်အနစ်နာခံပြီး အနိုင်ရအောင်နွှဲလာတာဆိုတဲ့ မာနတွေ ရှိတယ်။ အာဏာရှင်ဟောင်းလက်ထက်က ဗျူရိုကရက် လူတန်းစားတွေကလဲ အုပ်ချုပ်ရေး ဌာနတွေကို စီမံခန့်ခွဲတာကို အတွေ့အကြုံတွေ ရှိလာတာဆိုတဲ့ မာနတွေရှိတယ်။ ပညာရှင်တွေကလဲ အသိပညာ၊ ဗဟုသုတနဲ့ ပြည့်စုံ သူတွေဆိုတဲ့ မာနရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဘယ်သူမှ မပြည့်စုံပါဘူး။ တော်လှန်ရေးခေါင်းဆောင်ရဲ့ အတွေ့အကြုံ ဆိုတာကလဲ Conventional Politics အတွေ့အကြုံ မဟုတ်ပါဘူး။ တော်လှန်ရေးခေါင်းဆောင်ဖြစ်တာနဲ့ ဝန်ကြီးဌာနတခုကို ဦးဆောင် စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိနေပါပြီလို့ ဘယ်သူမှ တထစ်ချ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဗျူရိုကရက်တွေအတွက်ကလဲ သူတို့ဆီရှိခဲ့တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပုံစံတွေဟာ စနစ်သစ်နဲ့အညီ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်ဆိုတာ နားလည်လက်ခံရမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဘက်ကလဲ စာတွေ့နဲ့လက်တွေ့ အမြဲတမ်းထပ်တူမကျနိုင်ဘူးဆိုတာကို လက်ခံရမှာပဲဖြစ်ပါတယ်။ အဓိကက အရွေး ကောက်ခံကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲ ဆိုတာက အစိုးရအဖွဲ့ ဝင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေအတွက် အရေးကြီးဆုံးပါပဲ။ ဒါကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
ဒီလိုနားလည်မှုမရှိတဲ့ အစိုးရအဖွဲ့တွေ အကွဲကွဲအပြဲပြဲနဲ့ အပျက်ပျက်အယွင်းယွင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဖဆပလ အစိုးရလက် ထက်က ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေနဲ့ ဂိုဏ်းဖွဲ့မှုတွေဟာ ဒီလိုအာရုံစိုက်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်အထိမှာလဲ ဒီလို “မင်းကဘာလဲ၊ ငါက ဘာလဲ“ ဆိုတာတွေက နိုင်ငံရေးလောကတွေမှာ ရှိနေကြဆဲပဲ။ အကြောင်းအရာကိစ္စတခုကို ဆွေးနွေးနေ တုန်းမှာ မင်းကဘာလဲလို့ တဘက်လူကို မမေးခင်၊ ပြောနေတဲ့ အကြောင်းအရာမှာ ဒီမေးခွန်းမေးဖို့ လိုအပ်သလားဆိုတာ အရင်စဉ်း စားသင့်ပါတယ်။ ငါက ဘာ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘာတွေ ပေးဆပ်ခဲ့တာတွေ မပြောခင် ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ဒါက ဆက်စပ် သလားဆိုတာ အရင်စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားမှုတွေသာ ကြိုရှိမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အချိန်တဝက် ကျော် သက်သာပြီး၊ ဘာလုပ်သင့်လဲဆိုတာကို ဦးတည်သွားနိုင်မှာ အသေအချာပါပဲ။
(၂) အစိုးရဖွဲ့စည်းခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန်တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗင်နီဇွဲလား နိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက်ရွေးချယ် ပေါ်ပေါက်လာစေပါတယ်။ တချို့နိုင်ငံတွေမှာကျတော့ ရွေးကောက်ပွဲတွေဟာ အစိုးရဖွဲ့စည်းခြင်းကို လွှမ်းမိုးသက်ရောက်မှုရှိစေပါတယ်။ ပါတီစုံ၊ ဝါဒစုံ အရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကြားမှာ အာဏာခွဲဝေမှုတွေအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ်ပါ။
(၃) ကိုယ်စားပြုမှုဖော်ဆောင်ခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ လူထုရဲ့ ဆန္ဒသဘောထားကို ဆောင်ကျဉ်းပေးတဲ့ လူထုကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်မှန်တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်းတခုလုံးကို ကိယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ ဖြစ်ပါတယ်။
(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း
အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့သဘောထား အမှန်နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့ ရွေး ကောက်ပွဲတွေဟာ လူထုကိုကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့ အလွဲသုံး စားပြု လုပ်မှုတွေကို တားဆီးပေးနိုင်ပါတယ်။
(၅) ပြည်သူလူထုအား နိုင်ငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင့်တော်တဲ့ စည်းရုံးရေးကာလ တခုရှိဖို့ အရေးကြီးပါတယ်။ ဒီကာလတွေမှာ နိုင်ငံရေးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးစနစ်တွေနဲ့ ပတ် သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။ ဒီလိုသတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ဖို့ အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာစည်းရုံးဟောပြော ထုတ်ဖော်ပြောကြားခွင့်တွေကို လက်ရှိအစိုးရက ကန့်သတ်ထိန်းချုပ်မှု တွေရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ်ဆိုရင် ဒီလိုအခြေအ နေမျိုးမှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။
(၆) Legitimacy တည်ဆောက်နိုင်ခြင်း
Legitimacy ဆိုတာ လက်တင်စကား legitimare ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful (တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊ အာဏာရှင်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ သူတို့ ကိုယ်တိုင်ပါဝင်တဲ့ အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ် အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေး ကောက်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေဆိုတာ ဒီလုပ်ငန်းဆောင်တာပေါ်မှာ အဓိကဗဟိုပြုပြီး ထွက် ပေါ်လာကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်းပြောဆို လေ့ရှိကြပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာလာကြပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာကတော့ electoral process ကို တန်းတူညီမျှအားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှုနဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင် အာဏာရှင်ဘက်တော် သားတွေ က ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ်လပ်လပ် ရွေး ချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလိုသွင်ပြင်လက္ခဏာ၊ လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် အတိုက်အခံအင်အားစု အက်ကြောင်းများ
အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ လူအများက အသိအမှတ် မပြုကြပါဘူး။ ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပဲ အာဏာရှင်ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ အတိုင်း အတာတခုအထိ ရှိနေတတ်လို့ပါပဲ။ ဒါပေမယ့်လဲ အာဏာရှင်ရွေးကောက်ပွဲတွေကတော့ အများအပြား ပေါ်ထွက်နေဆဲပဲ ဖြစ်ပါ တယ်။ ဘာကြောင့် ဒီလိုပေါ်ထွက်နေရလဲ။ အာဏာရှင် ရွေးကောက်ပွဲတွေ ထွက်ပေါ်လာရခြင်းဟာ အာဏာရှင်တွေအတွက် အကျိုး ကျေးဇူးတွေ ရှိနေစေလို့ပါပဲ။
နိုင်ငံရေးပညာရှင် Gandhi နဲ့ Peuter တို့က အာဏာာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစု တွေကို အတွေးအခေါ် စစ်ပွဲအသွင်သဏ္ဍာန်နဲ့ အစိတ်စိတ်အမြွာမြွာ ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ (၁၉၄၆) ကနေ (၂ဝဝ၆) ခုနှစ် အထိ နှစ်ပေါင်းခြောက်ဆယ်ကာလအတွင်းမှာ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ရွေးကောက်ပွဲတွေကို လေ့လာပြီးမှ ဒီအချက် ကို သူတို့ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မြန်မာပြည်ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေ အကြားမှာ ဖြစ်ပျက်နေတဲ့ အက်ကြောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန်တော်တည့်မှန်ကန်တဲ့ အဆိုတရပ်လို့ ဆိုရပါလိမ့်မယ်။
အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံအင်အားစု ဆိုတာမှာကလဲ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ တချို့ကကျတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာက ကိုယ့်မှာ အာဏာမရနိုင်တဲ့အတွက် ဆန့်ကျင်တာ ဖြစ်ပါတယ်။ မိဘမျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ပညာအရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပြည့်စုံတာကြောင့်ပဲဖြစ်ဖြစ်၊ လူအများကြားမှာ ရေပန်းစားတာကြောင့်ပဲ ဖြစ်ဖြစ် မိမိ ကိုယ်ကို ပါလီမန်အမတ်ဖြစ်သင့်တယ်လို့ အလိုလိုနေရင်းအထင်ကြီး ဘဝင်မြင့်နေသူတွေ အတိုက်အခံလောကထဲမှာ ရှိတတ်ပါ တယ်။ အာဏာရှင်က ရွေးကောက်ပွဲတွေ ကျင်းပပေးတဲ့အခါ ဒီလိုလူမျိုးတွေကို နှစ်ခါခေါ်စရာ မလိုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲ ကို ကောက်ခါငင်ခါ ထောက်ခံကြတော့တာပါပဲ။ တချို့ အတိုက်အခံတွေကျတော့လဲ နှစ်ပေါင်းများစွာ ကြာတတ်တဲ့ တော်လှန်ရေးသ ဘောသဘာဝမှာ ပါနေကြရင်း လူမှုရေး၊ စီးပွားရေးမှာ ရုန်းရင်းကန်ရင်း အားကုန်ပင်ပန်းလာတာရှိပါတယ်။ “ရွေးကောက်ပွဲဖြစ် သွား ရင်တော့ အာဏာရှင်အစိုးရဟာ political legitimacy ဖြစ်သွားတော့မှာပါ။ တို့ ဆက်တိုက်လို့လဲ ဘာထူးမှာလဲ။ မဖြစ်မနေ လျှောက်ရ တော့မယ့် ခင်းပြီးသားလမ်းမှာပဲ တက်လျှောက်လိုက်တော့မယ်” လို့ ယူဆလာတတ်ကြပါတယ်။ ဒီလို စိတ်ဓာတ်ကျနေသူတွေဆီက လဲ အာဏာရှင်ရွေးကောက်ပွဲကို ထောက်ခံမှုတွေ ပေါ်ထွက်လာတတ်ပါတယ်။
မိမိပညာ၊ မိမိအရည်အချင်းတွေနဲ့ ဘဝရပ်တည်နေတာမဟုတ်ပဲ နိုင်ငံတကာအကူအညီနဲ့ ရပ်တည်နေရတာဆိုရင် ပိုဆိုးတတ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ပြည်ပအခြေစိုက် အတိုက်အခံ အင်အားစုရှိတဲ့ နိုင်ငံတွေတိုင်းမှာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးဟာ အတော်ဂ ယက်ရိုက်စေတတ်ပါတယ်။ တော်လှန်ရေးကာလတွေမှာ ပြည်ပနိုင်ငံတွေ၊ အန်ဂျီအိုတွေက တော်လှန်ရေးသမားတွေကို ထောက်ပံ့ကူ ညီပေးကြပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့အခါကျတော့ “ရွေးကောက်ပွဲပြီးသွားရင် ထောက်ပံ့ကူညီမှုတွေများ ရပ်သွားလေမလား” ဆိုတဲ့ အတွေးက အင်အားစုတွေကို ကိုင်လှုပ်လာပါတော့တယ်။ တခြားဘဝ ရပ်တည်မှုနဲ့ အသက်မွေးဝမ်း ကျောင်း အတွက်ကလဲ ပြင်ဆင်ထားတာ အားနည်းတဲ့အခါမှာကျတော့ ပေါ်လစီပြောင်း၊ ဘက်ပြောင်းသွားတဲ့ အန်ဂျီအိုတွေနဲ့ ဆက် သွယ်လှုပ်ရှားနေရသူတွေ ကြားညပ်ပါတော့တယ်။ ဘဝရပ်တည်ရေးကတဖက်၊ နိုင်ငံရေးရပ်တည်ချက်ကတဖက် လွန်ဆွဲလာတဲ့အခါ မှာ နိုင်ငံရေးရပ်တည်ချက်ကို ဦးစားပေးရွေးချယ်သူတွေ ရှိလာသလို၊ ဘဝရပ်တည်ရေးကို ဦးစားပေးရွေးချယ်သူတွေ ရှိလာပါတော့ တယ်။ ဒီလိုလူတွေဆီကနေလဲ အာဏာရှင်ရွေးကောက်ပွဲ ထောက်ခံရေး အဆိုတွေ ထွက်ပေါ်လာတတ်ပါတယ်။
နောက်ထပ်ကွဲအက်နိုင်တဲ့ အက်ကြောင်းတခုကတော့ ပညာရှင်တွေ၊ လေ့လာသူတွေဆီမှာ ဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်း ကြောင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုတွေဟာ ပညာရှင်တွေကို အသိအမှတ်ပြုမှု အလွန်အားနည်းပါတယ်။ ဘယ်ကဘယ် လို ထွက်လာမှန်းမသိခဲ့တဲ့ ပညာတတ်တွေ ဖောက်ပြန်တတ်တယ်၊ မယုံရဘူးဆိုတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို ဂရုမစိုက်ဘူး၊ လက်တွေ့လုပ်လာတာ ဆိုတဲ့ စကားလုံးတွေက တခါတရံ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အလွန်ကြီးစိုးပါတယ်။ တိုးတက်ပြောင်းလဲ လာတဲ့ ကမ္ဘာကြီးမှာ သီအိုရီအခြေခံမပါပဲ ထွက်ပေါ်လာခဲ့တဲ့ လက်တွေ့အလုပ်တွေ အတော်နည်းနေပါပြီ။ ငွေကြေးဝန်ဆောင်မှုအ တွက် သုံးနေကြတဲ့ ဘဏ်ကတ်တွေဟာ သင်္ချာသီအိုရီတွေပေါ်မှာ အခြေခံထားပါတယ်။ သောက်သုံးနေကြတဲ့ ရေသန့်တွေ၊ အချိုရည် တွေရဲ့ ထုတ်လုပ်မှုဖြစ်စဉ်မှာ ဓာတုဗေဒသီအိုရီတွေကို အခြေခံထားပါတယ်။ နောက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ကွန်မြူနစ်တော် လှန်ရေး ဆိုတဲ့ တော်လှန်ရေးတွေမှာတောင် ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ် သီအိုရီတွေ၊ ကွန်မြူနစ်ဝါဒသီအိုရီတွေပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာ့စ်က သီအိုရီတွေ အများကြီးပါတဲ့ စာအုပ်တွေ ရေးခဲ့တယ်။ Adam Smith က စီးပွားရေး သီအိုရီတွေပါတဲ့ စာအုပ်ကို ရေးခဲ့တယ်။ သူတို့က လက်တွေ့အကောင်အထည်ဖော်ခဲ့တာ မဟုတ်ပါ။ ဒီသီအိုရီတွေကို ကိုင်စွဲပြီး လက်တွေ့အကောင်အထည်ဖော်သူတွေက ဖော်ဆောင်ခဲ့ကြပါတယ်။
ဒါကြောင့် သီအိုရီနဲ့ လက်တွေ့နဲ့ကို ခွဲခြားဖယ်ထုတ်နေစရာ မလိုအပ်ပါ။ သီအိုရီသမားတွေဘက်ကလဲ လိုအပ်မယ်ထင်တာကို ပညာ ရပ်တွေပေါ်မှာ အခြေခံပြီး ပြောစရာရှိတာပြော၊ ရေးစရာရှိတာ ရေးလိုက်ရုံပဲ ရှိပါတယ်။ ဒါကို လူတွေ လိုက်လုပ်ရမယ်လို့ မျှော်လင့် စရာ မလိုအပ်ပါ။ ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်ကြရုံပါပဲ။ ဒါပေမယ့် လောကမှာ လူတွေဆိုတာကလဲ မလိုတဲ့အလုပ်တွေကိုမှ ဇာချဲ့ချင်ကြပါတယ်။ ပညာရှင်တွေ၊ သီအိုရီကျွမ်းကျင်သူတွေကလဲ သူပဲတတ်၊ သူပဲသိသလိုလို မာနတွေရှိတတ်ကြတယ်။ ကိုယ့် ကိုယ်ကို တကယ့် ရေပေါ်ဆီတွေလို အတွေးတွေ ဝင်ပြီး ဘဝမြင့်တတ်ကြတယ်။ သူတပါးကို မသိသလို၊ မတတ်သလို ဆက်ဆံချင် တတ်ကြတယ်။ လူတွေမှာကလဲ ဘဝမြင့်စိတ်ရှိသလို၊ အငုံ့စိတ်တွေရှိတတ်ကြတယ်။ လက်တွေ့မပါတဲ့ ပညာရှင်ကလဲ အတွေ့အကြုံ မရှိတာကို ကိုယ့်ကိုကိုသိပြီး အငုံ့စိတ်ရှိတယ်။ လက်တွေ့ပဲရှိပြီး စာတွေ့နည်းသူကလဲ သီအိုရီသမားတွေ ပြောတိုင်းလက်ခံရမှာလား ဆိုပြီး မိမိမှာ စာတွေ့အားနည်းတာကို အငုံ့စိတ်ရှိတယ်။ အဲဒီမှာတင် မာနတွေ၊ အငုံ့စိတ်တွေ တိုက်ခတ်မိကြပြီး သည်းမခံနိုင်သူတွေ ကလဲ ဘေးထွက်ထိုင်တယ်။ “ငါ့ကို ဒီလိုလုပ်ရလား“ ဆိုပြီး မာနနဲ့ မခံချင်စိတ်တွေ ရောထွေးလာသူတွေကျတော့ ရန်သူနဲ့ သွားပေါင်း သူကလဲ ပေါင်းတယ်။ ရန်သူနဲ့မပေါင်းပဲ တစင်ထောင်သူကလဲ ထောင်တယ်။ ဒါတွေဟာ အငုံ့စိတ်နဲ့ ဘတပြန်ကျားတပြန် ခွဲခြားမှုတွေ၊ ပညာ၊ အတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ မာနတွေ၊ ရန်သူရဲ့ သပ်လျှိုသွေးခွဲမှုတွေ၊ ရန်သူ့ဘက်တော်သားတွေ ပါဝင်လာတာတွေ အားလုံး ပေါင်းဆုံသွားလို့ပဲ ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံအင်အားစုတွေကို ဖြိုခွဲပစ်နိုင်စွမ်း ရှိတယ်။ ဒါကို လေးလေးနက်နက် သတိပြုမိပြီး အတိုက်အခံအင်အားစုတွေဟာ တော်လှန်ရေးအတွေးအခေါ် ညီညွတ်ကြဖို့ လိုတယ်။ ညီညွတ်ရေးဆိုတာမှာလဲ ဒီစကား လုံးဆိုလိုက်တာနဲ့ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေပဲ သွားမြင်နေတတ်ကြတာ ကျွန်မတို့ မြန်မာတွေရဲ့ အားနည်းချက်တရပ်လို့ပဲ ဆိုရမှာပါပဲ။ ဒီလိုနဲ့ ညီညွတ်ဖို့ တပ်ပေါင်းစုကြီးတွေ ထပ်ထောင်ကြ၊ ကွဲကြပြဲကြ၊ ဟိုအဖွဲ့ပေါ်လာ၊ ဒီအဖွဲ့ပေါ်လာနဲ့ နှစ်ပေါင်းများစွာ ကြာအောင် မပြီးနိုင်တဲ့ အဖွဲ့တည်ထောင်ရေး သံသရာစက်ဝန်းကြီးတွေ လည်နေကြတော့တာပဲ။ လူတွေကလဲ ဟိုအဖွဲ့ကြည့်လဲ ဒီလူ၊ ဒီအဖွဲ့ကြည့်လဲ ဟိုလူပဲ လည်နေတတ်ကြတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ထွက်ပေါ် လာတာ ဖြစ်တယ်။ တိုက်ပွဲမရှိပဲ ညီညွတ်ရေးလုပ်နေရင်တော့ အဖွဲ့ဥက္ကဋ္ဌလုနေကြ၊ အဖွဲ့နာမည် ရွေးနေကြတာနဲ့တင် အချိန်ကုန်နေကြမှာပဲ။ အဓိကက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ တော်လှန်ရေးအတွေးအခေါ်မှာ ညီညွတ်ဖို့ပဲ။ တော်လှန်ရေးအတွေးအခေါ်မှာ အ ခြေခံပြီးမှ တိုက်ပွဲဝင်လမ်းကြောင်းဆိုတာ ချမှတ်လို့ရတာဖြစ်တယ်။ တချို့က ဒီလိုအတွေးအခေါ်မျိုး ရှိနေလို့ အတိုက်အခံဖြစ်နေတာ ပေါ့လို့ ဆိုချင်ဆိုကြမယ်။ တကယ်ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလိုအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ လမ်းစဉ်တွေကို တကယ်ပဲချမှတ် လုပ် ကိုင်နေကြသလား၊ မိမိတို့ပါတီ၊ မိမိတို့အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ ဦးစားပေးနေကြသလားဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ် တယ်။ မြေပေါ် မြေအောက်၊ မီဒီယာအစရှိပြီး လုပ်နည်းလုပ်ဟန် ကွဲပြားမှုဆိုတာက နားလည်လက်ခံလို့ ရပေမယ့် စစ်အာဏာရှင်စ နစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်မသွားစေဖို့ သတိပြုမိဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်မှာ လို အပ်နေတဲ့ ညီညွတ်ရေးဆိုတာက ဒီလို တော်လှန်ရေးအတွေးအခေါ် ညီညွတ်ရေးကိုဆိုလိုတာ ဖြစ်တယ်။ အဖွဲ့ဖွဲ့ရေး သံသရာစက် ဝန်းထဲမှာ တဝဲလည်လည် ပတ်ချာလည်နေတာကို ဆိုလိုတာ မဟုတ်ဘူး။
တော်လှန်ရေးထဲမှာ ကိုယ့်ကိုကိုယ်ဘောင်ပြန်ခတ်ထားကြတဲ့ အယူအဆတွေနဲ့ ပြုမူဆောင်ရွက်မှုတွေကို တော်လှန်ရေး အတွေးအ ခေါ်ကသာ ကျော်လွှားနိုင်လိမ့်မယ်။ “တို့ကတော့ ရှစ်လေးလုံးအုပ်စုတွေ၊ တို့ကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တို့ကတော့ ဒီပဲယင်းအုပ်စု၊ တို့ကတော့ အန်အယ်ဒီ၊ တို့ကတော့ ကျောင်းသား၊ တို့ကတော့” ဆိုတဲ့ ဘောင်ခတ်မှုတွေဟာ တော်လှန်ရေးရဲ့ စည်း ရုံးရေးကို ကျဆင်းစေတဲ့ အချက်တွေဆိုတာ သတိပြုသင့်တဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ အသွင်မတူ တွေကို စည်းဝိုင်းပြင်ကို တွန်းပို့လိုက်သလို ဖြစ်သွားတတ်တယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှုဆိုတာတွေကို သူများတွေကသာ တ လေးတစား ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်လုပ်ခဲ့တာ၊ ဘယ်လိုပေးဆပ်ခဲ့ရတာဆိုပြီး လိုက်ပြောနေ ရင် လူအရိုအသေ တန်တတ်တယ်။ ကမ္ဘာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ လူမသိ၊ သူမသိ အသက်ပေးဆပ်စွန့်လွှတ် ခဲ့ကြသူတွေ က အများကြီးပဲ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ဆက်သားလေးတွေအနေနဲ့ တာဝန်ကျေခဲ့ကြတဲ့ ကလေးငယ်လေးတွေ ဘယ် လောက် အရေအတွက်အထိ ဖက်ဆစ်လက်ထဲ ကျရောက်ခဲ့သလဲ။ လူမသိ၊ သူမသိ သေခဲ့ကြသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမယ့် ဒီလိုပေးဆပ်မှုကို သူတို့ ကျေနပ်ခဲ့ကြတယ်။ သေနိုင်မယ့်အလုပ်မှန်းသိရဲ့နဲ့ ကျေကျေနပ်နပ် လုပ်ခဲ့ကြတယ်။ ကိုယ်သတ် မှတ်တဲ့ တန်ဖိုး၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်၊ ကိုယ်ရွေးချယ်တဲ့ ရပ်တည်ချက်အတွက် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို မိမိကိုယ်ကို ကျေ နပ်ဂုဏ်ယူနေဖို့က အရေးကြီးဆုံး မဟုတ်ဘူးလား။ လူတကာကို လိုက်ပြောပြီး၊ “မင်းတို့နဲ့ ငါက မတူဘူးနော်။ ငါက ဘယ်လိုလုပ်ခဲ့ တာ။ ဘယ်လိုပေးဆပ်ခဲ့တာ၊ မင်းတို့ငါနဲ့လာမယှဉ်နဲ့” လို့ လိုက်ယှဉ်ပြနေစရာ မလိုအပ်ဘူး။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ဘောင်ခတ် လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ လူထုစည်းရုံးရေးမှာ အခက်အခဲတွေ ဖြစ်လာတတ်သလို၊ ကိုယ်ပါဝင်တဲ့ တော်လှန်ရေးကြီးတခုလုံးရဲ့ ပုံရိပ်လဲ ကျဆင်းတတ်ပါတယ်။ တော်လှန်ရေးကို တကယ်တန်ဖိုးထားတယ်ဆိုရင် ကိုယ့်ကြောင့် တော် လှန်ရေးမှာ လူသစ်တယောက်မရောက်လာရင်တောင် ရှိပြီးသားလူတွေ မဆုံးရှုံးစေသင့်ဘူး။ တော်လှန်ရေးရဲ့ စည်းရုံးရေးကို မထိ ခိုက်စေသင့်ဘူး။ တိတိကျကျဆိုရရင် groups တွေ ပေါ်ထွက်လာမှုဟာ ကောင်းပါတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး ပိတ်မိနေတဲ့ အုပ်စုတွေ မဖြစ်စေဖို့ကိုလဲ သတိထားသင့်ကြတယ်။
အဓိကကတော့ မြန်မာ့နိုင်ငံရေးဟာ အထည်ကြီးပျက်နိုင်ငံရေးမဟုတ်။ တချိန်က အောင်မြင်ခဲ့တာလေးတွေကို သာယာနေရုံနဲ့ အောင် ပွဲရမှာမဟုတ်။ လက်ရှိအခြေအနေမှာ၊ လက်ရှိ လူသူအင်အား၊ လက်ရှိတော်လှန်ရေးရေစီးကြောင်းတွေနဲ့ ဘာလုပ်ဖို့ လိုတယ်ဆိုတာ ကို ဦးစားပေးကြဖို့ အချိန်တန်နေပါပြီ။ ဘောင်ခတ်မှုတွေကြောင့် တော်လှန်ရေးအတွေးအခေါ်တွေကို မထိခိုက်မိစေဖို့ အရေးကြီးပါ တယ်။ တော်လှန်ရေးအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးမှာ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်လာ စေရေးကသာ အဓိ က ပန်းတိုင်ဖြစ်သင့်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အက်ကြောင်းတွေအတွက် သတိထားပြီးပြင်ဆင် ထားသင့်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် ဒေါက်တိုင်ပြိုလဲမှု ထိန်းသိမ်းခြင်း
စစ်အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အာဏာရှင်ဒေါက်တိုင်တွေအဖြစ် အသုံး ချရပါတယ်။ ဒီလိုနဲ့ အာဏာရှင်သက်တမ်းတွေ ကြာလာတဲ့အခါ အာဏာရှင်တွေရဲ့ ပင်မဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေပေါ်ပေါက်လာပါတယ်။ ဒီဒေါက်တိုင်တွေ ပြိုလဲရင် အာဏာရှင်စနစ် ပြိုလဲနိုင်တာကြောင့် အာဏာရှင်တွေ ဟာ တပ်မတော်နဲ့ စစ်အာဏာရှင်အစိုးရအကြားက မကျေလည်မှု ပြဿနာရပ်တွေကို အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး ဖြေ ရှင်းလေ့ရှိတယ်လို့ နိုင်ငံရေးပညာရှင် Geddes က ဆိုထားခဲ့ဖူးပါတယ်။ အာဏာရှင်နိုင်ငံတွေအတွက်တော့ စစ်တပ်ဆိုတာ အာဏာ ရှင်တွေရဲ့ coercive power ကို ထိန်းသိမ်းပေးနိုင်တဲ့ အဓိကဒေါက်တိုင်ကြီးဖြစ်ပါတယ်။
၁၉ ရာစုကာလတွေမှာ ကမ္ဘာနဲ့အဝှမ်းမှာ စစ်တပ်ဆိုတာ သီးခြား political institution တရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံ တနိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော် မပါဝင်မှာ စိုးရိမ်စရာအကြောင်းကို မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော် ဆို တာကိုက နိုင်ငံတော်ရဲ့ နိုင်ငံရေး အင်စတီကျူးရှင်း တရပ် ဖြစ်နေလို့ပါ။ နိုင်ငံရေးပညာရှင်တွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ကဏ္ဍသုံးမျိုးခွဲခြားပြီး ဖော်ပြထားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ရေးဆိုင်ရာ instrument တခုအ နေနဲ့ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပါမယ်။ ဒီအတွက် နိုင်ငံတိုင်းလိုလိုမှာ တပ်မတော်ဆိုတာ ရှိပါတယ်။ တပ်မတော်သားတွေဆိုတာကိုလဲ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေသူများအဖြစ် နိုင်ငံတိုင်းမှာ လူ ထုက တလေးတစားရှိပါတယ်။ ဘယ်နိုင်ငံရဲ့ ပါလီမန်ထဲမှာမှ တပ်မတော်သားတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လဲ လူတွေက သူတို့ရဲ့ ရပ် တည်မှုနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားကြပါတယ်။ အာဏာရှင်နိုင်ငံတွေမှာသာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ရတဲ့ တပ်မတော်သားတွေအတွက် လူထုကယူကြုံးမရ ခံစားကြရပါတယ်။ ပြည်သူတွေရဲ့ အသွေးအသားထဲက ပေါ်ထွက်လာခဲ့တဲ့ တပ်မ တော်သားတွေဟာ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းမလှည့်ပဲ မိဘပြည်သူတွေဘက်ကိုမှ သေ နတ်ပြောင်း လှည့်ရက်လေခြင်းလို့ စိတ်မကောင်းဖြစ်ကြရပါတယ်။
နိုင်ငံတော်မှာ တပ်မတော်ရဲ့ နောက်ထပ်အခန်းကဏ္ဍတခုကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ တပ် မတော်မှာပဲဖြစ်ဖြစ် အမိန့်နာခံမှု ယဉ်ကျေးမှုနဲ့ ရာထူးအဆင့်အတန်းသတ်မှတ် တာဝန်ယူမှုဆိုတာ ရှိပါတယ်။ ဒီအချက်နှစ်ချက်ဟာ အ ရေးပေါ် အခြေအနေတွေမှာ operational efficiency ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အရေးပေါ် သဘာဝဘေးအန္တ ရာယ်တွေ ကျရောက်လာတဲ့အခါတွေမှာ ကယ်ဆယ်ရေးတာဝန်တွေ၊ ရိက္ခာဖြန့်ဖြူးရေး တာဝန်တွေကို တပ်မတော်ကို တာဝန်ပေးလေ့ ရှိကြပါတယ်။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဖရိုဖရဲ ဖြစ်နေရတဲ့ အခါမှာလဲ တပ်မတော်က တရားဥပဒေ စိုးမိုးရေးတာဝန်ကို ယူရပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို အသုံးပြုပြီး တပ်မတော်ကို အာဏာရှင်တွေက ပြန်အသုံးချတတ်တာတွေလဲ ရှိပါတယ်။ တရား ဥပဒေ စိုးမိုးရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို စဉ်းစားဖော်ထုတ်ပြီး တွေးတော ဆင်ခြင် မှုတွေ ပြုရပါမယ်။ အမှန်နဲ့အမှားကို ဖော်ထုတ်ရပါမယ်။ ဒီနေရာမှာ တရားဥပဒေဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ကြည့်ဖို့ လိုအပ်လှ ပါတယ်။ ဘယ်လို တရားဥပဒေလဲ။ မတရားမှုတွေကနေ ဥပဒေဖြစ်နေတာလား။ ပုန်ကန်ထကြွမှုတွေ၊ လူထုတိုက်ပွဲတွေ ဆိုတာက ကော ဘာကြောင့် ပေါ်ထွက်နေရတာလဲ။ မတရားတဲ့ဥပေဒေကို ပုန်ကန်နေကြတာလား၊ တရားတဲ့ဥပဒေကို ပုန်ကန်နေကြတာလား ဆိုတာ ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်မှာ လူထုတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာတော့ တပ်မတော်သားတွေမှာ အရိုးစွဲအောင် ရိုက်သွင်းခံထားရတဲ့ အမိန့်နာခံတတ်မှုနဲ့ လူသားပီသစွာ စဉ်းစားတွေးခေါ်ဆင်ခြင်မှု နှစ်ခုအကြားမှာ ပဋ္ဋိပက္ခဖြစ်ရတော့တာပါပဲ။ ဒီလွန်ဆွဲပွဲတွေထဲမှာ တခါ တရံမှာ အမိန့်နာခံတတ်မှုက အနိုင်ရသွားပါတယ်။ တခါတရံမှာ စဉ်းစားတွေးခေါ်ဆင်ခြင်မှုက အနိုင်ရသွားပါတယ်။ အာဏာရှင်တွေ ကို တော်လှန်ကြတဲ့ လူထုတော်လှန်ရေးတွေမှာ တပ်မတော်က ပြည်သူတွေဘက်ကို ရပ်တည်လိုက်တယ်ဆိုတာမျိုးတွေဟာ စဉ်းစား တွေးခေါ် ဆင်ခြင်မှုက အနိုင်ရသွားတာတွေဖြစ်ပါတယ်။ အာဏာရှင်အမိန့်ပေးတဲ့အတိုင်း ဦးလည်မသုန် တာဝန်ကျေပွန်တယ်ဆိုတာ ကတော့ အမိန့်နာခံမှုက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်နှစ်ဘက်ဆိုတာတွေထက် တာဝန်က တရား ဥပဒေစိုးမိုးရေးဆိုတာကို စတင်စဉ်းစားမိဖို့ပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာမှာကလဲ စစ်အာဏာရှင်တွေရဲ့ အမိန့်ကိုနာခံမှပဲ တရား ဥပဒေ စိုးမိုးရေး ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူလူထုဘက်က ရပ်တည်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိပြီး၊ ဆင်ခြင်တုံတရားရှိတဲ့ တပ်မတော်ခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလဲ တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်လို့ ရတယ်ဆိုတာ စစ်မှန်တဲ့ တပ်မတော်သားတွေ သိရှိနေဖို့ လိုအပ်လှပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ တပ်မတော်ထဲမှာ အချိန်တန်ရင် လူသားပီသစွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရွေးချယ်မယ့် တပ်မတော်သားတွေ ရှိတယ်ဆိုတာကိုလဲ သဘောပေါက်သိ မြင်ကြပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲတွေကျင်းပပြီး၊ စစ်တပ်နဲ့ ပြည်သူအကြား သဘောထားကွဲလွဲမှု ပုံသဏ္ဍာန်တွေဖြစ်အောင် ထပ်မံပြုလုပ်တတ်ကြပါတယ်။
နောက်ထပ် တပ်မတော်ရဲ့ အခန်းကဏ္ဍတရပ်ကတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ မူဝါဒတွေမှာ instrument policy အနေနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကမှ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ စစ်မဟာဗျူဟာအခင်း အကျင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ တပ်မတော်အကြီးအကဲတွေကို မတိုင်ပင်မညှိနှိုင်းပဲ မူဝါဒတွေ မချမှတ်ကြပါဘူး။ ချမှတ်လို့လဲ မရ ပါဘူး။ ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ပင်တဂွန်လို့ခေါ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေး ကောင်စီ၊ ကွန်ဂရက်အတွင်းက Armed Services Committee တွေကတဆင့် အမေရိကန်တပ်မတော်ရဲ့ ပါဝါကျင့်သုံးလွှမ်းမိုးမှုတွေ ရှိနေတာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးရာတွေအတွက် insider group ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့အခန်း ကဏ္ဍတွေရဲ့ strategic expertise နဲ့ technical knowledge တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော အင်စတီကျူးရှင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်လဲ အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတော်ဖြစ်တည်မှု တြိဂံသဏ္ဍာန်ကို ပညာရှင်တွေက ဖော်ကျူုး ထားကြတာဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး၊ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍသစ်ကို တောင်းဆိုနေစရာ မလိုအပ် ပါဘူး။ သူ့ဘာသာသူ ဘုရားဒကာမို့ ဘုရားဒကာကြီး၊ ရပ်ရွာလူကြီးလို့ တလေးတစား သတ်မှတ်ထားတာကို အနေမတတ်၊ အထိုင် မတတ်နဲ့ ရွာထဲလှည့်ပြီး ကြက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ဖဲဝိုင်းလဲ လူကြီးလုပ်ချင်၊ အရက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ကလေးတွေကစားတဲ့ ကျောက်ဒိုးဝိုင်းလဲ ပါလိုက်ချင်ချင် လုပ်နေလို့ ရှိသမျှသိက္ခာကျပြီး ပါလေရာလူကြီးလို့ လူအရိုအသေတန် ကုန်တာတွေ ဖြစ်တတ်ပါ တယ်။ ကိုယ့်အဆင့်နဲ့ ကိုယ့်နေရာကို သိဖို့ လိုအပ်လှပါတယ်။ နအဖစစ်အာဏာရှင်တွေက ရေးဆွဲအတည်ပြုထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဆိုရင် “နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး” ဆိုတဲ့ စကားလုံးကြီးကို သုံးပြီး တပ်မတော်က မူလနေရာယူထားတဲ့ ဘုရားဒကာ၊ ရပ်ရွာလူကြီး အခန်းကဏ္ဍကို ပါလေရာ လူကြီးကဏ္ဍကို လျှော့ချလိုက်တာသာ ဖြစ် ပါတယ်။ အစိုးရ၊ ပြည်သူ၊ တပ်မတော်ဆိုတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုကို ပြယ်ပျက်စေပြီး၊ အစိုးရနေရာမှာ တပ်မတော်ကို ခြေဖြတ်၊ လက်ဖြတ်ပြီး ထည့်သွင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။
အဲဒီအခါမှာ တပ်မတော်ရဲ့ မူလရပ်တည်ချက်နဲ့ ပင်မတာဝန်တွေလဲပျက်၊ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့ အစိုးရအကြား က အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ လေးစားမှုတွေလဲ ပျက်ပြယ်ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအ တွက် မျိုးချစ်စိတ်ဓာတ်နဲ့ တပ်မတော်ထဲဝင်လာတဲ့ နိုင်ငံ့သားကောင်းရတနာတွေဟာလဲ ကိုယ်ကပြရမှာ မဟုတ်တဲ့ စင်ပေါ်မှာ အာ ဏာရှင်တွေ ကြိုးဆွဲတဲ့ ရုပ်သေးလေးအဖြစ် တက်ကကြရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ ခဲနဲ့ ပေါက်မှုတွေ၊ တံထွေးနဲ့ ထွေးမှုတွေ ကို ကြားထဲကနေ ခံကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုရုပ်သေးဘဝရောက်ပြီးမှ မိမိနဲ့ သက်ဆိုင်တဲ့ ပင်မတာဝန်တွေကို ပြန်ပြီး တာဝန် ထမ်းဆောင်ပြန်တော့လဲ မိခင်တပ်မတော်ကြီးအတွင်းမှာ ကိုယ်နဲ့ ကျောင်းအတူတူဆင်းခဲ့သူတွေကို အထက်လူကြီးတွေအနေနဲ့ ဆက် ဆံရတာတွေ၊ သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်တခုမှာ သဟဇာတဖြစ်အောင် ပြန်ညှိရတာတွေနဲ့ လူကန့်လန့်တွေဘဝကို ကျ ရောက်ကြရဦးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တပ်မတော်သားတွေ နိုင်ငံရေးဝါသနာမပါရဘူး၊ နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုနေတာ မဟုတ်ပါ။ ဝါသနာပါရင် တပ်က ထွက်ပြီး နိုင်ငံရေးသမားဘဝကို အပြည့်အဝခံယူလို့ရပါတယ်။ ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ နိုင်ငံရေးသမားတွေ အကြား ရောက်နေမှာကတော့ အမြင်မတော်၊ ဆင်တော်နဲ့ခလောက်ဆိုသလိုပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်သား ကိုယ်စားလှယ်ဆို တာကိုက အင်အားပြမှု အနေအထားတခု ဖြစ်နေတာကြောင့် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်၊ တန်းတူညီမျှခွင့် အခြေခံသဘောတ ရားတွေ လွှမ်းခြုံနေတဲ့ ပါလီမန်နဲ့ သင့်လျော်မှု မရှိပါဘူး။ မအပ်စပ်ပါဘူး။ အင်အားအတူတူညီမျှပြီး အတူတကွ ကစားနေကြတဲ့ က လေးတွေအကြားမှာ ဗလတောင့်တောင့်၊ အင်အားကြီးကြီး လူကြီးတယောက်ကို တွေ့လိုက်ရရင် ဒီလူကြီးကို လူ့အဖွဲ့အစည်းက ဘယ် လိုမြင်ပါသလဲ။ ဒီလူကြီးဟာ ကျပ်မပြည့်တဲ့ လူကြီးဖြစ်နိုင်ဖို့က ရာခိုင်နှုန်းတော်တော်များတယ် မဟုတ်ပါလား။ ဒါကြောင့် တပ်မတော် သားတွေကို နိုင်ငံရေးမလုပ်ရဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း ဆိုတာဖြစ်ပါတယ်။ ကျပ်မပြည့်တဲ့လူကြီး မဖြစ်စေဖို့ အင်အားအရေခွံ ကိုခွာပြီး ရိုးရှင်းစွာ နိုင်ငံရေးကစားကွင်းထဲကို ဝင်လာသင့်ပါတယ်။
ဒါဖြင့်ရင် နအဖစစ်အုပ်စုတွေဟာ ရိုးရှင်းစွာ အရပ်သားပါတီသစ်ထောင်ပြီး၊ ရွေးကောက်ပွဲထဲ ဝင်လာတာမဟုတ်ပဲ ဘာဖြစ်လို့ ကလိမ် ကကျစ်ဥာဏ်တွေသုံးပြီး နိုင်ငံရေးအာဏာရဖို့ လုပ်နေကြရသလဲ ဆိုတာကို စဉ်းစားကြည့်ကြရအောင်ပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့ ဝင်ရောက်ယှဉ်ပြိုင်မှု မလုပ်ရဲသလဲ။ အဖြေက ရှင်းပါတယ်။ ဆင်ဖြူရဲ့မျက်နှာကို ဆင်မည်းက မကြည့်ဝံ့တာ ဖြစ်ပါတယ်။ ပြည် သူလူထုအပေါ် ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ်မှုမရှိခဲ့ပါဘူး။ မတရားမှုတွေကို ဥပဒေဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကိုမလုပ်ဘဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်၊ ဆွေတော်မျိုးတော် ကောင်းစားရေးကိုသာ အကောင်အ ထည်ဖော်ခဲ့ကြပါတယ်။ မြန်မာ့မျိုးဆက်တွေရဲ့ ပညာရေးကိုစနစ်တကျ အကွက်ချပြီး ဖျက်ဆီးထားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ကျန်း မာရေးကို အလေးမထားတာကြောင့် နအဖလက်အောက်မှာ နေ့စဉ်နဲ့အမျှ မကြွေသင့်ဘဲ ကြွေနေရတဲ့ အသက်ပန်းလေးတွေ အများ ကြီးပါပဲ။ ဒါတွေကို သူတို့သိနေကြပါတယ်။ ပါးစပ်ကနေသာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ပေးနေတယ်လို့ ထွက်ဆိုနေပေ မယ့် ဒီစကားတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုသူတို့ သိနေကြပါတယ်။ လူဆိုတာက မှန်မှန်ကန်ကန် လုပ်နေသူတွေဆိုရင် ပြတ်ပြတ် သားသား ဘာကိုမှရင်ဆိုင်ရမှာ မစိုးရိမ်ပေမယ့် ခိုးကြောင်ခိုးဝှက်လုပ်ထားသူတွေကျတော့ အလိမ်တွေပေါ်မှာကြောက်ပြီး ဟိုဖုံး၊ ဒီဖိ လုပ်တာ၊ လူတွေကို မရိုးမသားဆက်ဆံတာတွေ လုပ်တတ်ပါတယ်။ ဘယ်သူကမှ ရန်မရှာပဲနဲ့ ရန်လိုနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ တဘက်သားကို မယုံကြည်စိတ်တွေနဲ့ပဲ လူတွေကို ဆက်ဆံတတ်ပါတယ်။
နအဖစစ်အာဏာရှင်တွေမှာလဲ ဒီလက္ခဏာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ မကောင်းပြုခဲ့တဲ့ကံတွေ သူတို့ဆီ ပြန်လာမှာကို စိုး ရိမ်စိတ်တွေ၊ သားစဉ်မြေးဆက် ဆွေတော်မျိုးတော် ကောင်းစားရေးအတွက် စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေနဲ့ စီးပွားရေးလုပ်ငန်း တွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တွေ၊ လူတဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိတဲ့ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ မနေဖူးပဲ မုဆိုးဘဝနဲ့ သားကောင်လိုက်ပစ်နေတဲ့ ဘဝမှာပဲ နေဖူးတာကြောင့် သားကောင်တလှည့်ဖြစ်လာမှာကို စိုးရွံ့စိတ်တွေက သူတို့ရဲ့ စိတ် အစဉ်တွေကို လွှမ်းမိုးပါတော့တယ်။ ဒီအခါမှာ ပါလီမန်ထဲမှာဖြင့် သူတို့ရဲ့ လက်အောက်ငယ်သား ရုပ်သေးကြိုးဆွဲလေးတွေ ပါနေရင် တော့ ဒီလိုကြောက်လန့်ရမှုတွေ လျော့တန်ကောင်းပါရဲ့ဆိုတဲ့ အတွေးတွေနဲ့ မကြံကောင်း၊ မစည်ရာ တပ်မတော်ကြီးတရပ်လုံး သမိုင်း အဆက်ဆက် သိက္ခာကျစေမယ့်၊ ပါလီမန်ထဲ တပ်မတော်သားတွေ သွတ်သွင်းတဲ့ အစီအစဉ်ကြီးကို အကောင်အထည် ဖော်ကြတော့ တာပဲ ဖြစ်ပါတယ်။ သူတို့နဲ့ သူတို့သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အနာဂတ်ကြီးကို ပုံဖျက်ဖို့ကြိုးစားနေ ကြသူများပဲ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီးမှာ တပ်မတော် သားကောင်းရတနာတွေ အသုံးချခံကြရပါမယ်။
နိုင်ငံတကာ အရပ်ရပ်က အဆင့်မြင့် တပ်မတော် တွေဆိုတာက သူ့အဆင့်အတန်းနဲ့သူ သီးခြားရပ်တည်ပြီး၊ ရွေးကောက်ပွဲဆိုရင် တပ် မတော်သားတွေဟာ မဲတောင်ပေးခွင့်မရှိပါဘူး။ ဒါမှလဲ ဘက်လိုက်မှုကင်းပြီး၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ ကာကွယ် ရေးကဏ္ဍနဲ့ နိုင်ငံတော်လုံခြုံရေးကဏ္ဍမှာ အပြည့်အဝ အာရုံစိုက် တာဝန်ထမ်းဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုမှာဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို စနစ်တကျ ပြန်တည်ဆောက်ရမှာဖြစ်တဲ့အတွက် ပို ပြီးတောင် သီးခြားရပ်တည်သင့်ပါသေးတယ်။ ဒါကြောင့် တပ်မတော်ရဲ့ မှန်ကန်တဲ့အနာဂတ် အခန်းကဏ္ဍအတွက် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ ခြယ်လှယ်ပုံသွင်းတာကို လက်မခံပဲ ပြည်သူလူထုနဲ့ လက်တွဲသင့်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် legitimacy
အာဏာရှင်ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ legitimacy (တရားဝင်ခွင့်) ကိစ္စရပ်ပဲ ဖြစ် ပါတယ်။ legitimacy ဆိုတာမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးရှိပါတယ်။ ပြည်တွင်းတရားဝင်ခွင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အာ ဏာရှင်တွေဟာ အာဏာကို ဆုပ်ကိုင်ထားရတာ၊ ကိုယ်လိုရာ ဖန်တီးဆောင်ရွက်နေရတာတွေကို အင်မတန်ပျော်ရွှင်နှစ်သက်ပြီး သာ ယာကြပါတယ်။ အာဏာနဲ့ငွေကြေးဆိုတာ လူတွေရဲ့စိတ်တွေကို ၁၈ဝ ဒီဂရီတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လူသားဆိုတာက လဲ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တဲ့အတွက် ဝမ်းနည်းစရာရှိရင်လဲ ပယ်ပယ်နယ်နယ် ငိုကြွေးလိုက် ရမှ၊ ခံစားလိုက်ရမှ ဖြစ်တတ်သလို သာယာစရာ၊ ဝမ်းသာစရာတွေရှိရင်လဲ အပြတ်အသတ်ကို အရာရာမေ့ပြီး သဘောတွေ့ မနောခွေ့ တတ်ကြတာ မဟုတ်ပါလား။ ဒီတော့ အာဏာရှင်တွေကလဲ လူသားတွေမို့ အာဏာတွေ၊ အာဏာနဲ့တွဲလာတဲ့ ငွေကြေးအရှိန်အဝါတွေ ကို သဘောတွေ့လာကြပါတယ်။ ဒါပေမယ့် အာဏာကို ဒီအတိုင်းပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာကော၊ ပြည်ပမှာပါ တ ရားဝင်အစိုးရဖြစ်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ ဒီအတွက် ရှဥ့်လဲလျှောက်သာ၊ ပျားလဲစွဲသာဖြစ်အောင် လူသေ အလောင်းကို မှော်သွင်းပြီး ရှင်အောင်လုပ်ထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သ ရဲကြီးပြီး သဘက်ဖြစ်သွားရင် မနိုင်မှာစိုးတဲ့အတွက် ထိန်းညှိရေး၊ ထိန်းချုပ်ရေး ယန္တရားတွေကိုလဲ စီမံထည့်သွင်းကြရပြန်ပါတယ်။ ရုပ် သေးကြိုးဆွဲဖြစ်ဖို့အတွက် စစ်ဗိုလ်တမတ်သားလဲ ထည့်ရ၊ အကျိုးမျှော်လို့ ညောင်ရေလောင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ အတင်းရွေးကောက်ပွဲဝင်ခိုင်းရ၊ တပ်မတော်သားတွေက ပြည်သူတွေနဲ့ပေါင်းသွားမှာ စိုးရိမ်ရသေးတဲ့အတွက် တခြားမွေးထားတဲ့ ရပ် ကွက်ထဲက လူမိုက်၊ လူတေ မွေးစားသားလေးတွေကိုလဲ ချီးမြှောက်ရ၊ ရွေးကောက်ပွဲအတွက် စည်းရုံးခိုင်းရ၊ ရွေးကောက်ပွဲဝင်ဖို့ ဆု တော်လာဘ်တော်တွေပေးရ၊ ကိုယ့်ပညာနဲ့ကိုယ် တကမ္ဘာလုံးဘယ်မှာနေနေ တင့်တင့်တယ်တယ် အေးအေးလူလူနေနိုင်ပေမယ့် မြှောက်ပင့် ခိုင်းစားခံရတာကိုမှ ဂုဏ်ယူချင်နေကြတဲ့ ပညာရှင်တပိုင်း၊ ဗျူရိုကရက်ပေါက်စတပိုင်းတွေကို မြှောက်ပင့်ပေးပြီး ရွေး ကောက်ပွဲကို လူတွေထောက်ခံချင်လာအောင် ပြောခိုင်း၊ ဆိုခိုင်းရနဲ့ ဖြစ်နေတော့တာပါပဲ။
ဒါတွေက မြန်မာပြည်က အာဏာရှင်တွေတင်မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့ လက်တင်အမေရိက နိုင်ငံများစွာက အာဏာရှင် ရွေးကောက်ပွဲတွေမှာ ဒီလိုလက္ခဏာရပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ရွေးကောက် ပွဲနဲ့ တက်လာတဲ့ အစိုးရမှာ ကိုယ့်ဘက်တော်သားတွေ အများအပြားပါဝင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းယူတတ်ကြတာ အာဏာရှင် တိုင်းလိုလိုပါ။ ဒါမှလဲ သူတို့ရဲ့ အနာဂတ်အတွက် စိတ်အေးရမှာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် မြန်မာပြည်အာဏာရှင်လို ရုပ်ပျက်ဆင်းပျက် ဖွဲ့စည်းပုံဥပဒေထဲ ကိုယ်လိုချင်တဲ့ အချက်တွေ ဆွဲထည့်ပြီး၊ မဲမခိုးရပဲ ပါလီမန်ထဲ လူရောက်အောင်လုပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှာ ရှာမှရှားပါပဲ။ မြန်မာတွေမှာ ကမ္ဘာတဝှမ်းက လူတွေနဲ့မတူတဲ့ ထူးခြားဆန်းကျယ် အရည်အချင်းတချို့ ရှိတတ်ပါတယ်။
ဒီအထဲမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ အရည်အချင်းဟာ လူသိရှင်ကြား နာမည်ကျော်ကြားတဲ့ အရည်အချင်းတရပ်အနေနဲ့ ပါပါ တယ်။ နအဖစစ်အုပ်စုကလဲ ဒီအရည်အချင်းနဲ့ အင်မတန်ပြည့်မှီပါတယ်။ ကိုယ်တိုင်က ပြည်သူ့အာဏာကို ကြောင်တောင်ဝင်နှိုက် ထားပေမယ့် အာဏာကို ပြည်သူ့ဆီကသာ သက်ဆင်းစေဖို့ တောင်းဆိုနေကြသူတွေ ကျပြန်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ဖျက်ဆီးသူများလို့ သမုတ်ပြန်ပါတယ်။ လင်ယောက်ျားကြီး ငုတ်တုတ်ရှိနေတဲ့ မိန်းမတယောက်ကို ကြောင်တောင်ဝင်နှိုက်ပြီး၊ လင်ယောက်ျားကြီးကို သူခိုးပါ စွပ်စွဲ တာမျိုးနဲ့ တူပါတယ်။ ကြမ်းပိုးက လိပ်ဖြစ်အောင် တတ်နိုင်ပါပေ့လို့ ဆို ရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဒီလောက်တောင် ဗြောင်ကြီး ကြောင်တောင်နှိုက်နေတာဆိုတော့ နအဖ စစ်အုပ်စုဟာ ပြည်တွင်းတရား ဝင်ခွင့် (domestic legitimacy) ကို ဒီလောက်အထိ အလေးထားရုံ မပေါ်ပါဘူး။ ရွေးကောက်ပွဲဖြစ်ရင် ပြီးရောလောက်သာ သဘော ထားပါတယ်။
နအဖစစ်အုပ်စု အမှန်တကယ်ဦးတည်တာက international legitimacy ပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် political liberalization နည်းလမ်းကနေ legitimacy ရလာမယ့် အခွင့်အရေးတွေကို မျက်စပစ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Levitsky နဲ့ Way တို့က စစ်အေးကာလနှောင်းပိုင်းမှာ Political liberalization နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အသုံးစရိတ်တွေ မြင့်တက်လာ တယ်ဆိုတာကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေက အာဏာရှင်အစိုးရတချို့ကို liberalization လုပ်ရင် ရလာနိုင်မယ့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ကူညီမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး ဆွဲဆောင်သိမ်းသွင်းတာ ဖြစ်ပါတယ်။ အ ကြောင်း အမျိုးမျိုးကြောင့် ကနဦးဒီမိုကရေစီပြောင်းလဲမှု (Initial Democratization) မစတင်နိုင်သေးတဲ့ တိုင်းပြည်တွေမှာ Political liberalization ကနေ တဆင့် ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု (democratic consolidation) ကိုတက်လှမ်းနိုင်မလား ဆိုတာ ကို အနောက်အုပ်စု နိုင်ငံကြီးတွေက စဉ်းစားလာကြတာတွေ ရှိပါတယ်။ ဒီလိုစဉ်းစားလာမှုတွေရှိတဲ့အခါ မူလက ကနဦးဒီမိုကရေစီ ပြောင်းလဲမှုကို အကောင်အထည်ဖော်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို Political liberalization လမ်းကြောင်းပေါ်ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့တာတွေ ရှိတတ်ပါတယ်။
ဒီနည်းလမ်းတွေထဲမှာ အတွေးအခေါ်နည်းလမ်းနဲ့ ငွေကြေး incentives နည်းလမ်းတွေ ပါဝင်ပါတယ်။ “ဘာပါလီမန်မှ မရှိတာထက်စာ ရင် စစ်ဗိုလ်တမတ်သား ပါလီမန်ကလဲ ကောင်းတာပဲ”၊ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်ရတာ”၊ “ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ democratic consolidation ကသာ အဓိကဖြစ်တာမို့ Initial democratization ထဲက အသုံးအနှုန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲတို့၊ တော်လှန်ရေးတို့၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရတို့ စတဲ့စကားလုံးတွေကိုမသုံးတော့ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပဲပြောကြ”၊ “မလွဲမသာလျှောက်ရမယ့် လမ်းကိုပဲ လိုက်လျှောက်ပြီး ပါလီမန်ထဲမှာပဲ တိုက်ပွဲဝင်တာကောင်းတယ်” စတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ political liberalization လမ်းကြောင်းကို အခြေတည်ပြီး ထွက်ပေါ်လာတာတွေပဲ ဖြစ်ပါ တယ်။
တပြိုင်နက်တည်းမှာ ဒီလမ်းကြောင်းခိုင်မာသွားဖို့အတွက် နိုင်ငံရေးသမားတွေကို သက်ဆိုင်ရာအန်ဂျီအိုတွေ၊ နိုင်ငံတွေကတဆင့် ရွေး ကောက်ပွဲဝင်ဖို့ လှုံ့ဆော်တာတွေ၊ ရွေးကောက်ပွဲပြီးရင် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာတွေ၊ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ကင်ပိန်းတွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့သင်တန်းတွေ ကျင်းပပေးနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ လုပ်ကြ တာတော့တာပါပဲ။ တချိန်တည်းမှာပဲ အာဏာရှင်ကိုလဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ကုန်သွယ်ရေး၊ စီးပွားရေးအကျိုးအမြတ် တွေနဲ့ မက်လုံးပေးပါတယ်။ ဒါက အနောက်နိုင်ငံတွေ initial democratization ကနေ democratic consolidation ကို သွားတဲ့ လမ်း ကြောင်းကို မထောက်ခံတော့ပဲ Political liberalization ကနေ democratic consolidation ကိုသွားတဲ့ လမ်းကြောင်းကို ခင်းပေးတဲ့ အခါ လုပ်လေ့လုပ်ထရှိတာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လဲ ဒီလိုလမ်းခင်းပေးမှုတွေဟာ အောင်မြင်မှုနည်းပါးပြီး၊ အာဏာရှင်ရွေးကောက်ပွဲတွေကတဆင့် အာဏာရှင်အင်စတီး ကျူးရှင်းတွေ ပိုမိုခိုင်မာတောင့်တင်းလာအောင် ပြုလုပ်ပေးလိုက်သလိုသာ ဖြစ်သွားတယ်တယ်လို့ ပညာရှင်တွေက ထောက်ပြရေး သားလာကြပါတယ်။ Political liberalization ဖြစ်လာပေမယ့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မာမှုကို ဆက်ပြီး အကောင်အထည် မဖော် နိုင်တော့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ international legitimacy နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေ ရလာနိုင်တာကြောင့် အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို လုပ်ချင်နေကြတာ ပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ဒီလို အာဏာရှင်ရွေးကောက်ပွဲတွေရဲ့ နောက်ပိုင်းကာလမှာ ပေါ်ထွက်လာနိုင်မယ့် မြန်မာပြည် အ နာဂတ် အခြေအနေကို လေ့လာကြည့်ကြရအောင်ပါ။
မြန်မာပြည်အနာဂတ်
ဒီလိုနဲ့ အတိုက်အခံအင်အားစုများပြိုကွဲရေး၊ စစ်တပ်ကို အသုံးချပြီး စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy ရရှိ ရေးတွေကို ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေပြု အာဏာရှင်ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ အနာဂတ်မြန်မာ ပြည်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။
အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအကြားမှာ အက်ကြောင်းတွေ ဖြစ်မယ်၊ အဖွဲ့တွေ ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှန်တရားတရပ် တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပ်စုက political liberalization လမ်းကြောင်းကိုပဲ ဦးစားပေးလာတဲ့အခါ အတိုက်အ ခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထုတိုက်ပွဲဆိုတဲ့ စကားလုံးတွေကို စကားဟဟတောင် မပြောရဲ တော့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေးကောက်ပွဲကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံ ရေးဆိုတဲ့ စကားလုံးတွေကပဲ ပေါ်ထွက်လာမယ်လို့ ပညာရှင်တွေ ဆန်းစစ်ထားကြတာကလဲ ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ် ပါတယ်။ ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့ လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာလား ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်” တဲ့။
ဒါဟာ ကမ္ဘာတဝှမ်းက လူထုတော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေသရွေ့ ပုန်ကန်ထ ကြွမှုတွေ ဆိုတာကလဲ ရှိနေစမြဲပါပဲ။ တော်လှန်ရေးအင်အားစုတရပ် ပြိုလဲကျတာနဲ့ အင်အားစုအသစ်တွေကလဲ ထွက်ပေါ်လာစမြဲပါ ပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာ ဝေဝါးမှုရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်သစ်တွေက ပေါ်ပေါက်လာစမြဲပါပဲ။ လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်စားမပြုတော့တာနဲ့ လူထုက လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တာဝန်ကျေခဲ့တယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
၁၉၂ဝ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့ တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက အားပေးခဲ့ကြတယ်။ မ ကြာပါဘူး။ ၁၉၂၂ ရောက်တော့ ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က မျက်စပစ်လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ် ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ အသင်းကြီး လေးစိပ်လောက် ကွဲနေခဲ့ပြီ။ နိုင်ငံရေးဒိတ်ဒိတ်ကြဲ ခေါင်းဆောင် ကြီးတွေ လူထုမျက်နှာကို မကြည့်ကြပဲ အာဏာနောက်၊ ဥစ္စာဓနနောက် တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အ မတ်နွံနစ်လိုက်ကြပုံများ လူကြားမကောင်း၊ သူကြားမကောင်း။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “တောင်ကျရေနွားနှစ် ကောင် မဝသလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်” လို့ စာချိုးရေးရတဲ့အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာ နောက်၊ ဥစ္စာနောက် လိုက်ခဲ့ကြတာကလား။ ဒီအချိန်မှာ လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသားလွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေး ကို တောင်းဆိုခဲ့တဲ့ သခင်ဘသောင်းဦးဆောင်တဲ့ တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ဝိုင်းဝန်းထောက်ခံခဲ့ကြပါရောလား။ ဒိုင်အာ ခီအမတ်တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေပြောသမျှ ခေါင်းပေါင်းစတလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာတ တွေ၊ ဒါ-ဒို့ပြေ၊ ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ” ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန် ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံ တွေက ပါလီမန်နဲ့ နယ်ချဲ့ အာဏာရှင်အသိုင်းအဝိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။
လူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုကို ကိုယ်စားပြုသူတွေဆိုတာ လူထုရဲ့ မျက်နှာကို ဖတ်တတ်ရမယ်၊ လူထုရဲ့ နှလုံးသားထဲက စကား သံတွေကို နားထောင်တတ်ရမယ်၊ လူထုရဲ့ မျက်လုံးကကျလာတဲ့ မျက်ရည်တွေကို ခံစားတတ်ရမယ်။ ဒါတွေကို သွေဖယ်ပြီး လူထုက သာ ခေါင်းဆောင်တွေ ဆုံးဖြတ်လုပ်ကိုင်တာကို လက်ခံရမယ်ဆိုတဲ့ အတွေးအခေါ်တွေ လူထုကိုယ်စားပြုသူတွေရဲ့ စိတ်ထဲရောက် လာ တာနဲ့ တပြိုင်နက် သူတို့နဲ့ လူထုကြီး ကွဲကွာသွားပြီဆိုတာ အသေအချာပဲ။
အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို ကနဦး လုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်းဆောင်တွေကို သူ တို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလို လုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက် တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့ အာဏာရှင်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မယ်။ ဒါကို လူထုက လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီလိုအခြေအ နေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေး တွေက ဟန်ချက်ညီ ထွက်ပေါ်ရပါတယ်။ ဒါကို အချို့ကလဲ ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက ပွဲကြည့်ပရိသတ် သာဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊ သရေကျတာတွေက ကွင်းထဲက ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။
ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့ ပရိသတ်မဟုတ်ဘူး။ စစ်အာဏာရှင်ဆန့်ကျင် ရေး ကာလတလျှောက်လုံးမှာ ပြည်သူလူုထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ ရင်းထားရတာ။ နှစ်ရှည်ထောင်ဒဏ် ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲလို့ မျှော်လင့်နေတဲ့ ကလေးငယ်လေးတယောက်ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့် သတ်ဖြတ်ခံရလို့ နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊ ဖအိုတွေရဲ့ ငိုကြွေးနေတဲ့ နှလုံးသား၊ ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီး သည်တွေ၊ ချစ်သူတွေကို မျှော်လင့်ရင်း ကျဆင်းနေတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့ မတတ်နိုင်လို့ မသေသင့်ဘဲသေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့ သားသမီးတွေရဲ့ အသက် မဲ့မျက်နှာ၊ ဆာလောင်ပြီး ငိုကြွေးနေတဲ့ ကလေးငယ်လေးကို အဆာပြေကျွေးစရာ ဘာမှ မရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တ ယောက်ရဲ့ လက်သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ဝမ်းနည်းနေတဲ့ လမ်းဘေးက သူတောင်းစားက လေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်နေတာကို မြင် ထားရတဲ့ လူထုရဲ့ နာကျည်းမှုတွေ။
ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။ ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး အမျိုးသားသင့်မြတ် ရေးပဲလုပ်မယ်” လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့် အရာတွေ မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး တ ကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊ အာဏာရှင်ရွေးကောက်ပွဲ ပြီးသွားရုံလောက်နဲ့ ဖြစ်လာ နိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊ တာဝန်ရှိသူတွေကို လူထုအကြားမှာ ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့ သူတွေဟာ လူထုကို ဝန်ချတောင်းပန်ရမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင် ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တ ရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဆိုတာ ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ (interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ မဟုတ်ပေမယ့် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။ လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက် ဝန်ချတောင်းပန်တာ၊ လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီးရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။ လုပ်ဆောင်ရတဲ့ အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်းဆိုရအောင် နအဖရေးဆွဲအတည်ပြုထား တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်တပိုဒ်တလေ၊ လိုက်လျောမှုတစုံတရာများ ရှိနေ တာမှ မဟုတ်သေးတာကလား။ ဒီလိုမဟုတ်ပဲ အတိတ်ကိုမေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊ ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆိုတာက ဘာနဲ့ သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက ကျေးရွာသူလေးကို မြို့ပိုင်သားက စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး “ငါက ရွာ အကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေးမယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။ မဟုတ်ရင် နင်ကလဲ မိန်းကလေးဆိုတော့ ရပ်ကျော်ရွာ ကျော်ဖြစ်ပြီး သိက္ခာကျမယ်။ ဟိုဘက်ကလဲ မြို့ပိုင်သား။ အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့ မကြိုးစားပါနဲ့” လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက မြို့ပိုင်သားရဲ့ ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင် နယ်ချဲ့ရဲ့ ဖိနှိပ်စော်ကား မှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။ သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့အလိုတော်ရိ” လို့ အမည်တပ် ပါတယ်။
မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန်စနစ် ရှင်သန် ခိုင်မာရေး၊ အာဏာရှင်သားစဉ်မြေးဆက် ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့စိတ်ကြိုက် ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။ စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆိုတာက သူတို့ဘက်က ပိုင်ပြီဆိုတော့မှ elite management process ဖြစ်တဲ့ ရေပေါ်ဆီနိုင်ငံရေးသမားတွေကို အာဏာရှင်ရွေးကောက်ပွဲတွေ၊ အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့ စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတာပဲဖြစ်တယ်။ ဒါကို မမြင်ပဲ “မောင်မောင်ခေါ်တိုင်း ဗျာ လိုက်ထူး” လို့ကတော့ “အာဏာရှင်အလိုတော်ရိ” ဆိုတဲ့ ဆိုင်းဘုတ်ကို လူထုက လည်ပင်းမှာ စွပ်ပေးလာကြမှာပဲ ဖြစ်တယ်။ စစ်မှန် တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲ ပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတွေကလဲ စဉ်ဆက်မပြတ်ဆက်ထွက်နေဦးမှာ အသေအချာပဲ။ အာဏာရှင် ရွေးကောက်ပွဲတွေဟာ ရေပေါ်ဆီ နိုင်ငံရေးအသိုင်းအဝိုင်းတွေကို လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာနွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ အနစ်မခံကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး ပူးပေါင်းမိလာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန် ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့ ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန် ရေး လှုပ်ရှားမှုတွေကလဲ ရှိနေဦးမှာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။
အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း ဖြေရှင်းလေ့ရှိတယ်လို့ ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့ ပူးပေါင်းသွားချိန်မှာ စစ်တပ်ဒေါက်တိုင် ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေ ထည့်လိုက်တာဟာ မြားတစင်းထဲနဲ့ ဌက်နှစ်ကောင် ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့် တပ်တွင်းမှာလဲ အာဏာရူး၊ အမတ်ရူးတွေရဲ့ အပြိုင်အဆိုင်တွေ ပေါ်လာ ကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲပြန်ရောက်လာတဲ့အခါမှာလဲ အမတ်မဟုတ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘော ထားအကွဲလေးတွေ ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ရူးတဲ့ ဗိုလ်ကလဲ အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ်ကြမယ်။ တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့ တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး ဖရိုဖရဲတွေဖြစ်မယ်။ ရာထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။ အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီး မယ်။ ရာထူးအာဏာစည်းစိမ်တွေကြောင့် ပြည်သူဘက်က ရပ်တည်တဲ့တပ်မတော်ဖြစ်လာဖို့ ရာခိုင်နှုန်းက တော်တော်နည်းသွားပါ မယ်။ တပ်ချုပ်ကြီးအလိုကျ တပ်မတော်သာ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က သူ့အလုပ်ကို သူမလုပ်ပဲ နိုင်ငံရေးအာ ဏာမှာ ကန့်လန့်ကန့်လန့် ဝင်လုပ်နေတော့ ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား ဘယ်လိုမှ ပေါင်းစည်းလို့ မရနိုင်တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။ ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘဝ လှပလေ လို့ သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။
ဒါပေမယ့် တပ်မတော်ထဲမှာရှိနေတဲ့ အက်ကြောင်းဟာ ရာထူးအာဏာတွေအပေါ်မှာပဲ အခြေခံပြီး ရှိနေတဲ့အက်ကြောင်း မဟုတ်ပါဘူး။ အထင်ရှားဆုံး အက်ကြောင်းကြီးက အမိန့်နာခံမှုနဲ့ လူသားပီသစွာ စဉ်းစားဆင်ခြင်တွေးခေါ်မှုဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည် နေတာဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ပြည်သူလူထုဆိုတဲ့ မိခင်ဆီက မွေးဖွားလာခဲ့ကြတဲ့ အမေ့သားတွေပါ။ ရာထူးအာဏာ၊ ဥစ္စာတွေကြောင့် ဘဝမေ့ပြီး အမေအိုကြီးကို ခြေထောက်နဲ့ ကန်တတ်သူတွေ ရှိသလို၊ အမေအိုကို အလုပ်အကျွေးပြုချင်နေကြတဲ့ သားကောင်းရတနာတွေလဲ ရှိနေဆဲပါပဲ။ ဒီလိုသားကောင်းရတနာတွေဟာ အချိန်ကာလတခုမှာ အမိန့်နာခံမှုဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားပြီး အမေ့ရင်ခွင်ကို ပြန်ခိုလှုံလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာကြဦးမှာပဲ ဖြစ် ပါတယ်။ အမေအိုကြီးနဲ့တူတဲ့ ပြည်သူလူထုဟာ ဒီအချိန်ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့ကြပါတယ်။ အမေ့ရင်ခွင်ကို ခိုလှုံလာမယ့် သားကောင်းရတနာတွေကို မျှော်လင့်နေကြပါတယ်။ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမေ့မေတ္တာ၊ စေတနာတွေကို တချိန်မှာ သားတွေ နားလည်လာကြမှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ပြည်သူလူထု၊ အမေ့ရင်ခွင်ဆီပြန်လာတဲ့ တပ်မတော်နဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေက တဘက်၊ ဒေဝဒတ်ကို ဆရာတင်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားအချို့နဲ့ လူထုစေတနာကို စော် ကားပြီး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကို သစ္စာဖောက်တဲ့ အာဏာရှင်အလိုတော်ရိတွေက တဘက် ထိပ်တိုက်ရင်ဆိုင်ရမှု တွေ ရှိလာကြဦးမှာ မလွဲသေချာပါပဲ။
အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ legitimacy နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အာဏာရှင်တွေက “အာဏာရှင်ရွေးကောက်ပွဲလေးတွေ ကျင်းပလိုက်ရရင်ဖြင့် legitimacy တော့ရပြီ၊ ပြည်ပက အရေးယူမှုတွေတော့ ရပ်ပြီ၊ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ၊ ကူညီထောက်ပံ့မှုလေးတွေ ဝင်လာလို့တော့ဖြင့် တို့ရဲ့သားစဉ်မြေးဆက်တွေ ထောင်ထားတဲ့လုပ်ငန်းတွေ အကျိုးအ မြတ်ရပြီ၊ အရိုးအရင်းကိုက်ဖို့ မွေးထားတဲ့ အဖွဲ့လေးတွေကလဲ တို့ကိုတော့ သစ္စာရှိရှိနဲ့ တွယ်နှောင်နေတော့မယ်။ အရိုးအရင်းကိုယ်တဲ့ အဖွဲ့လေးတွေလဲ အများကြီး ပေါ်လာဦးမယ်။ အဖွဲ့တွေအချင်းချင်းလဲ ချကြဦးမယ်။ ဒါနဲ့ပဲ သူတို့ဘာသာရှုပ်နေပြီး တို့ကို ဆန့်ကျင်ဖို့ ကိစ္စ တွေးဖြစ်ကြတော့မှာ မဟုတ်ဘူး” လို့ ထင်ကြပါလိမ့်မယ်။ ၂ဝ၁ဝ အလွန်ကာလ အိပ်မက်ကြီးတွေ မက်ပြီး၊ အိပ်မက်ထဲ အနိုင်ဂိုး သွင်းလိုက်ရတဲ့ ဘောလုံးသမားမျက်နှာနဲ့ ဆန့်ဆန့်ကြီးပြုံးပြီး အိပ်ယာထဲမှာ လှဲနေကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေ ဆိုတာ အိပ်မက်နဲ့ မတူညီနိုင်ပါဘူး။
အာဏာရှင်တွေ မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာကလဲ အသေအချာပဲ။ အရိုးအရင်းကိုက်တဲ့ အဖွဲ့တွေသာ မကပဲ၊ အန် ဖတ်ထဲ အသားစလေးများ ရှိဦးမလားဆိုပြီးရှာကြတဲ့ အဖွဲ့တွေလဲ ထွက်လာဦးမှာပဲ။ အဖွဲ့တွေအချင်းချင်း အဝေမတည့်ပဲ အပြိုင်အဆိုင် တွေလဲ ဖြစ်ကြဦးမှာပဲ။ ဒါပေမယ့် legitimacy ဆိုတာ ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness) ပေါ်မှာ မူတည်နေ တာ ဖြစ်ပါတယ်။
legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ဝင်လာရုံ တခုတည်းနဲ့ ရလာနိုင်တာ မဟုတ်ပါဘူး။ legitimacy နဲ့ အတူ ပြည်သူလူထု ရဲ့ ယုံကြည်ကိုးစားမှု (trust) ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက မဲမပေးပဲနေသည် ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက အသိအမှတ်မပြုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာ တဲ့ အစိုးရကိုလဲ ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။ ယုံကြည်ကိုးစားမှု မရှိပါဘူး။ ဒီနေရာမှာ တချို့က ဆိုပါမယ်။ အာ ဏာရှင်ဘက်တော်သားတွေကို လူထုက မယုံကြည်သင့်ဘူးဆိုရင် ဒီမိုကရေစီသမားတွေကကော ဘယ်လောက်ယုံကြည်စရာ ကောင်း သလဲလို့ မေးစရာ ရှိပါတယ်။ ရိုးအီစွာ ကြားနေကြရပြီဖြစ်တဲ့ မရသေးတဲ့ အာဏာကို အဝေမတည့် ဖြစ်ကြတာတွေ၊ ငွေကြေးအလွဲသုံး စားမှုတွေ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းနေကြသံတွေနဲ့ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်နေတာတွေကကော ယုံစရာကောင်း သလားလို့ ဆိုကြပါလိမ့်မယ်။
ဒီအတွက် ကျွန်မဆီမှာကလဲ ဖြေစရာ အဖြေတခုပဲ ရှိပါတယ်။ လူဆိုတာ လူပဲဖြစ်တယ်။ လူတိုင်း၊ လူတိုင်းဆီမှာ လူပီသတဲ့ ကောင်း တဲ့ စိတ်ထားတွေရှိသလို လူ့လောကကို အကျည်းတန်စေတဲ့ မကောင်းတဲ့စိတ်ထားတွေလဲ ရှိတယ်။ အာဏာရှင်ဘက်တော်သားတွေ မှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်တွေရှိတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်ထား တွေ ရှိတယ်။ တခါတရံမှာ ကောင်းတဲ့ စိတ်က အနိုင်ရတယ်၊ တခါတရံမှာ မကောင်းတဲ့ စိတ်ထားက အနိုင်ရတယ်။ ဒီလိုမကောင်းတဲ့ စိတ်ထားက အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက ဥစ္စာဓနစည်းစိမ် ငွေကြေးတွေနဲ့ ရာထူးအာဏာတွေပဲ ဖြစ်တယ်။ ကောင်း တဲ့ စိတ်ထားက မကောင်းတဲ့ စိတ်ထားကို အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက စည်းကမ်း၊ ဘာသာတရား၊ တရားမျှတတဲ့ ဥပဒေနဲ့ စစ်မှန်တဲ့စနစ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ လူသတ်တာဟာ မကောင်းဘူးဆိုတဲ့ ဘာသာတရား အဆုံးအမ၊ လူသတ် မှုဖြစ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ဥပဒေအတားအဆီးတွေသာ မရှိဘူးဆိုရင်၊ ဒေါသ၊ မောဟစတဲ့ မကောင်းတဲ့ စိတ်ထားတွေ၊ အလိုရမက် လောဘတွေက လူကို ကြီးစိုးလာတဲ့အခါ လူမသတ်မိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် လူတိုင်းမှာ မကောင်းတဲ့ စိတ်၊ ကောင်းတဲ့ စိတ်တွေ ဒွန်တွဲရှိနေတယ် ဆိုတာ ယေဘူယျ နားလည်ထားရမှာဖြစ်တယ်။
အခုမြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘာလို့ ရမ်းကားနေသလဲ။ အစိုးရတရပ်ကို ထိန်းညှိပေးနိုင်မယ့် စနစ်တခုရဲ့ ထိန်းကျောင်း မှု မရှိလို့ပဲဖြစ်တယ်။ ပြည်ပအတိုက်အခံတွေမှာကော ဘာကြောင့် ဒီလိုပြဿနာတွေ လူသိရှင်ကြား ဖြစ်လာရသလဲ။ “တော်လှန်ရေး ကာလမှာ အချင်းချင်းနားလည်ခွင့်လွှတ် ထားသင့်တယ်၊ မကောင်းတာလေးတွေ ရှိရင်လဲ ဖုံးဖိထားသင့်တယ်၊ ရန်သူသိရင် ဝမ်းသာ သွားလိမ့်မယ်” ဆိုတဲ့ အယူအဆတွေနဲ့ စည်းကမ်းတကျ ထိန်းညှိမှု မရှိလို့ ပရမ်းပတာဖြစ်ကုန်တာပဲ ဖြစ်တယ်။ ရာထူးအာဏာဆိုတာ ကြာကြာဆုပ်ကိုင်ထားရင် လူတွေရဲ့ မကောင်းတဲ့စိတ်တွေက ကောင်းတဲ့စိတ်တွေကို အနိုင်ရလာအောင် တွန်းပို့ပေးတတ်တယ်။ ဒါ ကြောင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းရေးဆိုတာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်နေတာပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်က အန်အယ်ဒီပါတီ အာဏာရရေးကို ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေ အာဏာရရေးကို ဆိုလို တာ မဟုတ်ဘူး။ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့စိတ်တွေကို အနိုင်ရစေတဲ့ စနစ်ကိုဖယ်ရှားပြီး၊ တရားနည်းလမ်းကျပြီး မကောင်း တဲ့ စိတ်တွေကို ထိန်းညှိပေးနိုင်မယ့် စနစ်သစ်ကို အစားထိုးတာကို ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့် “အာဏာရှင်လဲ ဒီအတိုင်းပဲ၊ အ တိုက်အခံတွေလဲ ဒီအတိုင်းပဲ။ အတိုက်အခံဆိုတဲ့ လူတွေ အာဏာမရသေးခင်မှာတောင် ဒီလောက်ဖြစ်နေတာ၊ အာဏာရရင် ပိုဆိုးမှာ ပေါ့” ဆိုတဲ့ အဆိုတွေဟာ မှားယွင်းတယ်။ ဒီအတိုက်အခံတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာ လူထုက ရွေးချယ်ပါမယ်လို့ကော ဘယ်သူက တပ်အပ်ပြောနိုင်တာမို့လဲ။ အဖြေက ရှင်းရှင်းလေးသာ ဖြစ်တယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ဘက်တော်သား လဲ ဝင်ပြိုင်၊ အတိုက်အခံတွေလဲ ဝင်ပြိုင်၊ တခြားဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်။ ဒါပေမယ့် စစ်မှန်သော ရွေးကောက်ပွဲကနေ ထွက် ပေါ်လာတဲ့ ပြည်သူ့အစိုးရဖြစ်တာနဲ့ ပြည်သူလူထု အကျိုးကိုပဲ ဆောင်ကျဉ်းကြရမယ်။ မဆောင်ကျဉ်းပဲ ကိုယ်ကျိုးရှာသူတွေကို စနစ် က ဖယ်ထုတ်ပစ်မှာသာ ဖြစ်တယ်။ ဒီတော့ “အာဏာရှင်လဲ ဒီအတိုင်းပဲ။ အတိုက်အခံလဲ ဒီအတိုင်းပဲ။ ဒါပေမယ့် လူတွေရဲ့ မကောင်း စိတ်တွေကို စနစ်က ဖယ်ရှားပေးလိမ့်မယ်။ ဒီအတွက် မှန်ကန်တဲ့ စနစ်ဖြစ်လာအောင် အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေကို အ ကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်” လို့ စဉ်းစားဖို့ လိုအပ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲကတော့ မှန်ကန်တဲ့စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ပဲ အာဏာရှင်မျိုးစေ့တွေ ချပေးနေ တာဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်ကိုးစားမှုနဲ့ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ စက္ကူကျားတခုပဲ ဖြစ်လာမှာ သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့ နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။ နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတ ရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက ဆက်နွယ်မှုပေါ်မှာ မူတည် ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမို့ တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေ မယ့် တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်မှု မရှိရင် ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာ ဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။
ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းတယ်။ အရပ် ဘက် စစ်ဘက် ဆက်ဆံရေးကို သေချာ မထူထောင်နိုင်ဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေထက် အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု နည်းလာတယ်။ တရားဝင်အစိုးရဟာ ကမ္ဘာနဲ့အဝှမ်းဖြစ်နေတဲ့ cycle of military dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံးနိုင်ကြဘူး။ civilian rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ်တယ်။ တခါ မဆလ အစိုးရမှာကျတော့လဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy ရှိတယ်လို့ ဆိုနိုင်ပေမယ့် မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။ တိုင်း ပြည်အုပ်ချုပ်ရေးမှာလဲ အကြောက်တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။ မဆလအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ တစတစ ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက် ပွဲတွေ ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။
ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေကပါ အစိုးရတခု ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်ရွေး ကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုတော့ ရှမှာအမှန်ပဲ။ ဒါပေမယ့် လူထုရဲ့ ယုံကြည်ကိုးစားမှု မခံရတာရယ်၊ အစိုးရတာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာရယ်ကြောင့် တချိန်မှာ လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့် ဒီလိုဆိုရလဲ၊ အတိုက်အခံ နိုင်ငံရေးသမားပီပီ ခင် ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ” လို့ ကျွန်မကို မေးလာခဲ့ရင် အဖြေရှိတယ်။ ကျွန်မဘာကြောင့် ဆိုရလဲ ဆိုတော့ ၂ဝ၁ဝ အာဏာရှင် ရွေးကောက်ပွဲဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖ စစ်အာဏာရှင်တွေက ကြေညာထားလို့ပဲဖြစ်တယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ ပါဝင်နေတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။ တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့ နိုင်ငံတော်ကာကွယ်ရေး အခန်း ကဏ္ဍကို သီးခြားရပ်တည်မှုမပေးထားပဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။ စစ်အာဏာသိမ်းမှုတွေကို အားပေးအားမြှောက်တဲ့ အချက် တွေ ပါဝင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့တခုရဲ့ ထိထိရောက်ရောက် အုပ်ချုပ်စီမံမှုတွေမှာ အခက်အခဲတွေဖြစ်မယ်။ စစ်အာဏာ သိမ်းမှု တွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်တယ်။ လက် ရှိ မြန်မာနိုင်ငံကြီးရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီးမှုတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံ မှိတ်ပြီး အော်ဟစ်နေကြသူတွေ ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့် တိုင်းပြည်စီးပွားရေး နှောင့် နှေးမှုဖြစ်တာတွေ၊ အုပ်ချုပ်သူတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။ အမေရိကန် ဆက် ရှင် ရုတ်သိမ်းလိုက်တာနဲ့ပဲ တိုင်းပြည်စီးပွားရေးကြီးက ကောင်းလာမယ်လို့ မျက်လုံးကြီးတွေပြူးပြီး နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ပြောတတ်ကြတယ်။ ဒါကို ဘောဂဗေဒ နားလည်သူတွေက ပါးစပ်ကြီးတွေ ဟပြီး နားထောင်ကြရတယ်။ မနေနိုင်လွန်းလို့ ဘောဂဗေဒ နဲ့ ကျောင်းပြီးထားတဲ့ ဗိုလ်ချုပ်တယောက်က ဖွင့်ဟပြောလိုက်တုန်းကလဲ ဒီဗိုလ်ချုပ် ဖြုတ်ထုတ်ခံလိုက်ရဖူးတယ်။
ဒါတွေက ထားတော့။ ဆက်ရှင်ကြောင့် နိုင်ငံတော်စီးပွားရေး ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ အာဏာရှင်ရွေး ကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ဆက်ရှင်ရုတ်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးကြီးကို ဘယ်လိုကောင်းအောင် လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့ သံသယဖြစ်မိပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ နိုင်ငံတော် ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အတွင်းမှာပဲ ထားကြပါတယ်။ နိုင်ငံ တော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ ဘတ်ဂျက်ခွဲဝေမှုတွေ စနစ်တကျ ရှိပါတယ်။ အခုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံထဲမှာ စစ် အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဘတ်ဂျက် ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမလဲ။ ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ အာ ဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာကွယ်ကြမလဲ။ မတရားစီးပွားရှာနေတဲ့ အာဏာရှင်အသိုင်းအဝိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတ ရားမျှတမှုတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ။
ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်းထုတ်နေတဲ့ အာဏာရှင်နဲ့ ဝိသမ စီးပွား ရေးသမားတွေ လက်ထဲက ငွေမည်းတွေကိုကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။ နောက်ဆုံးပူးသတ်မယ်၊ ပါလီမန်ထဲ ဝင်တိုက်မယ်၊ တိုင်းပြည်စီးပွားရေး ကောင်းအောင် ပါလီမန်ထဲမှာ ပြောမယ်လို့ မောင်းတင်ထားသူတွေ ပါလီမန်ထဲ ရောက်ခွင့်တောင် ရှိကြပါ့မလား။ ရှိခဲ့ရင်လဲ အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊ အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများအ ပြားပါတဲ့ ပါလီမန်ထဲမှာ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်း သူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ဝင်နွှဲနိုင်ဖို့ ရွေးကောက်ပွဲကို ထောက်ခံရတာပါလို့ ဆိုနေသူတွေဟာ မျှော်မှန်းထားတဲ့အ တိုင်း အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားသုံးသပ်ပြီးမှ အသံကောင်းတွေ ဟစ် သင့်ကြပါတယ်။ ဒီတော့ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်မှု မလုပ်နိုင်တဲ့အခါ (၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ကတော့ မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ပဲ အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုတိုက်ပွဲတွေက ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေး ကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်သလို အစိုး ရတဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာဖြစ်ရင်ဖြစ် ဖြစ် လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁ဝ ဟာ အများပြောနေသလို လမ်းဆုံး မဟုတ်ဘူး။ ၂ဝဝ၈ အာဏာရှင်ဖွဲ့စည်းပုံ ဥပဒေ အပေါ် အခြေခံထားသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ဆိုင်တဲ့ အရေး ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ် မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ ရှိနေတဲ့ တိုင်းပြည်တခုဖြစ် ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊ ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခတွေမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်ဖြစ် နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ဗမာတွေ၊ ပအိုဝ့်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ် ဗိုလ်တယောက်က မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။ ကရင်အမျိုးသမီးကို ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ မဟုတ်ပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးချခံနေရတဲ့ ဖိနှိပ်သူတွေ နဲ့ အဖိနှိပ်ခံပြည်သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။ ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင် အားသုံး ထိပ်တိုက်ရင်ဆိုင် ဝိုင်းရံပြီး၊ အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မ ဟုတ်ပါဘူး။ လူမျိုးစုတွေရဲ့ တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ကူးပြောင်းလိုက်နိုင်ရင်လဲ ဒါဟာ အင်အားမမျှသေးလို့ ခြေတလှမ်းဆုတ်တာပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတခုမှာတော့ မပျောက်တဲ့ စိတ်အနာတွေဟာ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာတပြည်လုံး မီးဟုန်းဟုန်းတောက် ဖြစ်သွားပါလိမ့်မယ်။ မိဘနဲ့ သားသမီး အရင်းအချာကြီးတွေ မှာတောင် အင်အား သုံးဖိနှိပ်ရင် အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေးတယ်။ အမျိုးသားသွေးစည်းမှုကို အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ မဟုတ်တာ အသေအချာပါပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေ စုပေါင်း နေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လိုအပ်တဲ့ နိုင်ငံရေးစနစ်၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက် မပေး ထားပါဘူး။ လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်လို့ရမယ့် ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက် ကိုင်ပြုပြီး တက်လာတဲ့ အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲတွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာဆိုတာ ပြည်သူဆီကပဲ သက်ဆင်းတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆီက အာဏာ ကို မတရားလုယူပြီး တရားဝင်အစိုးရဖြစ်အောင် ပြုလုပ်ယူတာပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ရွေးကောက်ပွဲတွေကို ပြည်သူလူ ထုက အသိအမှတ်ပြုမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ပြည်သူလူထုက ယုံကြည်အားကိုးမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့မှုတွေ ပြုလုပ်လာတတ်ကြပေ မယ့် ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်တွေကိုပဲ သက်ဆိုးရှည်စေတယ် ဆိုတာ နိုင်ငံရေးလေ့လာသူ ပညာရှင်များက အခိုင်အမာ ဖော်ထုတ်ပြောဆိုထားကြပါတယ်။ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမဝင် အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးတာ မဟုတ်ဘူးဆိုရင် အာဏာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည် သူလူထုက လူထုအားနဲ့ ဖြုတ်ချခွင့်ရှိပါတယ်။ မတရားမှုတွေ ဥပဒေဖြစ်လာတဲ့အခါ ပုန်ကန်ဖို့အတွက် အဖိနှိပ်ခံပြည်သူတိုင်းမှာ တာ ဝန်ရှိပါတယ်။ ပြည်သူလူထုရဲ့ ကံကြမ္မာကို ရေပေါ်ဆီ နိုင်ငံရေးသမားတွေကပဲ ဆုံးဖြတ်လို့ မရပါ။ လူထုရဲ့ ကံကြမ္မာကို လူထုကိုယ် တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ တပ်မတော်ကြီးကို မွေးဖွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမိန့်နာခံတတ်မှုထက် လူသားပီသစွာ ဆင်ခြင်တွေးခေါ်နိုင်မှုရှိတဲ့ ပြည်သူ့တပ်မတော်သားတွေ အမေ့ရင်ခွင်ဆီ ပြန်ခိုလှုံ လာဖို့ လူထုကြီးတရပ်လုံးက စောင့်မျှော်နေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (နိုဝင်ဘာ၊ ၂ဝဝ၉)
ရည်ညွှန်းကိုးကား
Blaydes, L. (2008) 'Authoritarian Elections and Elite Management: Theory and Evidence from Egypt', Paper presented at the Princeton University Conference on Dictatorships, April, 2008