
ဆရာကျော်ဝင်း
အောင်ငြိမ်း
Tuesday, January 05, 2010
တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သော မတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လားတို့ရဲ့ စာများကို ဘာသာပြန် ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလို ဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်းရေးနှင့် ရွေးကောက်ပွဲတို့၏ အခန်း ကဏ္ဍ" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဆောင်းပါးတ ပုဒ် ရေးလာတယ်။
ယခင်ကလဲ နအဖခေတ် လောလောလတ်လတ် နိုင်ငံရေးဆောင်းပါးများ ရေးခွင့်ရလာနေတဲ့ စစ်တပ် စိတ်ဓာတ်စစ်ဆင်ရေး ဌာနရဲ့ အားပေးမှုလဲ ရတဲ့၊ စာစောင်တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက် ရေး မိတာ သည်းခံပါ) ကိုယ်လွတ်လပ်စွာ တင်ပြတာမို့ သဘောမကိုက်သော်လည်း နားလည်လို့ ရပါတယ်။ စာဖတ်ပရိသတ်တွေဟာ န လပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင်အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။
ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ ဟန်အတိုင်း “လက်တွေ့ အခြေပြု ချဉ်းကပ်နည်း” Pragmatic Approach တို့ “ပဋိပက္ခ စီမံခန့်ခွဲရေး” Conflict Management တို့ “အထိန်းနဲ့အထေ” Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား မဆိုနိုင်တဲ့ ) စာအုပ် ကြီးထဲက နည်းတွေနဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ်ပြပါ တယ်။
သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန် ပေါ်ထွက်လာခြင်း ဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့် ဆိုချင်ပါသည်။” NLD ရွေးကောက်ပွဲ မဝင်ရင် “အ စွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟု ဆိုတယ်။
သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံးအနှုန်းများနဲ့ ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့ လိုင်းအတိုင်း လိုက်ရေးနေရတာတော့ ထင်ရှားပါတယ်။
၁၉၅၁ ရွေးကောက်ပွဲဘာလဲ
၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန်န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲ ကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလအစိုးရ အဖွဲ့အတွင်း လက်ယာဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံဟူသမျှ တောထဲနဲ့ ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀ နဲ့ ဆင်ပါတယ်။) ကိုကျော်ဝင်း ပြောသလို ဥပဒေတွင်း အတိုက်အခံမရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာ မဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော် (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြား နိုင်ငံရေး ပါတီဟောင်း တချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော်မယ်) ကိုတော့ လွှတ် တော်မှ ထုတ်ပစ်ထားတယ်။
ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက်မမီလိုက်သော်လည်း စိစိစစ်စစ် လေ့လာသုံးသပ်ဖို့တော့ လို ပါလိမ့်မယ်။ ဘယ်သူ ဘယ်ဝှာက ပြောလို့ပါ ဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့ မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ်သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့ လူကို ကိုးကား၊ တဖက်သတ် ပြောစကားနဲ့ လိုရာအဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေ သက္ကာရ ခိုင်မာမှု မရှိ လုပ်လို့တော့ မဖြစ်ဘူး။ သမာသမတ်ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )
ပြည်တွင်းအခြေအနေ
ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာ ဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ် ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူ နှိမ်နင်းရေး ကာကွယ်ရေး ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း ၅၂ ရင်း အထိ တိုးချဲ့ ဖွဲ့ စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ်။ ဒီ ခါး ပိုက်ဆောင်တပ်တွေက အတိုက်အခံများပေါ် သာမက ပြည်သူလူထုအပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြ တယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့ မကွာဘူး ) ရွေးကောက်ပွဲ ကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်းတနေရာမှာ အသေပစ်သတ် ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက်ပစ်ခဲ့တယ်။
ပြည်ပအခြေအနေ
ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံး အရင်းနဲ့ လှုပ်ရှား သွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ ပေါင်းပြီး “ပြည်တော်သာစီမံကိန်း” ရေးဆွဲ နေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ် ဦးပိုင် ကော်ပိုရေးရှင်း ဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူထောင်နေချိန်ပဲ။
ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ်အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ်တိုက်ရေး ပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲဝင်ရမယ်ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။
၂၀၁၀ ရွေးကောက်ပွဲဟာ ထွက်ပေါက်လား
၂၀၁၀ ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။ ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာ တည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ ဥပဒေအရပ်ရပ် လုပ်ရပ်အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်လိုလျှင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေး ပါတီ တရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသောဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲ ဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ၊ အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့ အညီ (အမျိုးသား နိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရားရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကို ဆိုလိုတယ်) တရားစွဲဆိုခွင့် မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်းပုံ အာဏာမတည်မီ နိုင်ငံတော် အချုပ်အခြာအာဏာကို နအဖက ဆက်လက်ကျင့်သုံး ဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူး ပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်) (ပုဒ်မ ၄၄၂) အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့ အပေါက်မှ ခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
အတိုက်အခံဆိုတာ
၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရ နိုင်ငံရေးပါတီ က အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ ပါတီက အတိုက်အခံလုပ် ဆိုတဲ့ ပါတီစုံ ပါလီမန် ဒီမိုကရေစီ ပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစား ရာသက်ပန် အာဏာမြဲရေး အတွက် အကွက်ချ စီရင်ထားတဲ့ ပုံစံ ဖြစ်တယ်။
အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံစရာ မလိုတဲ့ စစ်ဗိုလ် တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲဝင်စရာ မလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတကို သမ္မတ ရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာ ဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာ စစ်ဗိုလ်တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတကို ပြည်ထောင်စုလွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေးအတည်ပြုပေးရမှာ ဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ်တမတ်သားက အလိုအလျောက် ပါပြီးသား။
ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန် အားလုံး၊ ခန့်အပ်မှု အတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလို ရေးထားတယ်။ လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စား လှယ် မဟုတ်သူများ ထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတ လုပ်သမျှ အ တည်ပြုပေးဖို့ သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်း ရှိသေး တယ်။
စစ်တပ်ကို အစိုးရအဖွဲ့ရဲ့အောက်မှာ မထားဘူး။ သီးခြား အခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာသိမ်းခွင့် အထိပဲ။ ကာ ကွယ်ရေးဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရအဖွဲ့ကလည်းကောင်း၊ လွှတ်တော်ကလည်းကောင်း သွားထိလို့ မရဘူး။ လိုရင်း ကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ “နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့် အထိန်းနှင့်အထေ Check and Balance” ဆိုတာ အဲဒါ တွေပဲဆိုတာ သိစေချင်တာပါ။
ရွေးကောက်ပွဲ နဲ့လက်တွေ့
ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး “လက်တွေ့ပေါ် တင်ကြည့်” ချင်တဲ့ ကိုကျော်ဝင်းက “လက်တွေ့ အခြေပြု ချဉ်းကပ်နည်း” Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး “ပဋိပက္ခ စီမံခန့်ခွဲရေး” Conflich Management ကို တင်ပြလာတယ်။
ကမ္ဘေဒီးယားရွေးကောက်ပွဲ (၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့ အရှေ့အနောက်နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာ ပေါ်မှာ ငွေကုန်ကြေးကျ အများဆုံး ရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာ ခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတာကော သိပါသလား။ (ဒါတောင် အတိုက်အခံ ခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေး တယ်။)
၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါ သလဲ။ ဗကပ က သပိတ်မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံ ပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ “အမြဲစိမ်း” အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။ ၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ် ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့ သမိုင်းရေး ဗဟုသုတက မေးခွန်း ထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင်မက ကိုယ်တိုင် ခံခဲ့ရတာတွေမှ လက်တွေ့ မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓက ဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့မလောက် ကြိုဆိုမျှော် လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ် ရွေးကောက်ပွဲ ၊ အာဖဂန် ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ်ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။
ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား
ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ် မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိ အမေရိကန် ဘဏ္ဍာရေးကပ်ကို ပြေလည်ဖို့ အတွက် နောက်ထပ် ကြွေးဒဏ်ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့ လိုတယ်လို့ နို ဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။
ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတု ကပ်ရောဂါ စတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာ နဲ့တ၀န်း တွေ့ဆုံ ဆွေးနွေးပွဲ (ဒိုင်ယာလော့) တွေ လုပ်လာတယ်။ အမေရိကန် အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒိုင်ယာလော့ လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေးအတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာ ပြေလည်ရေးအတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။
ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံ ဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ ဂြိုဟ်ကြီး တလုံး ရှာနေရပါ လိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့ အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြ လိုက်ပါတယ်။
ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထားနိုင် ပါစေ။
အောင်ငြိမ်း
၂၀၊ နိုဝင်ဘာ၊ ၂၀၀၉။
No comments:
Post a Comment