ကမ္ဘာနှင့်အ၀န်းပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း လောကပါလတရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာထိ တိုင်းပြည် အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏အခြေအနေမှန်များအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း၊ အနစ်နာခံခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည်။
ဤအကြောင်းအရာနှင့်ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှု့ထောင့်မှ နမူနာယူအပ်သော စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင်ရေးသားသော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင် စာအုပ်မှ အဆို အမိန့်များဖြင့် ကိုးကား နှိုင်းယှဉ် ဆက်လက်လေ့လာသွားပါမည်။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏။ ထို့ကြောင့် လူသည် မိမိလိုချင်သောအရာ မိမိ ရပ်တည် နိုင်ဖို့ရန်အတွက် အရာရာကိုလိုချင်တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောကသဘာဝ တရား ပင်ဖြစ်ပေသည်။ တနည်း အားဖြင့်လည်း သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန်အတွေးမျိုးလည်းဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အတ္တ မိမိအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင်ဖြစ်၏။
နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေ ပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့်ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ်ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ၊ အတ္တဓမ္မတာ ဟူသော ကိုယ်ကျိုးစီးပွါး၊ ဆွေမျိုးကောင်းစားရေး၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်း အပေါ်အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပါပေ။
နိုင်ငံရေးဟူသည်…
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတတ်မှုကို ရှေ့ရှု့သော လုပ်ငန်းဖြစ်၏၊ မိမိအကျိုးထက် အများအကျိုးကို ရှေးရှု့သော လုပ်ငန်းဖြစ်၏။ တနည်း အားဖြင့်လည်း မိမိတို့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် နေအောင် ဤတရားများဖြင့် စည်ပင်နေ အောင် လူအဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော လုပ်ငန်း မျိုးလည်းဖြစ်၏။
ထိုသို့ဆောင်ရွက်ရာ၌ မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏။ မိမိတို့ဘ၀များကိုလည်း ပေးဆပ် ကောင်းပေးဆပ်ရ၏။ လုပ်သမျှလည်းအောင်မြင်လိမ့်မည်မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့ အစည်းအပေါ်ထားရှိသော စေတနာသည်သာ အဓိကကျသည်ဖြစ်သောကြောင့် ဤသည်ကိုပင် မိမိလုပ်ငန်းအထ မြောက်သည်ဟု၍ဆိုအပ်ပါ၏။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် အနတ္တ၀ါဒီ အများအကျိုးကိုသာ ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ် ဟုဆိုပါ၏။
ဤသို့သောလုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လိုကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့အပေါ် အခြေခံ၍ လောက ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြ ခြင်းဖြစ်၏။ နောင်လည်းပေါ်ထွက်နေ အုံးမည် သာဖြစ်ပါ၏။
နိုင်ငံရေးဟုခေါ်သော “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ထွန်းကား စည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သောလုပ်ငန်း” (သို့) လောကအကျိုးစီးပွါးကို ဦးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန်သူလို ကိုယ်လိုမည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်အတွေးမျိုးဖြင့် မဆောင်ရွက် နိုင်ပါပေ။ ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…
မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…
“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ၄င်းကို ယုံကြည်လက်ခံကျင့်သုံးသူများအတွက်တော့ လောက ဆိုသည့်၊ လူ့အဖွဲ့အစည်းဆိုသည့်၊ နိုင်ငံရေးဆိုသည့် ( အထက်၌ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲနေပေလိမ့်မည်။
ဤအတွေးမျိုးဖြင့် ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့အစည်း အကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည်။ လောက၌လည်း လောကပါလတရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွား စေလိမ့်မည်ဖြစ်၏။ ထို့အပြင် ထို့လူအဖွဲ့အစည်းသည် ယဉ်ကျေးမှုနိမ့်ကျလျှက် အရိုင်း အစိုင်းများသာ ဖြစ်နေပေလိမ့်မည်။
မြန်မာနိုင်ငံသမိုင်းတလျောက် တိုင်းပြည်အား ပြန်လည်စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏။
၁. အနော်ရထာ (ပုဂံခေတ်)
၂. ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃. အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎. ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)
ဤပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေဖြစ်သော်လည်း သာမန်သူလို ကိုယ်အတွေးမျိုးဖြင့် နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ထို့ကြောင့်ပင် ဤ ပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစားတန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏။
လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏။
၁. အိမ်ယာထူထောင်လိုခြင်း၊
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း၊
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း၊
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း စသည်တို့ဖြစ်၏။
ဖေါ်ပြပါအခြေအနေလေးရပ်သည် လူတိုင်းလူတိုင်း ခံစားလိုသော သဘောတရားများပင်ဖြစ်၏။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာဖြစ်ပါ၏။ သူလို ငါလိုသူများလည်း တောင့်တပါ၏။ သူလို ငါလိုအဆင့်ထက် ကျော်သူများ လည်း လိုလားတောင့်တကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏။ လောကအကျိုးအတွက်သော်၎င်း၊ အများအကျိုးအတွက်သော်၎င်း၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍လိုလားတောင်းတကြပါ၏။
ထိုသို့ပို၍ လိုလားတောင်းတသည်နှင့်အမျှ ကြိုးလည်းကြိုးစားကြ၏။ အားလည်းအားထုတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ လောကကောင်းကျိုးတခုတည်းအပေါ်၌သာ လုံလပြုသောကြောင့် တိုင်းပြည်များ မှာ လောကပါလတရားဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုးတိုးတတ်ကြကြောင်း လေ့လာ တွေ့ရှိရပါ၏။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာနိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်းဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၌လည်းရှိပါ၏။ ၄င်း ပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏။ ဤ ပုဂ္ဂိုလ်များကို နမူနာယူအပ်၏။ ထိုသို့နမူနာယူ ကျင့်ကြံဆောင်ရွက် နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် အာဇာနည်စိတ်သဘောတရားကို နမူနာယူကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော၊ ရာထူးစည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလ တရား၊ ချမ်းသာခြင်းတရား၊ စသည့် ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများဖြစ်သောကြောင့်ပင်ဖြစ်၏။
ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ထိပ်တန်းနိုင်ငံများ ထိပ်တန်းလူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏။ ထိပ်တန်း ဟုဆို ရာ၌ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုချည်းသက်သက်မဟုတ်ဘဲ ကိုယ့်ကျင့်တရား၊ လူ့ကျင့်ဝတ်သိက္ခာစောင့်စည်းလိုက်နာ ကျင့်သုံးခြင်းအရာ၌လည်း ထိပ်တန်းအဆင့် မြင့်မားတိုးတတ်ကြပါ၏။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏။
ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင် …အစရှိသည်အားဖြင့်
“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေးအရလည်းကောင်း၊ စီးပွါးရေးအရ လည်းကောင်း၊ လူမျိုးဂုဏ်သိက္ခာမြင့်မားသော အခြေအနေတရပ်ဖြစ်ခဲ့ဘူးပါသည်။”
သို့သော် နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါးတခုတည်းကိုသာကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ၊ ထိုဒေသ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများဖုံးလွှမ်းနေပြီး၊ ဆင်းရဲခြင်းအပေါင်း၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေ လိမ့်မည်။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည်။
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ်၊ တောဖြစ်ချင်ဖြစ်မည်၊ ကျီးကုန်းဖြစ်ချင်ဖြစ်မည်၊ချိုင့်ဝှမ်းဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြုကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ်အကောင်းဆုံးဖြစ်၏”
ဟူ၍ ရေးသားထားပါ၏။
အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန်လိုအပ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး အယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး၊ လောကအကျိုး ကိုဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောကပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရား များကို လိုက်နာကျင့်သုံးရန်အထူးသတိတရားထားရှိဖို့ကိုလည်း လမ်းညွှန် ထားပါ၏။
နိုင်ငံနှင့်လူမျိုး၊ မိမိတို့နေထိုင်ရာလူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသောအချိန်များ၌ စွန့်လွှတ်စွန့်စားအနစ်နာခံဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီး တို့၌ ပေါ်ထွန်းကြပါ၏။ ထိုသို့ နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုးရှိပါ၏။
၁. နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာစွန့်ကြပါ၏။ ခြေလက်အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏၊ ထို ပုဂ္ဂိုလ်များ သည် ထိုနိုင်ငံ ထိုလူမျိုး ထို့လူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်း အောင်ဆောင်ရွက်ကြသူများပင်ဖြစ်ပေ၏။ တနည်းအားဖြင့် လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း၊ စည်းဇိမ်တွေကို လောကအတွက် စတေးသော သူများပင်ဖြစ်၏။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေးများကိုလည်း ခံစားထိုက် သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်းတွေ့ရမည်ဖြစ်၏။
၂. လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင်ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ် အနစ်နာခံမှုများ၏နောက်၌ မည်သည့်အခွင့်အရေးကိုမျှ မမက်မော၊ မည်သည့်ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏။ ထို ပုဂ္ဂိုလ်မျိုးတို့ သည်သာ တကယ့်အာဇာနည်သူရဲကောင်း အစစ်အမှန်ပင်ဖြစ်ပေ၏။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက် ရာ၌ မိမိအတ္တအကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသောအယူအဆသဘောတရားများသည် စစ်မှန်သောစွန့် လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ်၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ် သာဖြစ်ပေ၏။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များသည် ရှိကြပါ၏။ထို ပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ ဘ၀ကိုစတေး၍ လောကအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏။ ထို့ကြောင့်လည်း ထို ပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန်မြင့်မြတ်သောသူ၊ သူရဲကောင်းများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီးတို့၌ ၄င်းနိုင်ငံ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထားကဗျည်းထိုး အလေး အမြတ် ပြုကြခြင်းဖြစ်ပါ၏။
မြန်မာ့နိုင်ငံရေးအယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာကျင့်သုံး ဖွယ်ဖြစ်၏။
ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏..
၁. လောကအတွက်ဖြစ်သည်။
၂. နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃. မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။
မိမိနှင့် မိမိ မိသားစုအကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ၊ မိမိတို့အမျိုးသားများအရေးနှင့်လည်း ဆက်စပ် ပေသည်။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်ပေမည်။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည်၊ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ပေမည်ဖြစ်ပါ၏။
ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်မားသည် ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်းအကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏။ တနည်းအားဖြင့် မိမိအား လောက အတွက် အသုံးချရန်ဖြစ်၏။ ဤသို့ဆောင်ရွက်နိုင်ပါမှ လောက၌ လူ ပီသ၏၊ လောက၌ လူဖြစ်ရကျိုးနပ်၏၊ ထို့ကြောင့်ပင် မြန်မာ့ နိုင်ငံရေးအယူအဆ၌ စံတန်ဖိုးများသည် -
“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည်။
အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၇)ဆက်လက်ဖော်ပြမည်။
စည်သူ
Saturday, August 15, 2009
Friday, August 14, 2009
အနာဂါတ်နိုင်ငံတော် နှင့် လူငယ်များ၏တာဝန်(၁-၅)
Political Science Research Worksheet
အနာဂါတ်နိုင်ငံတော် နှင့် လူငယ်များ၏ တာဝန်(၁-၅)
How to Interpret a Political Science
Researcher
Mg Si Thu
Date: September 1st, 2007
Discussion – "Strong Leadership for Burma's Future"
ရည်ညွန်းချက် ....... လူငယ်မျိုးဆက်သစ်များ
အထူးတင်ပြချက် ......... အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်
အထူးသတိပြုရမည့်အချက်များ ......... အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊
အခြေခံ နိုင်ငံသိပ္ပံ မိတ်ဆက်
Introduction of Basic Political Science
The International Studies
နိုင်ငံတကာလေ့လာရေး
အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အရေးများ၊ လည်းကောင်းတို့၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာဆက်ဆံ ရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာလေ့လာသော ပညာရပ်ဖြစ်သည်။
နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြစ်ဝါဒရေးရာဆိုင်ရာများမဟုတ်ပေ။
မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့်နိုင်ငံဖြစ်စေ နိုင်ငံတိုင်း ၌ရှိရမည့် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်းရေးဟူသော သက်ဆိုင်ရာ နိုင်ငံအစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန် ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သုံးခုအားဗဟိုပြု၍ အစိုးရ အုပ်ချုပ်ရေး ယန္တရား ဆိုင်ရာများကို လေ့လာသောအကြောင်းအရာများသာဖြစ်သည်။
ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အား၎င်း၊ နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလ အစောပိုင်း ကာလ၊ နိုင်ငံရေးဆိုင်ရာမူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆ များဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံ တစ်ခုအဖြစ်သာရည်ရွယ်ပါသည်။
Political
နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။
နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌၎င်း၊ မိမိတို့နေထိုင်ရာ ဤကမ္ဘာ မြေကြီး အတွင်း၌သော်၎င်း နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး အစ ရှိသော အရေး အရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်းလှုပ်ရှားရသောဖြစ်စဉ်သာဖြစ်၏။
ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသောကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြ ရမှာဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှား သွားရ တာချည်းပင်ဖြစ်ပါ၏။ သက်သက်သာသာရုန်းကန်ရခြင်းနှင့်ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌ သာကွာခြား သော်ငြား လည်း အားလုံးသော လူသား တွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလတလျှောက်လုံး၌ ဘ၀ကို အမျိုးမျိုးသော အခက် အခဲများအကြား ရုန်းကန်ဖြတ် သန်း ကြရမည်သာဖြစ်ပါ၏။
ဤသည်ကိုပင် လူတယောက်၏နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်းဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာပါဝင်လှုပ်ရှားနေသောနိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့်အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူး ဆက်စပ်လျှက် ဤကမ္ဘာကြီးနှင့်ဤလူသားတွေ တည်ရှိ နေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့်လူမှုစီးပွါးအရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေ မည်သာဖြစ်ပါ၏။
မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရ ဆန့်ကျင် ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့်အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အားသည်ထက်ပို၍ သဘောပေါက် နားလည် ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ပင်ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်း၌ စားဝတ်နေရေး၊ မိသားစုအတွင်းကျန်းမာရေး စသည်လို အပ်ချက် များအား နေ့တဓူဝတွေ့ကြုံဖြည့်စည်းနေရမည်သာဖြစ်၏။ ဤသို့ဖြည့်စွမ်းပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံ လိုအပ်လာမည်ဖြစ်ပါ၏။
ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ရောက်ရှိ သွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ပတ်ဝန်းကျင်နယ်ပယ်နှင့်ပေါင်းကူးဆက်စပ်သွာမည်ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက် ရှိုင်းကြီးမား လာမည်သာဖြစ်ပြီး ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံးကျသွား သည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက် ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံ ရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။
တနည်းအားဖြစ် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စု သန်းပေါင်းများစွာတို့၏ စားဝတ်နေမှုကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှအများစုအထိ ဆက်စပ်ဖြေရှင်းရသောဖြစ်စဉ်သာဖြစ်၏၊
တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မှီ၍ အကျိုးဆက် ဟူသည် ဖြစ်ပေါ် စေမည်သာဖြစ်ပါ၏။
ထို့ကြောင့် နိုင်ငံရေးဟူသောစကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသောစကားရပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀)ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွါးရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသောဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ် ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သောအစဉ်အလာတရပ် ပေါ်ထွန်းလာ ခဲ့ခြင်းသာဖြစ်ပါ၏။
နိုင်ငံရေးဟူသည် မိမိတို့၏အရေးကိစ္စသာဖြစ်၏၊ နိုင်ငံရေးအားစဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့်တိုက်ရိုက် ချဉ်းကပ် စဉ်းစား ရန်လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသား တယောက် ၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည်မဟုတ်ပေ။
"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာ လောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကိုဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အားပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ် တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွါး တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိ အကျိုးစီးပွါးထက် အများအကျိုး စီးပွါးကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကြီးဖြစ်ပေါ်နေမည်ဖြစ်ပါ၏။
ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့ အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းအတွက်ဟူသော ရုန်းကန် လှုပ်ရှားနေရသည့်ဖြစ်စဉ် တနည်းအားဖြင့် ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ် ပေါ်နေသော ဆင်းရဲခြင်း အမှန်တရား) ပင်ဖြစ်ပါ၏။
နိုင်ငံရေးသီအိုရီ
Political Theories
နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူ တို့၏စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့် နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏၊ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစုအခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်းနိုင်ငံမှ တဆင့်ကမ္ဘာနှင့် အ၀န်း ကျယ်ပြန်စွာ ဆက်စပ်လျှက်ရှိနေသောအခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါး အပေါ် ဗဟိုပြု၍ ချဲ့ထွင်စဉ်းစားခဲ့ကြပါ၏။
ထို့ကြောင့်ပင် နိုင်ငံရေးအတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများ အပေါ် အခြေခံကျကျမှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ်တင်ပြလာခဲ့ခြင်းဖြစ်၏။
1.နိုင်ငံတော်
2.အစိုးရစနစ်
3.မူဝါဒများ
4.အုပ်ချုပ်ရေးစနစ်
5.တရားစီရင်ရေးစနစ်
6.ဥပဒေပြုရေး
7.လူမျိုးရေးပြဿနာများ
8.ဘာသာရေးဆိုင်ရာပြဿနာများ
9.လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10.မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11.လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12.တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13.တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14.အလုပ်သမားဆိုင်ရာပြဿနာများ
စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေ များအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ် ဖေါ်ထုတ် ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် (ဘီစီ-၅၀၀ ) ခန့်မှစတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။
ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism)
ကိုလိုနီဝါဒ (Colonism)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)
နိုင်ငံတကာ နိုင်ငံရေးစနစ်/၀ါဒများနှင့် အစိုးရပုံစံများ
International Political Systems
Form of Governments
1.Anarchism မင်းမဲ့ဝါဒ
2.Aristocracy (The rule by the Best) အကောင်းဆုံးလူများကအုပ်ချုပ်ခြင်း
3.Authoritarianism အာဏာပိုင်များကြီးစိုးသောဝါဒ
4.Autocracy သက်ဦးဆံပိုင်အာဏာရှင်စနစ်
5.Communist State ကွန်မြူနစ်ဝါဒဖြင့်အုပ်ချုပ်သောနိုင်ငံ
6.Democracy (demo, Kratos) ပြည်သူလူထုမှအုပ်ချုပ်ခြင်း
a.Direct Democracy
b.Representative Democracy
7.Despotism ဆွေစဉ်မျိုးဆက်ကောင်းစားရေးဝါဒ
8.Dictatorship အာဏာရှင်ဝါဒ
9.Fascism လူမျိုးကြီးဝါဒ
10.Feudalism ကံကြွေချစနစ်(မြေရှင်ပဒေသရာဇ်)
11.Hierocracy (Rule by the Priests) ဘာသာရေးဘုန်းကြီးများမှအုပ်ချုပ်ခြင်း
12.Kleptocracy (Rule by the Thieves) သူခိုး၊ ဒမြများမှအုပ်ချုပ်ခြင်း
13.Kritarchy (Rule by the Justice) ဘာသာရေးအဆုံးအမများအပေါ်အခြေခံ၍
အုပ်ချုပ်ခြင်း
14.Krytocracy (Rule by the Judges) တရားသူကြီးများကအုပ်ချုပ်ခြင်း
15.Meritocracy (Rule by the Ability) လူစွမ်းကောင်းပုဂ္ဂိုလ်မှအုပ်ချုပ်ခြင်း
16.Monarchy သက်ဦးဆံပိုင်ဘုရင်စနစ်
a.Absolute Monarchy အကြွင်းမဲ့သက်ဦးဆံပိုင်
b.Constitutional Monarchy စည်းမျဉ်းခံဘုရင်စနစ်
17.Ochlocracy (Rule by Mob) လူဆိုးသောင်းကျန်းသူများကအုပ်ချုပ်ခြင်း
18.Oligarchy (Rule by the Elite) ကျော်ဇောထင်ရှားသောသူများကအုပ်ချုပ်ခြင်း
19.Plutocracy (Rule by wealth) ချမ်းသာသောသူများကအုပ်ချုပ်ခြင်း
20.Republic ပြည်သူလူထုမှအုပ်ချုပ်သောစနစ်
a.Mixed Government ဘုရင်စနစ်နှင့်မျက်မှောက်စနစ်တို့ပေါင်းစပ်အုပ်ချုပ်ခြင်း
b.Constitutional Republic
ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံခေါင်းဆောင် အားပြည်သူများမှ တိုက်ရိုက် (သို့မဟုတ်) လူထုကိုယ်စားလှယ်များရွေးချယ်၍ အာဏာခွဲဝေမှုနှင့် ကန့်သတ်တားမြစ်မှု များအား ပြဌာန်း၍ အုပ်ချုပ်ခြင်း
c.Parliamentary Republic
ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်၍ ပြည်သူလူထုမှရွေး ချယ်တင်မြှောက် လိုက်သော လူထုကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များမှ လည်းကောင်းတို့ ပါတီ၏ ခေါင်း ဆောင်အား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း။
a.Socialist Republic ပြည်သူ့ဆိုရှယ်လစ်အရင်းရှင်
b.Capitalist Republic ဆိုရှယ်လစ်အရင်းရှင်
21.Single Party State တပါတီကြီးစိုးသောစနစ်
22.Thalassocracy အင်ပါယာစနစ်
23.Theocracy ဘာသာရေးနှင့် နိုင်ငံအုပ်ချုပ်ရေးအားတွဲစပ်အုပ်ချုပ်ခြင်း
24.Timocracy (Rule by the honor) (Rule by the wealth)
25.Totalitarianism ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အကြွင်းမဲ့အာဏာပိုင်စနစ်
26.Tyranny မင်းစိုးမင်းညစ်စနစ်
အထက်ပါစနစ်များသည် ဤကမ္ဘာပေါ်ရှိဒေသအသီးသီးတို့၌ ကျင့်သုံးအုပ်ချုပ်ခဲ့ကြသော၊ ဆက်လက်ကျင့်သုံး အုပ်ချုပ်နေဆဲဖြစ်သော နိုင်ငံအုပ်ချုပ်ရေးစနစ်များဖြစ်ကြပါသည်။
အထက်၌ဖေါ်ပြခဲ့သော နိုင်ငံရေးစနစ်များအားလေ့လာ၍မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ် နေဆဲအခြေ အနေများကို လေ့လာဆန်းစစ်၍ မိမိလက်လှမ်းမီရာနိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်ပေါ်ခဲ့ သောအခြေအနေများနှင့် ဖြစ်ပေါ်ဆဲအခြေ အနေများကို ပြန်လည်၍ သုတေသနပြုရန်လိုအပ်ပါသည်။
ဤသို့သုတေသနပြုရာ၌ ဓမ္မဓိဌာန်ကျကျသုတေသနပြုမှသာ (သို့မဟုတ်) မည်သည့်အပေါ်၌မျှ အစွဲမရှိဘဲ သုတေသနပြုမှသာ အားနည်းချက်၊ အားသာချက်များကို ပီပြင်စွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်ဆန်းစစ်ရာ၌ တိုးတတ်နေသောနိုင်ငံများနှင့် ဆင်းရဲမွဲတေ လျှက်ရှိ သော နိုင်ငံများဟူ၍ အကြမ်းအားဖြင့်သိသာမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အောက်ဖေါ်ပြပါမေးခွန်း များသည် စိတ်ဝင်စားဖွယ်အဖြစ်၎င်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အဖြစ်၎င်း ဖေါ်ပြထားပါသည်။
1.မိမိတို့နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် မည်သည့်အမျိုးအစားဖြစ်သနည်း။
2.မျက်မှောက်အုပ်ချုပ်ရေးစနစ်အား မည်သို့ထူထောင်ခဲ့သနည်း။
3.ဆင်းရဲခြင်းသည် မျက်မှောက်အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသလား။
4.စကားတစ်ခွန်းရှိပါသည်၊ တို့နိုင်ငံသည် မြေသြဇာလည်းကောင်း၏၊ ဘာပင်စိုက်စိုက်အပင်ဖြစ်၏၊ အသီးစားပြီး အစေ့အားလွှင့်ပစ်လိုက်ပါက ရက်အနည်းငယ်အတွင်း အပင်ဖြစ်၏၊ သို့သော်အဘယ့်ကြောင့် ဆင်းရဲနေရသနည်း၊ တိုင်းပြည် ဘာကြောင့် ဆင်းရဲနေရသနည်း၊
မှတ်ချက်
1.ဂျပန်နိုင်ငံ၌ မြေယာသည် မြန်မာပြည်ထက်နည်းပါသည်။
2.ဂျပန်နိုင်ငံ၌ အလွယ်အကူသစ်ပင် မစိုက်ပျိုးနိုင်ပါ။
3.စိုက်ချင်သည့် အပင်အား စိုက်လို့မရနိုင်ပေ။
4.အသီးစားပြီး အစေ့လွှင့်ပစ်လိုက်ရုံနှင့်အပင်မပေါက်နိုင်ပေ။
5.စိုက်ပျိုးမြေ၏ မြေဆီလွှာများကို အမြဲတမ်းပြုပြင်နေကြရပါသည်။
6.သဘာဝသယံဇာတအားဖြင့် သဲနှင့်ကျောက်စရစ်ဘဲရှိပါသည်။
သို့သော် ကမ္ဘာ၌အချမ်းသာဆုံးနိုင်ငံများ၌ တနိုင်ငံဖြစ်ပေသည်။
1.အဘယ်ကြောင့်နည်း။
2.သင်မည်သို့ယူဆပါသနည်း။
ကွန်ဖြူးရှပ်
နိုင်ငံရေးအတွေးအခေါ်များနှင့် သဘောတရားများ
ကွန်ဖြူးရှပ်ဝါဒ
တည်ထောင်သူ - Kong Fu Tzu(孔夫子)
အမည် -Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး -တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
-Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era
အဓိကဖေါ်ထုတ်ချက် - အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံ့အကျိုး၊ လူဘောင်အကျိုးကိုရည်ရွယ်ခဲ့။
The Chinese philosopher Confucius (551-471 BC)
ကွန်ဖြူးရှပ်ဝါဒဟုခေါ်တွင်ပါသည်။ စတင်တည်ထောင်သူမှာ တရုတ်လူမျိုး (Kong Qiu) ဖြစ်သည်။ လွန်ခဲ့သော ခရစ်မပေါ်မီ (BC-551~471) အတွင်း ပေါ်ထွန်းခဲ့သော အယူအဆဖြစ်ပြီး နိုင်ငံရေးအတွေးအခေါ် အားဖြင့် ကမ္ဘာရှေး အကျဆုံးဟု သမိုင်းအထောက် အထာများအရ ယူဆရပါသည်။ ဖေါ်ထုတ်ခဲ့သော သူ၏အမည် ကိုအဆွဲပြု၍ ကွန်းဖြူးရှပ် ၀ါဒဟုခေါ်ဆိုပါသည်။
ကွန်ဖြူးရှပ်သည် နိုင်ငံရေးအယူအဆနှင့်ပတ်သက်၍သူ၏အမြင်ကိုဖေါ်ထုတ်ရာမှာ ကမ္ဘာ၌ ပထမဦးဆုံး ဖေါ်ထုတ်ခဲ့သူတစ်ဦး ထဲ၌ အပါအ၀င်ဖြစ်သည်အပြင် မျက်မှောက်ခေတ်တိုင်အောင် သူ၏အယူအဆများကို လက်ခံ အမီ ပြုထားကြပါသည်။ ကွန်ဖြူးရှပ်၏ အဆိုအရ -
`အုပ်ချုပ်သူတယောက်ဟာ မိမိမှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းတွေကို မိမိကိုယ်တိုင်လည်း လိုက်နာသင်ယူရန်ဖြစ် သည် ဆိုတာကို စွဲစွဲမြဲမြဲယုံကြည်ထားရပါလိမ့်မည်´
Confucius {Kong Qiu, September 28, (BC-511~471~479)}
ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့အခါ၊ ထိတွေ့ဆက်ဆံတဲ့အခါ ကိုယ်ရဲ့သွေးချင်း သားရင်းလို၊ ကိုယ့်နဲ့ သက်ဆိုင်သူအဖြစ် မေတ္တာတရားနဲ့ပြုမှုရမယ်လို့ ကွန်ဖြူးရှပ်က ဥပမာပေးတင်ပြထားပါသည်။
ကွန်ဖြူးရှပ်၏ လူ့ဘ၀နှင့်ဒဿနအမြင်
ကွန်ဖြူရှပ်သည် လူနှင့်လူသားတို့ကျင်လည်နေကျသော လူ့ဘောင်အဖွဲ့အစည်းကြောင်းကို အလေးထား တွေးခေါ်ခဲ့လေသည်။ ၎င်း၏အတွေးအခေါ်တွင်လူသားတို့နှင့်သာသက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရား စသည်တို့ကိုသာ လေ့လာ ဆွေးနွေးတင်ပြထားကြောင်း တွေ့ရသည်၊ ကွန်ဖြူရှပ်သည် လူသား တို့၏ ပင်ကိုယ်သဘော သဘာဝမှာ ကောင်းသည်၊ ဆိုးသည်ဟူသော ပြဿနာကိုမှုကာ ဆွေးနွေးခဲ့ခြင်း မရှိပေ။ လူသဘာဝနှင့်ပတ်သက် ၍ကွန်ဖြူရှပ်က လူတို့သည် အနှစ်သာရအားဖြင့် တူညီမှုရှိကြသည်ဟု ဆိုခဲ့ပါသည်။
ကွန်ဖြူရှပ်နေထိုင်ခဲ့သော ခေတ်အချိန်ကာလ၌ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူများသာ အကျင့်စာရိတ္တ မည်သို့ ပင်ရှိစေကာမှု မြင့်မြတ်သောသူများဖြစ်သည်ဟု ထိုခေတ်အခါ၌ ယူဆထားကြလေသည်။ ၎င်းအယူအဆအား ကွန်ဖြူရှပ် က ပထမဆုံးဆန့်ကျင်တော်မှန်ခဲ့လေသည်။
ကွန်ဖြူရှပ်၏ အယူအဆမှာ …
မည်သူမဆို အကျင့်စာရိတ္တကောင်းမွန်ပါက လူကြီးလူကောင်း မြင့်မြတ်သူ ဖြစ်နိုင်သည်ဟုဆိုပါသည်။
သူသည်ဆင်းရဲမှုနှင့်လည်းတွေ့ကြုံခဲ့ရဘူသည် ထို့ကြောင်လည်း ဆင်းရဲသားတို့၏ဘ၀ကိုလည်း စာနာ နားလည်ခဲ့ ပါသည်။ မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သောကြောင့် မူးမတ်တို့၏ဘ၀ကိုလည်း သိမြင်နားလည်ခဲ့ လေသည်။
ကွန်းဖြူးရှပ်သည် မူးမတ်တို့ကို စက်ဆုတ်ရွံ့ရှာ၏။ မူးမတ်တို့သည် မည်သည့်အလုပ်ကိုမျှ မယ်မယ်ရရ လုပ်ကိုင် ကြခြင်း မရှိဘဲပျင်းရိစွာနေထိုင်ကြသည့်အပြင် စည်းဇိမ်ကျစွာ နေထိုင်ရရေးကိုသာ အမြဲတစေကြံ စည်နေ ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ ရ သည် စည်းဇိမ်ကျစွာနေထိုင်နိုင်ရေးအတွက် ပြည်သူပြည်သားတွေအပေါ်--
အခွန်တိုးကောက်ခံစေခြင်း၊ အဓမ္မခိုင်းစေခြင်း၊ စစ်ဆင်တိုက်ခိုက်ခြင်း၊ စသည်တို့ကိုသာ ပြုလိုခြင်းဖြင့် အချိန်ဖြုန်း ကြ၏။ ထိုလုပ်ရပ်များကြောင့် ပြည်သူပြည်သားတို့မှာ အလွန်အမင်းဆင်းရဲဒုက္ခရောက်ရ၏။ ထို့ကြောင့် ကွန်ဖြူးရှပ်သည် မူးမတ်မျိုးသာလျှင် လူကြီးလူကောင်းဖြစ်သည်ဟူသော အယူအဆအားလက်မခံဘဲ တော်လှန်ခဲ့ခြင်းဖြစ်ပါ၏။
ကွန်ဖြူးရှပ်၏သဘောအရ လူတိုင်းလူတိုင်းသည် ပင်ကိုသဘောသဘာဝ တူညီသည်ဖြစ်ရာ တဦး တယောက် သောသူသည် ကိုယ်ကျိုးမကြည့် တရားမျှတ၍ သနားကျင်နာတတ်သောသူဖြစ်လျှင် လူကြီးလူကောင်းဖြစ်သည်။ ထို့ကြောင့် မွေးဇာတိက အဆုံး အဖြတ်မပေး၊ အကျင့်စာရိတ္တက အဆုံးအဖြတ်ပေးသည်ဟု ကွန်းဖြူးရှပ် ကဆိုပါ၏။
ကွန်ဖြူးရှပ်က လူသားအားလုံးသည် အတူတူပင်ဖြစ်သည်ဟုဆိုသည်သာမက လူတို့သည်တဦး တယောက် တည်းနေ၍မရဘဲ အဖွဲ့အစည်းအသိုင်းအ၀န်းနှင့်နေထိုင်ကြရသည်ဟုဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ သဘောအရ လူဟူ သည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ် သည်ဟုဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့်ကင်းကွာ၍ မတည်ရှိနိုင်။ လူသားတို့အပြု အမူအကျင့်အကြံတို့သည်၎င်း လူ့ဘောင်အဖွဲ့အစည်းဟူသည်၎င်း လူသား အချင်းချင်း အပြန်အလှန် ဆက်ဆံနေထိုင် ခြင်းသာဖြစ်သည်။
ကွန်ဖြူးရှပ်က လူသားအားလုံးသည် အတူတူပင်ဖြစ်သည်ဟုဆိုသည်သာမက လူတို့သည်တဦးတယောက် တည်းနေ၍မရဘဲ အဖွဲ့အစည်း၊ အသိုင်းအ၀န်းနှင့်နေထိုင်ကြရသည်ဟု ဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ သဘောအရ လူဟူသည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်ဟုဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့်ကင်းကွာ၍ မတည်ရှိနိုင်သကဲ့သို့ လူသားတို့၏ အပြုအမူအကျင့်အကြံတို့သည် လည်း လူဘောင်အဖွဲ့အစည်းဟူသည့် လူသားအချင်းချင်း အပြန်အလှန် ဆက်ဆံနေထိုင်ခြင်းသာဖြစ်သည်။
ထို့ကြောင့်လူသည် လူဘောင့်အဖွဲ့အစည်းမှခွဲထွက်၍ တသီးပုဂ္ဂလနေထိုင်ခြင်းသည် မသင့်လျှော်သကဲ့သို့ အများစုလုပ်ကိုင် သကဲ့သို့ အများစုလုပ်ဆောင်သည့်အတိုင်းလိုက်၍ ပြုလုပ်ဆောင်ရွက်ခြင်းသည်လည်း မသင့်လျှော် ပါချေ။
အများစုလက်ခံသော ထုံးဓလေ့များသည် ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေလျှက်၎င်း၊ အကျင်သီလကို ပျက်ပြားစေ လျှက်၎င်း၊ ယင်းထုံးဓလေ့များကို လိုက်နာခြင်း မပြုသင့်ဘဲ ပြုပြင်ပြောင်းလဲရန်ကြိုးစား ရမည်ဟု ဟောကြားခဲ့ပါသည်။
ကွန်ဖြူးရှပ်၏အလိုအရ လူသားတို့၏ အချင်းချင်းဆက်ဆံရေးတွင်လိုက်နာအပ်သော စည်းမျဉ်းများ သည် အခြားအရာများတွင် အရင်းမခံဘဲ လူသားတို့၏ ပင်ကိုယ်အတွင်းသဘော၌ အရင်းခံသည်ဟု ဆိုပါသည်။
လူသားတစ်ယောက်အား လူဟုသတ်မှတ်နိုင်ခြင်းသည် ထိုလူသား၏ အတွင်းသဘော လူသား၏ စိတ်ထားကြောင့် ဖြစ်သည်ဟုဆို၏။ လူသားစိတ်ထားအရ ကျင့်ကြံဆက်သွယ် ပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
လူသားစိတ်ထား (Jen) သည် လူသားအချင်းချင်းဆက်သွယ်ရာတွင် ထိန်းကြောင်း လမ်းညွှန်မှုပြု သည့် သဘောဖြစ်သည်။
ဤသို့ဖြင့် ကွန်ဖြူးရှပ်သည် လူသားတို့အပြုအမူ၏ လမ်းညွှန်းမှုပြုသည့် သဘောတရားကို သဘာဝ တွင်၎င်း၊ သဘာဝ လွန်အင်အားနတ်ဘုရားတွင်၎င်း ရှာဖွေခြင်းမပြုဘဲ လူသားတို့၏ အတွင်းသဘော တွင်သာအခြေခံခြင်း ဖြစ်၍ လူသားတို့ကို အလေး အမြတ်ထားကြောင်းတွေ့ရ၏။ ဆိုလိုသည်မှာ လူသား ပဓာန၀ါဒဖြစ်၏။
ဤလူသားစိတ်ထား (Jen) သည် ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် အခြေခံတရားဖြစ်ပြီး ၎င်းတရားမှ၏ ၎င်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများကို ဆင်ခြင်ဆွဲယူထားကြောင်း တွေ့ရ၏။ တဦးတယောက်သော သူသည် လူသားစိတ်ထား ရှိပါက ယင်းလူသားသည်ပြီးပြည့်စုံသော ကောင်းမြတ်ခြင်းတရား ကိုရရှိပြီးဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆထားခဲ့ပါ၏။
ကိုယ်ကျင့်တရားပညာ
ကွန်ဖြူးရှပ်၏၀ါဒတွင် ကိုယ်ကျင့်တရားများကိုအခြေခံ၍ လေ့လာဆွေးနွေးထားကြောင်း တွေ့ရပါသည်။ ကွန်ဖြူးရှပ်သည် မိမိနေထိုင်သောခေတ်ကာလ တရုတ်ပြည်ကြီးတွင် ကျိုမင်းဆက် ပျက်သုန်းပြီးနောက် ဗဟိုချုပ်ကိုင်မှု စနစ် မရှိတော့ဘဲ မြို့စားနယ်စားများသည် သူတလူငါတမင်းဖြင့် အားပြိုင်သော အာဏာ လုနေသောအချိန်ဖြင့်လေရာ တိုင်းသူပြည်သားတို့သည် ဒုက္ခအပေါင်းနှင့် ရင်ဆိုင်ကြရလေသည်။ ကိုယ်ကျင့် တရားပျက်ဆီးနေသော အချိန်ကာလ လည်းဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို ပြုပြင် ပြောင်း လဲလိုသော ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားများ ကိုအခြေခံ၍ တွေးခေါ်ဟောပြောထားသည်မှာ အချိန်အခါနှင့် တထပ်တည်း ကျစွာဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ပြင် လွန်စွာမှလည်း သဘာဝကျလှပေသည်။
ကွန်ဖြူးရှပ်၏အလိုအရ လူ့ဘောင်အဖွဲ့အစည်းကောင်းမွန်စေရန် လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ကောင်းမွန် ရေးသည် အလွန်အရေးကြီးသည်ဟုယူဆ၏။ လူ့အဖွဲ့အစည်းအတွင်းနေထိုင်ကြသောလူသားတို့သည် အချင်းချင်း ဆက်ဆံရာတွင် တရုတ်ဘာသာ အားဖြင့် (Jen)ဟုခေါ်သော လူသားစိတ် (သို့မဟုတ်) လူလူချင်း စာနာစိတ်ရှိ ရမည်ဟုဆိုပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်အမြင်တွင် (Jen) သည် (Human Heartedness)၊ လူသားစိတ်ထား (Yi)(Righteousness)၊ ဖြောင့်မတ်ခြင်းသဘော၊ (Li)(Ritual)သည် ပူဇော်ပသခြင်း၊ (Chih)(Wisdom) အသိပညာစသည့် သဘောတရားများကို လက်ခံထား ကြောင်းတွေ့ရသည်။
(Hsin)(Good Father or Sincerety) ကောင်းသောယုံကြည်မှုဟူသော အယူအဆကို ကွန်ဖြူးရှပ်၏ နောက်လိုက်များက ထပ်မံဖြည့်စွတ်ထားခြင်းဖြစ်၏။ ကွန်ဖြူးရှပ်အနေနှင့် (Jen) (Yi)(Li) and (Chih) ဟူသော ကောင်းမြတ်ခြင်းတရား (၄)မျိုးကိုသာ တင်ပြခဲ့ပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင် (Jen) ဟူသော ကောင်းမြတ်ခြင်းတရားသည် အဓိက ဖြစ်ပါ၏။ (Jen) ဟူသော ကောင်းမြတ်ခြင်းတရားသည်(Hsiao) (Filial Platy) မိဘကို ကိုးကွယ်ရိုသေခြင်း (Ti)သည် ညီအကိုတို့ ၏ချစ်ခြင်းဟူသော သဘော တရားတွင်အခြေခံသည်။ (Hsiao) ဟူသောမိဘကို ကိုးကွယ်ရိုသေမှုတွင် မိမိခန္ဓာကိုယ်ကို မပျက်မဆီး၊ အကျိုးမယုတ်အောင် ကာကွယ် စောင့်ရှောက်ခြင်းသည်လည်း မိဘကို ကိုးကွယ် ရိုသေသက်ရောက် သည်ဟုဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် မိမိခန္ဓာကိုယ်သည်မိဘထံမှရရှိထားခြင်းကြောင့်ဖြစ်၏။ မိမိကြီးပွါး တိုးတတ် အောင် ဆောင် ရွက်ခြင်းဖြင့် မိမိ၏မိဘမျိုးအမည်ကို ထင်ပေါ်ကြော်ကြားစေခြင်းသည်လည်း မိဘကိုရိုသေ သမှုပြုရာရောက်သည် ဟုဆိုပါသည်။ ဤတွင်မိဘတို့ကို ကိုယ်စိတ်နှစ်ပါးစလုံးချမ်းသာအောင် ပြုစုရမည်ဟူသော သဘောသက်ရောက်ပေသည်။
မိဘများကွယ်လွန်ပြီးနောက် မိဘတို့၏ အထမမြောက်ခဲ့သော ရည်မှန်းချက်များသည် မိမိ၏ရည်မှန်းချက် များဖြစ်လာရပါမည်။ ဤအချက်သည်မိဘများကွယ်လွန်ပြီးနောက် မိဘကိုရှိးခိုးပူဇော်ခြင်းထက် ပို၍အရေး ကြီးသည်ဟု ကွန်ဖြူးရှပ်ကဆိုပါသည်။
မိဘတို့အားကိုးကွယ်ရိုသေခြင်းတည်းဟူသော ကောင်းမြတ်ခြင်းထက် တရားလေ့ကျင့်ရာမှာ (Ti) ဟူသော ညီအကိုတို့၏ ချစ်ခြင်းဟူသော ကောင်းမြတ်ခြင်းတရားကိုရရှိမည်ဖြစ်ပေသည်။
ဆိုလိုသည်မှာ မိဘကိုချစ်ခင်ရိုသေရာမှ ညီအကိုမောင်နှမများကိုလည်း ချစ်ခင်ရိုသေတတ်လာမည်ဖြစ် ပေသည်။ ဤသို့ သောချစ်ခြင်းမေတ္တာတရား၏ လမ်းညွန်းချက်အရ အပြုအမူသည် (Jen) အရ ပြုမူခြင်းဖြစ်ပေသည်။ ဤသို့အားဖြင့် (Hsiao) (Ti) တို့ကို လေ့ကျင်ရာမှ (Jen) ဟူသော ကောင်းမြတ်ခြင်းတရားကို ရရှိမည်ဟုဆိုပါသည်။
ကွန်ဖြူးရှပ်သည် (Jen) နှင့် (Yi)အပြင် (Li)ကိုလည်း သူ၏ကိုယ်ကျင့်တရားအမြင်တွင် လက်ခံထားလေသည်။ ကွန်ဖြူရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင်တွေ့ရသော (Li) သည် ဘာသာရေးတွင် ပူဇော် ပသခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လုပ်ထုံး လုပ်နည်း များဟူသော ကျယ်ဝန်းသည်အဓိပ္ပါယ်ကိုဆောင်၏။
ဥပမာအားဖြင့် မိဘများသည် သားသမီးတို့အပေါ် ချစ်မေတ္တာထားရမည်။ သားသမီးမျာူကလည်း မိဘကို ချစ်ခင်ရိုသေကြရမည်။ ညီငယ်များသည်အကိုမျာူကိုရိုသေရမည်။ အကိုများကလည်းညီငယ်များ ကိုချစ်ခင် ကြရမည်။ မိတ်ဆွေအချင်းချင်း သစ္စာရှိရမည်။ တိုင်းသူပြည်သားများသည် အုပ်ချုပ်သူများကို ရိုသေလေးစားရမည်။ အုပ်ချုပ်သူများ ကလည်း တိုင်းသူပြည်သားများအပေါ် ဂရုဏာ မေတ္တာ ထားကြရမည်။
ကွန်ဖြူးရှပ်သည် (Li)ကို အလေးအမြတ်ထားခြင်းအားဖြင့်လူသားတို့၏ စာရိတ္တ ကောင်းမွန်ရေးကိုသာမက ယဉ်ကျေးမှုရှိရန်ကို လည်းအလေးထားကြောင်းတွေ့ရ၏။ တဦးတယောက်သောသူသည် ဖြောင့်မတ်စွာ ကျင့်ကြံ ရမည် သာမက အခြေအနေနှင့် လျှော်ကန်သင့်မြတ်သောအပြုအမူကိုလည်း ယဉ်ကျေးသိမ်မွေ့စွာပြုမူတတ်ရပေမည်။ ကွန်ဖြူရှပ်အလိုအရ (Jen) (Yi) (Li) တို့ကို သိရှိနားလည်ရန်လိုသည်။ (Jen) ကိုသိမှသာ (Yi)နှင့် (Li)ကိုသိရှိ နားလည်မည်။ ထိုနည်းအတိုင်းပင် (Yi)နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို နားလည်ပေ လိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အသိပညာ လိုအပ်ကြောင်း ဟောပြောခဲ့ပါသည်။
ကွန်ဖြူးရှပ်သည် (Chin) အသိဟူသော ကောင်းမြတ်ခြင်းတရားကိုလည်းလက်ခံထားလေသည်။ ကွန်ဖြူးရှပ်၏ အလိုအရ (Jen) (Yi) (Li) တို့ကိုသိရှိနားလည်မည်။
ထိုနည်းအတိုင်းပင် (Yi) နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အသိပညာလိုအပ်ကြောင်း ဟောပြော ခဲ့ခြင်းဖြစ်ပါသည်။
ကွန်းဖြူးရှပ်သည်လူ့ကိုယ်ကျင့်တရားကောင်းမွန်ခြင်းအပေါ်အခြေခံ၍ယင်းခေတ်တွင်ပျက်ဆီးယိုယွင်းနေသော လူမှုရေးနှင့်နိုင်ငံရေးအခြေအနေများကို ပြုပြင်ပြောင်းလဲရာတွင် ဇွဲလုံ့လလျှော့ဘဲ ဆောင်ရွက်ရန်တိုက် တွန်းခဲ့ပါသည်။
ဤတွင် ကွန်ဖြူးရှပ်သည် မည်သည့်အကျိုးမျော်လင့်ချက်မှမရှိဘဲ (Doing for Nothing) ပြုလုပ်ခြင်း ဟူသောသဘောကို လက်ခံထားလေသည်။ (Doing for Nothing) သည် တာအိုဝါဒီတို့လက်ခံထားသော (Doing Nothing) ဘာမျှမလုပ်ခြင်းနှင့် မတူညီပေ။ (Doing Nothing) ဘာမျှမလုပ်ခြင်းဟူသော တာအိုဝါဒီတို့၏ အယူအဆကို ကွန်ဖြူးရှပ်ကလက်မခံပေ။ သူ၏အဆိုအရ လူတိုင်းဘာမျှမလုပ်ခြင်းဟူသည်မဖြစ်နိုင်။ ပြုသင့်ပြုထိုက်၍ ပြုလုပ်သင့်သော အလုပ်များရှိလေသည်။ သို့သော် ပြုလုပ်သင့်သော အလုပ်များကိုပြုလုပ်ရာ၌ မည်သည့်အကျိုးကိုမျှမျှော်ကိုးခြင်းမပြုရ။ ပြုလုပ်သင့်သောအလုပ်များကို ပြုလုပ်ခြင်းသည်ပင် တန်းဖိုးရှိ လေသည်။ အဘယ်ကြောင့်ဆိုသော် မိမိပြုလုပ်သော အပြုအမူသည် အကျိုးရှိမရှိ၊ အောင်မြင်မှုရ/မရဆိုသည်မှာ ကံကြမ္မာ အရပင်ဖြစ်၏။ ကွန်ဖြူးရှပ်အလိုအရ (Ming)သည် ကောင်းကင်ဘုံ၏ စီရင်ဆုံးဖြတ်ချတ် အတိုင်းဖြစ်လိမ့်မည်။ “ကျွန်ုပ်တို့ဆောင်ရွက်ချက်များ၏ အောင်မြင်မှုအတွက် (Ming)သည် ကျွန်ုပ်တို့၏လက်ထဲ၌မရှိပေ” ဟုဆိုပါ၏။
ထို့ကြောင့်အောင်မြင်မှု/မအောင်မြင်မှုတို့အတွက် ပူပင်သောကရောက်နေစရာမလို။ ပြုသင့်ပြုထိုက် လုပ်သင့် လုပ်ထိုက် သည်ကိုသာ လုပ်ခြင်းသည် (Ming) သိခြင်းဖြစ်၏။ ၎င်းကိုနားလည်သိရှိခြင်းသည် မြင်ြ့မတ် သောသူ တစ်ယောက်ဖြစ်ရေးအတွက် အရေးကြီးသောလိုအပ်ချက်ဖြစ်သည်ဟုဆိုပါသည်။
(Ming) ကိုသိရှိခြင်းဖြင့် မျက်မှောက်ကမ္ဘာကြီး၏အခြေအနေသည် မလွဲမသွေ သဘောဆောင်ကြောင်း အသိ အမှတ် ပြုမည်ဖြစ်၍ မိမိဆောင်ရွက်ချက်များသည် အောင်မြင်မှုရှိ/မရှိ ဂရုပြုမည်မဟုတ်ပေ။ ဤသို့ ဆောင်ရွက်ချက် မျိုးသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိဟုဆိုနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် မကျွန်ုပ်တို့သည် တာဝန်ဝတ္တရာများကို ဆောင်ရွက်ပြီးဖြစ်၍ အောင်မြင်သည် ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားအရ ကျွန်ုပ်တို့၏တာဝန်ကျေပြီးဖြစ်ပေသည်။ ထိုအောင်မြင်မှု၊ ဆုံးရှုံးမှုတို့တွက် စိတ်ပူပင်သောကမရှိသော ကြောင့် ပျော်ရွှင်မှုကိုရနိုင်မည်ဖြစ်သည်။ ကွန်ဖြူးရှပ်က -
(မန့်)ဆိုသည်မှာ….
၁။ ပညာရှိသောသူများသည် သံသယမှကင်း၏။
၂။ ကောင်းမြတ်သောသူများသည် ပူပင်သောကကင်း၏။
၃။ ရဲ့ရင်သောသူများသည် ကြောက်ရွှံ့ခြင်းမှကင်း၏။
၎။ မြင့်မြတ်သောသူများသည် အစဉ်ပျော်ရွှင်ရ၏။
၅။ သေးနုတ်သောသူများမှာမူ အစဉ်အမြဲစိတ်ဆင်းရဲရ၏၊ ဟူ၍မိန့်ဆိုခဲ့ပါသည်။
ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်
လူကိုတန်းဖိုးထားတွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာပြဿနာရပ်များကိုလည်း လူမှုဆက်ဆံ ရေး ရှုထောင့်မှ သုံးသပ်ရှုမြင်လေ၏။ လူ့အဖွဲ့အစည်း၏အခြေခံမှာ ဖခင်အုပ်ချုပ်သောမိသားစုဖြစ်၏။ နိုင်ငံဆိုသည်မှာ မိသားစုကိုတိုးချဲ့ထားခြင်း သာဖြစ်သည်ဟု ကွန်ဖြူးရှပ်ကယူဆ၏။
ကွန်ဖြူးရှပ်က နိုင်ငံတော်အစိုးရသည် တိုင်းသူပြည်သားများအပေါ် ကောင်းကျိုးချမ်းသာရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည်။ ထိုသို့သောအစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုးဖြစ်ရမည်။ စွမ်းရည်ရှိနိုင်ရန်မိဘမျိုးရိုးအပေါ်အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည်။ အသိပညာနှင့် စာရိတ္တကောင်းမွန် ရေးမှာလည်း သင့်တော်သောပညာ သင်ကြား လေ့လာရေးတွင် အခြေခံသည် ဟုဆိုပါသည်။
ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်သည် ၎င်း၏ကိုယ်ကျင့်တရား၊ အယူအဆနှင့် မိရိုးဖလာ ထုံးတမ်းစဉ်လာ တို့တွင် အခြေခံထားကြောင်းတွေ့ရ၏။ အုပ်စိုးသူများသည် ကောင်းသောအကျင့်စာရိတ္တရှိခြင်းနှင့် အသိပညာရှိခြင်းသည် အောင်မြင်သော အစိုးရအဖွဲ့အစည်းအတွက် အဓိကလိုအပ်ချက်ပင်ဖြစ်သည်။
ကွန်ဖြူးရှပ်၏အဆိုအရ အုပ်ချုပ်သူတွင် အောက်ပါအခြေခံတာဝန်ဝတ္တရား (၉) ရပ်ကို ထမ်းဆောင်ရမည် ဟုဆို၏။-
1. မိမိ၏အကျင့်စာရိတ္တကို အမြဲတစေကောင်းမွန်အောင် ပျိုးထောင်နေရမည်။
2.အရေးပေးထိုက်တဲ့သူကို အရေးပေးရမည်။
3.မိမိ၏ဆွေမျိုးသားချင်းများအား ချစ်ခင်မြတ်နိုးရမည်။
4.၀န်ကြီးများအားရိုသေလေးစားရမည်။
5. အရာရှိအရာခံအားလုံး၏ကောင်းကျိုးအတွက် အရေးတယူဂရုပြုရမည်။
6.တိုင်းသူပြည်သား သာမန်ပြည်သူများအား ဖခင်သဖွယ်ဂရုပြုရ စောင့်ရှောက်ရမည်။
7. အသုံးဝင်သော လက်မှုပညာရပ်များအားလုံးကို တိုးတတ်အောင် အားပေးချီးမြှင့်ရမည်။
8.နိုင်ငံခြားတိုင်းတပါးသားများကို ပျူငှာစွာ ဆက်ဆံရမည်။
9.အိမ်နီးနားချင်းနိုင်ငံများမှ မင်းညီမင်းသားများနှင့် မိတ်ကောင်းဆွေကောင်းသဖွယ် ဆက်ဆံရမည် ဟူ၍ ဖြစ် သည်။
ကွန်ဖြူးရှပ်က-
အုပ်ချုပ်သူသည် မိမိ၏အကျင့်စာရိတ္တကောင်းမွန်အောင် အမြဲတစေ ပြုစုပျိုးထောင်ရမည် ဟူသော အချက်သည် အလွန်မှ ပင်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ပြုစုပျိုးထောင်မှသာ အုပ်ချုပ်သူ အနေနှင့် မိမိ၏အကျင့် စာရိတ္တအားဖြင့် မိမိအရာရှိ အရာခံများနှင့် မိမိ၏တိုင်းသူပြည်သားများအတွက် စံပြဖြစ် ပေလိမ့်မည်။
ထို့ပြင် အစိုးရကောင်းတို့တွင် ပြည်သူပြည်သားတို့၏ စားဝတ်နေရေးလိုအပ်ချက်များကို ပြည်စုံလုံ လောက် အောင်ဆောင်ရွက် ပေးရမည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်အင်အားလုံလောက်စွာထားရှိရမည်။ အုပ်ချုပ် ရေးတွင် ပြည်သူတို့၏ ယုံကြည် ကိုးစားမှုကိုရယူနိုင်ရမည်။
တကြိမ်၌ ကွန်ဖြူးရှပ်၏တပည့်တယောက်ကမှ ၎င်းအား နိုင်ငံကိုအုပ်ချုပ်ခွင့်ရရှိပါ မည်သည့်အရာကို ဦးစွာ ဆောင်ရွက်ရမည်နည်းဟု မေးသောအခါ--
ကွန်းဖြူရှပ်က
"ပထမဦးစွာ ပညက်များကိုပြင်ဆင်ရမည် "ဟုဆိုကာ "ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ "ကိုတင်ပြခဲ့လေ၏။
ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ
Rectification Names Theory
ပညက်တိုင်းသည် ၎င်းရည်ညွန်းသောအရာ၏ အနှစ်သာရကိုဖော်ညွန်းသည်။ ဆိုလိုသည်မှာ ပညက်နှင့် တကယ့် ဖြစ်စဉ် အကြားမှာ ကိုက်ညီမှုရှိရမည်။ အုပ်ချုပ်သူသည် အုပ်ချုပ်သူဟူသော ပညက်ဖေါ်ညွန်းသည့် ဂုဏ်အရည် အချင်းကို ပိုင်ဆိုင်ရမည်။ သို့မှသာ စစ်မှန်သောအုပ်ချုပ်သူဖြစ်၍ အုပ်ချုပ်သူဟူသောဂုဏ်အင်္ဂါနှင့် ကိုက်ညီပေမည်။
တည်ထောင်သူ - Socrates (BC 470~399)
ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး - ဂရိလူမျိုး၊ အနောက်တိုင်းအတွေး
အဓိကဖေါ်ထုတ်ချက် - ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား
Name -
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School
Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy
Socrates Method
ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း
ဆိုကရေးတီးစ်၏အဆိုအရ လူသားများအနေဖြင့် စစ်မှန်သောအသိပညာကိုကရှိနိုင်သည်။ လူသည် မိမိ၌ရှိ သော ဆင်ခြင်ဥာဏ်ကိုမှန်မှန်ကန်ကန်အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို၎င်း၊ မိမိကိုဝန်းရံ နေသော စကြာဝဠာကြီး၏ သဘော သဘာဝကို၎င်း ဓမ္မဓိဌာန်ကျကျ သိမြင်နားလည်လာမည်ဟု ခံယူတင်ပြခဲ့၏။
ထိုသို့လျှင် စစ်မှန်သောအသိပညာကိုရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က-
နည်းသစ် (၂)မျိုးကိုတင်ပြခဲ့ပါသည်။
1.ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis)
2.တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်ပေသည်။
၁. ခွဲခြမ်းစိတ်ဖြာနည်း
The Method of Analysis
ခွဲခြမ်းစိတ်ဖြာနည်းသည် အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်သည့် ၎င်း၏အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ် သည်။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ်ဖွင့်ဆိုနည်း (Inductive Definition) ဟုခေါ်ဆိုခဲ့သည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ အကြွင်းမဲ့စစ်မှန်နေသော ယေဘူယသဘောတရားတခု (Concept) ကိုသိရှိလာရန် ရည်ရွယ်သည်။
ဥပမာအားဖြင့် လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ်အမျိုးမျိုးဖြင့် အသုံးပြုလေ့ရှိကြသည်။ ထိုကဲ့သို့ ကွဲပြားခြားနား စွာသုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်းသဘောတရားနှင့်ပတ်သက်၍ အငြင်းပွါးမှု အမျိုးမျိုးဖြစ်ပေါ်လာစေသည်။ သို့နှင့်စစ်မှန်သော အသိကို မသိဘဲဖြစ်နေသည်ဟုဆိုပါသည်။
ဆိုကရေးတီးစ်၏အလိုအရ ဤသို့လျှင် တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက အမျိုးမျိုးသော သဘော တရားများသာ ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ၎င်းတို့ ထက် သာလွန်သော၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရားတခုကို မုချရရှိလာ မည်ဟု ခံယူခဲ့သည်။
တနည်းဆိုရသော် လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာရာမှ တဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကိုအသုံးပြုခဲ့ကြောင်းတွေ့ရပါသည်။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု သုတေသီများက ခံယူထားပါသည်။
ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage) နှင့်ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန် သုံးသပ်ခဲ့သည်။ သို့သော်ရဲ့ရင်ခြင်းနှင့်ပတ်သက်၍ စစ်မှန်သောအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ။ သို့သော် ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့်ပတ်သက်၍ ၎င်းအမြင်သည်ပေါ်လွင်ထင်ရှား လာခဲ့ပေသည်။
ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏အလိုအရ "ရဲရင့်ခြင်း" ဟူသည်မှာ "အသိပညာ" ပင်ဖြစ်သည်။
(Courage is Knowledge) ဖြစ်၏။
၂. တွေးခေါ်မြော်မြင်နည်း
The Method of Speculation
တွေးခေါ်မြော်မြင်နည်းတို့မှာ တွေးဆချက် (Hypothesis) နှင့်ပတ်သက်သော ၎င်း၏အမြင်အပေါ်တွင် အခြေခံ လျှက် တင်ပြထားခြင်းဖြစ်သည်။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ထက်တိုင်အောင်ပင် အသုံးပြုလျှက်နေရ သောနည်းဖြစ်သည်ဟု မျက်မှောက်အတွေးအခေါ်ပညာရှင်များကခံယူထားကြပါသည်။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ခေါ်ဆိုသက်မှတ်လာကြသည်။
ဆိုကရေးတီးစ်၏အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည်မဟုတ်ပေ။ အာရုံသိသည် ၀ိသေသအသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကိုပင် ပေးစွမ်းနိုင်ခြင်းမရှိပေ။
အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ပထမနည်းဖြစ်သော ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်း အား ဖြင့်(Socrates Method) ဟူ၍ အများအားဖြင့်ခေါ်ဆိုရည်ညွန်းခဲ့ကြပါသည်။ အမှန်အားဖြင့် ဆိုကရေးတီးစ်အသုံးပြု ခဲ့သော သိပုံသိနည်းမှာ တမျိုးတစားတည်းမဟုတ်ဘဲ နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ကြောင်းအား အထူးမှတ်သား ရန်ဖြစ်သည်။
ဤထက်ပါနည်းနှစ်မျိုးနှစ်စလုံးကိုဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင်တဦးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့်သိခြင်းသဘောတရားသည်မှေးမှိန်းသွားပြီး ဆင်ခြင်သိခြင်းသဘော တရားမှာ ပိုမိုကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည်။
ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား တဘက်စွန်းသို့ရောက်သည်တိုင်အောင် ဦးစား ပေးခဲ့ သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်းငြင်းဆိုလာခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ဆိုကရေးတီးစ်နည်းများသည် ၎င်းမတိုင်မီပေါ်ပေါက်ခဲ့သော ဂရိတွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသောနည်းများဖြစ်သည်ဟု ပညာရှင်များကဆိုပါ၏။
တည်ထောင်သူ : Plato (BC- 428~328)
ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး : ဂရိလူမျိုး၊
: အနောက်တိုင်းအတွေးအခေါ်ပညာရှင်
: ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။
Name : Plato ()
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.
ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ
ပလေတိုသည် ၎င်း၏ဆရာ ဆိုကရေးတီးစ်တင်ပြခဲ့သော အယူအဆများကိုချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒ ဆိုင်ရာ သီအိုရီတခုကိုတင်ပြခဲ့ပါသည်။ အာရုံသိ၊ ဆင်ခြင်သိတို့နှင့် ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည်။
မသိခြင်း။ ။ (Ignorance) ဟူသည်မှာ လုံးဝမသိနားမလည်ဘဲဖြစ်နေသော အခြေအနေကို ဆိုလိုသည်။ မရှိအဖြစ် ကိုဆောင်နေသော အခြေအနေဖြစ်သည်ဟု ပလေတိုကဆိုပါ၏။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရား ကိုမသိဘဲဖြစ်နေရုံမက မှားသောအသိများကိုပင်မလျှင် မသိရှိ မခံစားနိုင်ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည်။ ထို့ကြောင့် မသိခြင်း ဟူသောအဖြစ်သည် မရှိခြင်း (not being) ဟူသော အခြေအနေနှင့်အတူတူ ပင်ဖြစ်သည်ဟု ယူဆခဲ့လေသည်။
ထင်မြင်ချက်။ ။ (Opinion) ဆိုသည်မှာ အာရုံသိဖြင့်သိလာသောအသိများကိုဆိုလိုခြင်းဖြစ်၏။ ၎င်းသည် မသိခြင်း (Ignorance) ကဲ့သို့ မှားသောအသိများကိုပင် လုံဝမသိဘဲဖြစ်နေသောအခြေအနေမဟုတ်။ ထို့ကြောင့် မရှိခြင်း (not being) သဘောကိုဆောင်နေသည်ဟုမဆိုနိုင်ပေ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်းမရှိသေးပေ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကိုဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ။ သို့ဖြစ်၍ ပလေတို၏အလိုအရ အာရုံသိဖြင့်သိရှိလာသောအသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့အကြားတွင် ဖြစပေါ်နေ သောအသိများသာလျှင် ဖြစ်နေပေသည်။
အသိပညာ။ ။ အသိပညာဟူသည်မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းသည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟုပလေတိုက ခံယူတင်ပြခဲ့၏။
ပလေတို၏အလိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။
အရစ္စတိုတယ်လ် Aristotal
အရစ္စတိုတယ်လ်
Aristotle (384-322BC)
Name : Aristotle
Birth : 384 BC
Death : March 7th, 322 BC
School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm
Main interests : Politics, Metaphysics, Science, Ethics
Notable ideas : The golden mean, Reason, Logic, Biology, Passion
Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science
အရစ္စတိုတယ်လ်သည် ပလေတို၏တပည့်ဖြစ်သည်။ သို့သော် ဆရာပလေတို၏ အယူအဆတိုင်းကိုမှု လက်မခံခဲ့ပေ။ ပလေတိုကဲ့သို့ အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍မငြင်းဆိုခဲ့ပေ။ သို့ရာတွင် လူတို့သည် စစ်မှန် သောအသိပညာ ကိုရရှိနိုင်ရန်အတွက် အာရုံ သိကိုသာ အခြေခံ၍မရကြောင်းတင်ပြခဲ့သည်။
အာရုံလောက၌ဖြစ်ပေါ်နေသော အဖြစ်အပျက်တို့သည် အဘယ်အကြောင်းကြောင့်ဖြစ်ပေါ်နေသည်ကို သိရှိမှသာ လျှင် လူတို့သည် စစ်မှန်သော အသိပညာကိုရရှိလာမည်ဟုဆိုပါသည်။
အရစ္စတိုတယ်လ်နောက်ပိုင်း၌ ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည်။ အက်ပီကျူးရီးယက်(Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည်။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက်ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည်။
ဂရိအတွေးအခေါ်ပညာရှင်များကြောင့် အနောက်တိုင်းအတွေးအခေါ်လောကတွင် သိမှုဗေဒနှင့် ပတ်သက် သော အစဉ် အလာကြီးနှစ်ရပ်ဖြစ်ပေါ်လာသည်။ တခုမှာ ပလေတို အစပျိုးခဲ့သော ဆင်ခြင်မှုကိုအဓိကထားသည့် အစဉ်အလာနှင့် ကျန်တခုမှာ အက်ပီးကျူးရီးယက်(Epicurus) နှင့် (Stoics) များက စတင်အလေးထားသော အတွေ့အကြုံအခြေပြု အစဉ် အလာဖြစ်သည်။
အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ-
"Man is by nature a political animal."
သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ
Niccolo Machiavelli (1469~1527)
မက်ခီယာဗယ်လီ
- အီတလီမင်းသား
နိုင်ငံရေးအတွေးအခေါ်ပညာရှင်
သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။
Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau
ဖလော့ရင့်မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆)ရာစုအတွင်း စည်းလုံးမှုမရှိ၊ သူတလူငါတမင်းဖြင့် မြို့ရိုးများ အတွင်း စုပြုံနေထိုင်ဆဲဖြစ်သည်။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ တည်ထောင်၍ နယ်ပယ်များချဲ့ထွင်နေထိုင်ချိန်ဖြစ်သည်။ ထို့ကြောင့် ဥရောပ၌ အီတလီနိုင်ငံ၏အခြေအနေသည် ခေတ် နောက်ပြန်စွဲ နေသောအခြေ အနေမျိုး ဖြစ်နေ ပေသည်။
နီစ်ကိုလို မက်ခီယာဗယ်လီ (1469~1527)၏ ရေးသားခဲ့သော စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏။ ရှေးခေတ်နိုင်ငံရေးအယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် အီတလီနိုင်ငံရေးသမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေများ အပေါ်အခြေခံ၍ ၎င်း၏အယူအဆများအား စာပေပညာ ဖြင့် ထုတ်ဖေါ်တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။
သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့်စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-
နိုင်ငံရေးတွင်
၁. "ရိုးသားဖြောင့်မတ်ရေး" နှင့်
၂. ဘုရင်၊ ပုဒ်ရဟန်းမင်းတို့အပါအ၀င်-
"အာဏာသည် ပြည်သူထံမှလာသည်" ဟူသောအယူအဆသည် ဟောပြောခဲ့ပြီး၊ ရှိပြီးဖြစ်၏။
ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည်။ သို့သော် သမ္မတနိုင်ငံ ထက် ဘုရင်စနစ်ကပို၍ပေးနိုင်သည်ဟုယူဆခဲ့သည်။ သို့သော် ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကိုရသည်ဟု လက်ခံခြင်းမဟုတ်။ သားက အဖေကို မဆက်ခံနိုင်။ နိုင်ငံအချုပ်အခြာ နှင့်ပတ်သက်၍ ဤသို့တောင်းဆိုခွင့်မရှိ။ ပြည်သူကအဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။
(၁၄) ရာစုအတွင်း အီတလီမြို့ပြနိုင်ငံများအကြား၌ ၎င်း၏အယူအဆအား ပြည်သူနှင့်အုပ်ချုပ်သူ လူတန်းစား အကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက်ဖေါ်ထုတ်လာသော နိုင်ငံရေးအယူအဆအား ထိုခေတ် အထက်တန်းလွှာတို့၏ ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကိုခံခဲ့ရပါသည်။
"Marsilius" သည် အီတလီဂိုဏ်းချုပ်ဘုန်းတော်ကြီးတပါးဖြစ်ပါသည်။ ဂိုဏ်းချုပ်ဘုန်းတောကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ်အယူအဆများ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ်ထူးဆန်းခဲ့ပါသည်။ သို့သော် သူ၏အကြံပြုချက်များသည် နောင် အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘော တရားများ ဖြစ်လာခဲ့ပါသည်။
မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင်အဆင့်တစ်ခုကို ဖြတ်သန်းရန်လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည်။
ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့အာဏာရှင်စနစ် ထူထောင်ရေးအဆိုပြုချက်အယူအဆများ၌ အခြေအနေအရ လိုအပ်ချက် တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထား မှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည်။
မြန်မာ့နိုင်ငံရေးအယူအဆ
၁။ မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ
မူလအခြေခံသဘောတရားများ
မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆမျာသည် အခြေခံအားဖြင့်ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက် လာသည်ဟု ယူဆရပါသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံ၏သမိုင်းအထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ခတ် အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်များသည် အကြွင်းမဲ့သက်ဦးဆံအပိုင်းဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့ သည်သာဖြစ်ပေသည်။
ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေးအယူအဆ၌ ထူးခြားသော အတွေးအခေါ်အယူအဆများ မတွေ့ရဘဲ မင်းကျင့် တရား(၁၀)ပါး နာယကဂုဏ်(၆)ပါးဟူသော ကျင့်ဝတ်သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံအုပ်ချုပ် ခဲ့ကြလေသည်။
မင်းကျင့်တရား(၁၀)ပါး
1.လှူဒါန်းခြင်း
2.သီလဆောက်တည်ခြင်း
3.ပေးကမ်းစွန့်ကြဲခြင်း
4.ရိုးသားတည်ကြည်ဖြောင့်မတ်ခြင်း
5.နူးညံ့သိမ်မွေ့ခြင်း
6.အဌင်္ဂသီလ ဆောက်တည်ခြင်း
7.အမျက်မထွက်ခြင်း
8.သည်းခံခြင်း
9.ပြည်သူကို မညှဉ်းဆဲခြင်း
10.ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)
ထို့ကြောင့် မြန်မာနိုင်ငံရေးအယူအဆများ၏ မူလအခြေခံအကြောင်းတရားများသည်-
မင်းကျင့်တရား(၁၀)ပါး ဟူသော ကျင့်ဝတ်သိက္ခာများပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းပြည်အားစီမံအုပ်ချုပ်သော စနစ်အားဖြင့်(၂)မျိုးနှစ်စားရှိခဲ့ပြီး တနည်း အားဖြင့် မြန်မာနိုင်ငံသမိုင်းတလျောက် ထွန်းကားခဲ့သော အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်အား လုံးဝချုပ်ငြိမ်းစေ၍ သမ္မတ နိုင်ငံ ထူထောင်ခဲ့ကြပါ သည်။
ထို့သို့ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂)ထိ ပါလီမန်မိုဒီမိုကရေစီစနစ်အား ၁၉၄၇ အခြေခံဥပဒေ ဖြင့်(၁၄) နှစ်ကြာအုပ်ချုပ်ခဲ့ပါသည်။ (၁၉၆၂)မတ်လ (၂)ရက်နေ့၌ စစ်တပ်မှအာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈)ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်ပြောင်း၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဟုခေါ်သော တပါတီအုပ်ချုပ်သောစနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည်။
ဤအခြေအနေများအားလေ့လာသောအခါ မြန်မာ့နိုင်ငံရေး၌ အယူအဆအတွေးအခေါ်များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ်များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည်။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်၌ ရှေးခေတ်မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက် မှု အတိုင်းအတာ(သို့မဟုတ်) ရှေးခေတ်မြန်မာ့နိုင်ငံရေးအယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပေါ် မည်မျှအကျိုး သက်ရောက်မှုရှိသနည်း ဆိုသောမေးခွန်းအား ဤနေရာမှဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိ ကြောင်း တွေ့ရပေမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးဆိုင်ရာအယူအဆများသည် ကိုယ်ပိုင်မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား၊ အထူး သဖြင့် အနောက် နိုင်ငံများ၏အတွေးအခေါ်အယူအဆများမှ ကောင်းနိုးရာရာများအားရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့်ပုံစံများ ကိုယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ် တလျှောက် ဆက်စပ်တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန်ရှိပါသည်။
- သို့သော်လည်း မှန်ကန်သောလမ်းစဉ်တစ်ခုကိုကား တိတိကျကျသတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။
ဤအဖြေအားမဖြေဆိုမီ မြန်မာ့နိုင်ငံရေးဆိုင်ရာအချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည်သုံးသပ်သင့်ပေသည်။
4.မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်အတွင်း ရှည်လျားစွာဖြတ်သန်းခဲ့ခြင်း၊
5.မြန်မာနိုင်ငံသမိုင်းတလျောက် နှစ်ပေါင်းတထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်း သော်၎င်း၊ ပြည်ပနှင့်သော်၎င်း ရှည်လျားစွာ စစ်မက်ဖြစ်ပွါးနေခဲ့ခြင်း၊
6.အနော်ရထာမင်းလက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်း ခဲ့ရခြင်း၊ ထိုစည်းလုံးမှုပျက်ပြားနေသော ကာလများ၏အကျိုးဆက်များ၊
7.ကမ္ဘာပေါ်၌ ခေတ်စနစ်များကို အခြေအနေအချိန်ခါနှင့်အညီ ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာ နိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင် စနစ်များသာ ထွန်းကားခဲ့ခြင်း၊
8.မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လိုမင်းထက်လုပ်ခြင်း၊ မိမိအင်အားသာလာပါက တဖတ်သားအပေါ် အနိုင်ယူဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ် နာခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူး စည်းဇိမ် အထူးမက်မောခြင်း၊ ငွေကြေး၊ တန်စိုး လက်ဆောင်မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့မိသားစု ဆွေမျိုးသားချင်း ကောင်းစားရေးအား ဦးစွာလုပ်ဆောင် နေကြခြင်း၊
9.စည်းလုံးမှု လုံးဝမရှိခြင်း၊
10.စနစ်တကျ တိုင်ပင်စည်းဝေးမှု လုံးဝမရှိခြင်း၊
11.လူလူချင်းစာနာစိတ် အလွန်အားနည်းခြင်း၊
12.ထေရ၀ါဒဗုဒ္ဓဘာသာလမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ် အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက်နားလည်မှု အလွန်အားနည်းနေခြင်း၊
13.ငွေကြေး၊ ရာထူးထက်ပို၍ လူကိုတန်းဖိုးထားတတ်သော စိတ်ဓါတ်အလွန်အားနည်းခြင်း၊
14.ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲခံယူလို၍ တပည့်မွေးသောအကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း၊
15.မိမိ၏ပုဂ္ဂလအကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
16.ဒေသတစ်ခု၌ဖြစ်ပေါ်နေသော ပြဿနာအကြောင်းအရာတစ်ခုပေါ်တွင် ဖြေရှင်းခြင်း၊ ကူညီခြင်းလုပ်ငန်းစဉ် များအား လုပ်ဆောင်ရာ၌ မိမိ၏အကျိုးစီးပွါးအား ထည့်သွင်းတွက်ချက်၍ အမြတ်ထုတ်တတ်သော ဖြေရှင်း မှုမျိုးသာ မြန်မာ့နိုင်ငံ ရေးလောက၌ ထွန်းကားနေခြင်း။
17.နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင်၎င်း၊ မှန်ကန်သောဦးဆောင်မှုဖြင့်၎င်း၊ တဦးနှင့်တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်းစိတ်ဓါတ်တို့ဖြင့်၎င်း၊ ခိုင်မာသောကိုယ်ကျင့် သိက္ခာရှိမှုဖြင့်၎င်း၊ သတိနှင့် အသိပညာရှိမှုဖြင့် ၄င်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ်ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန်အားနည်းခြင်း။
18.မျိုးဆက်သစ်ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
19.ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
20.သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
21.အောင်မြင်မှုအပေါ်၌သာ စံစားခံစားတတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသောသတ္တိ၊ တာဝန်ခံရဲသောသတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။
စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရပ်တည် နေရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မျက်မှောက် မြန်မာ့နိုင်ငံရေးအတွေးအခေါ်အယူအဆများသည် မူလဆင်းသက်လာရာ အကြောင်း တရားများဖြစ်သော ဗုဒ္ဓလမ်းစဉ်၏အဆုံးအမတရား ဒေသနာတော်များနှင့်သော်လည်းကောင်း၊ ရှေးခေတ်နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမသဘောတရားများဖြစ်သော မင်းကျင့်တရားဆယ်ပါး၏ စံတန်ဖိုးများနှင့်သော်လည်းကောင်း မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား လေးကြိမ်တိုင်တိုင်စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက်သဘောထား အတွေးအခေါ်အယူအဆများနှင့်သော်လည်းကောင်း ကိုက်ညီခြင်း မရှိဟု ဆိုရပါမည်။
ယေဘူယျအားဖြင့် နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုနိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် အပေါ် မူတည်ပေသည်။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေးစနစ်အား မည်သူတို့က ပြဌာန်းသနည်း ဟူသော မေးခွန်းရှိ လာရပါသည်။
သို့ဆိုလျှင် …
၁. တပါတီ(သို့) အာဏာရှင်တို့က ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့သဘောအမိန့်အတိုင်း ပြဌာန်းသည်လော၊
၂. ပြည်သူလူထုသဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ နိုင်ငံတနိုင်ငံဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ ပြည်သားအပေါင်းတို့၏ ဆန္ဒသဘော ထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည် ဟူသော ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရား ဥပဒေသည်လည်းစိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းလာပါမည်။ ဤသို့အားဖြင့် ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါသည်လည်း ကြီးမားပြီး နိုင်ငံတော် ကြီး၏ ဒေသပတ်ဝန်းကျင်အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောကပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန် အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံး ရန်လိုအပ်ပါလိမ့်မည် -
၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သော ၀ါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)
စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သား တွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်အတွင်း လူ့အဖွဲ့ အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင်သော်လည်းကောင်း ဦးစွာပထမကြိုးပမ်း ဆောင်ရွက်ဖို့ရန် လိုအပ်ပေလိမ့်မည်။
နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် မျက်မှောက်မြန်မာနိုင်ငံအခြေအနေအား လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန်လိုအပ်ပါလိမ့်၏။
ဤစာတမ်းသည် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုး၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံခေါင်းဆောင် လောင်း လူငယ် လူရွယ်များ အတွက် သတိပြုစရာ၊ သင်ခန်းစာယူစရာ၊ ဝေဖန်စရာ၊ ဆင်ခြင်တုံတရားလက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုးစေခြင်းငှါ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏။
မောင်စည်သူ

Labels:
ဆောင်းပါး
we must defend democracy (3&4) by U Nu
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၃) ။
ဂရိနိုင်ငံများ။
ရှေးခေတ် ဂရိလူမျိုးများဟာလည်း လူ့ ဘ၀ရဲ့ ဂုဏ်သိက္ခာကို ရိုသေလေးစားတတ်ကြတာကို တွေ့ ရပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ဝေါဟာရဟာ ဂရိတို့ ရဲ့ ဝေါဟာရပါဘဲ။ အဓိပ္ပါယ်ကတော့ ” လူအများရဲ့ အုပ်ချုပ်ရေး“ လို့ အဓိပ္ပါယ် ရပါတယ်။ ရှေးခေတ်ဂရိလူမျိုးများဟာ ဒီမိုကရေစီစနစ်အရ တိုင်းပြည်ကို အုပ်ချုပ်သူများ ဖြစ်တယ်။ သူတို့ မှာ အက်ကလီရှာ လို့ ခေါ်တဲ့ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ရှိတယ်။ အသက် (၁၈) နှစ်ပြည့်တဲ့ ဂရိနိုင်ငံသားတိုင်းဟာ ဒီအဖွဲ့ အတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိပြီး အစည်းအဝေးမှာ ပါဝင်ပြောဆို ဆောင်ရွက်ခွင့် ရရှိကြတယ်။
ယခုတိုင် ကျော်ဇောထင်ရှားတဲ့ ရှေးခေတ် ဂရိပုဂ္ဂိုလ်ထူး နှစ်ဦးအနက် ဆိုလွန်ဆိုတဲ့ ဂရိပုဂ္ဂိုလ်ကြီးဟာ မည်သူမဆို ဆင်းရဲချမ်းသာမရွေး တရားဥပဒေရဲ့ မျက်မှောက်မှာ အခွင့်အရေး အညီအမျှ ရရှိနိုင်ကြအောင် ဥပဒေကောင်းများကို ပြုခဲ့တယ်။ ဂျူရီလူကြီးစနစ်ဖြင့် တရားကို စီရင်ဆုံးဖြတ်စေတယ်။ ပရီကလီ မင်းကြီးဟာ အက်ကလီရှာအဖွဲ့ အတွက် မဲပေးနိုင်ပြီး ပါဝင်ဆောင်ရွက်နိုင်စေရန် အဖွဲ့ ဝင်ရဲ့ အသက်ကို (၁၈) နှစ် သတ်မှတ်ခဲ့တယ်။ တရားသူကြီးများကို ရွေးကောက်တင်မြောက်တဲ့စနစ်ဖြင့် ခန့် ထားစီရင်စေတယ်။ ရှေးခေတ်ရောမမင်းများထဲက ဆိုရင်လည်း ဂျက်စတီနီယန်မင်းဆက်ဟာ ယခုတိုင် ကျော်စောတယ်။ ဒီမင်းဟာ ရှေးမင်းအဆက်ဆက်က ပြဌာန်းခဲ့တဲ့ဥပဒေတွေ၊ အမိန့် တော်တွေကို ပြန်လည်လေ့လာစေပြီး တရားမျှတမှု ရှိလာစေရန် တစုတပေါင်း ပြုပေးခဲ့တယ်။
ဒီနောက် ဂရိနိုင်ငံတွေ ရောမနိုင်ငံတွေ ပျက်သုဉ်းသွားကြတဲ့အခါ ဥရောပတိုက်ကြီးမှာ မငြိမ်မသက်ဖြစ်ပြီး သူတလူ ငါတမင်းတွေ ပေါ်လာကြတယ်။ ဒီအခါ မင်းတွေဟာ သူတို့ ကိုယ်ကို သူတို့  သက်ဦးဆံပိုင် လောက သမုတိနတ်လို့ အထင်ရောက်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းလာကြပြန်တယ်။ တရားတော်တွေလဘ်း ရှိပါရဲ့၊ ရှေးက ဥပဒေကောင်းတွေလည်း ရှိပါရဲ့ ၊ ဒါပေမယ့် ဒီတရားတော်တွေ ဥပဒေကောင်းတွေကို သူတို့ က မလိုရင် မလိုသလို ပစ်ပယ်ပြီး ထင်ရာစိုင်းကြတယ်။ ဒီတော့ တိုင်းသူပြည်သားတွေမှာ လူ့ လွတ်လပ်ရေး ဆုံးရှုံးကြရတယ်။ လူ့ လွတ်လပ်ရေး ဆုံးရှုံးတော့ ဒီမိုကရေစီလည်း ဆိတ်သုဉ်းရတယ်။ ဒီမိုကရေစီလည်း ဆိတ်သုဉ်းတော့ လူတွေဟာ အုပ်ချုပ်မင်းလုပ်သူတွေရဲ့  မထီလေးစား ပြုကျင့်ခြင်းကို ခံကြရတယ်။
ဒီတော့ လူ့ဘ၀ရဲ့  ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူး။ လူဟာ လူနဲ့ မတုတော့ပဲ တိရိစ္ဆာန်သာသာလောက်ပဲ ဖြစ်လာတယ်။ ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ ခေတ်ကြီးထဲမှာ လင်းရောင်ခြည်ကလေး ပေါ်ထွက်လာပြန်တယ်။ ဒီမိုကရေစီလမ်းစဟာ ပြန်ပေါ်လာတယ်။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၄)။
မဟာစာချုပ်။
ဒီလင်းရောင်ခြည် ဒီ ဒီမိုကရေစီ လမ်းစ ပေါ်ထွက်လာရာဟာ တခြား မဟုတ်ဘူး။ အင်္ဂလန်နိုင်ငံဘဲ။ အခုအခါမှာဆိုရင် အင်္ဂလန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဘဲ။ ဒီနိုင်ငံမှာ တိုင်းသုပြည်သားတွေဟာ ပြည်သူ့ကိုယ်စားလှယ် ပါလီမန် အမတ်တွေကို ရွေးကောက်တင်မြောက်ကြတယ်။
ရွေးကောက်ပွဲပြီးလို့  ပါလီမန်အစည်းအဝေး ကျင်းပကြတဲ့အခါမှာ အမတ်များရာက ၀န်ကြီးချုပ်ကို ရွေးတယ်။ ၀န်ကြီးချုပ်က သက်ဆိုင်ရာ ၀န်ကြီးများကို ခန့် ထားပြီး အစိုးရအဖွဲ့ ကို ဖွဲ့ စည်းတယ်။ ဒီအစိုးရအဖွဲ့ ဟာ ပြဌာန်းထားတဲ့ ဥပဒေများနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်သွားတယ်။
ပါလီမန်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ ရွေးကောက်ပွဲအသစ် ကျင်းပပြီး ဆောင်ရွကိမြဲအတိုင်း ဆောင်ရွက်ပြန်တယ်။ ဒီလိုအုပ်ချုပ်ရေးမျိုးကို ဒီမိုကရေစီအုပ်ချုပ်ရေးလို့ ခေါ်တယ်။ အင်္ဂလန်မှာရှိတဲ့ အုပ်ချုပ်ရေးစံနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပါဘဲ။ ကျွန်တော်တို့  ပြည်ထောင်စုမြန်မာနိုင်ငံမှာလည်း ဒီစံနစ်မျိုးအတိုင်း အုပ်ချုပ်နိုင်အောင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၁၉၄၇ ခုနှုစ်မှာ တိုင်းပြည်ပြုလွတ်တော်က ရေးဆွဲ အတည်ပြုခဲ့တာဟာ အထင်အရှား ဖြစ်ပါတယ်။
ကောင်းပြီ။ အင်္ဂလန်နိုင်ငံရဲ့  လက်ရှိအုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ဖြစ်တယ် ဆိုတာတော့ သိပါပြီ။ ဒါပေမယ့် ဒီစနစ်ဟာ အင်္ဂလန်ပြည်ပေါ်ကို မိုးကျရွှေကိုယ်လို မိုးပေါ်က ကျလာတာလား။ ဘယ်ဟုတ်မလဲ။ အင်္ဂလန်ပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ်မျိုးကို တင်းပြည့်ကျပ်ပြည့် ရရှိလာအောင် ဆယ့်သုံးရာစုလောက်က စပြီး နှစ်ပေါင်း ငါးရာလောက် ကြိုးပမ်းခဲ့ကြရတယ်။ ဒီကာလအတွင်းမှာ အင်္ဂလန်ပြည်သူပြည်သားတွေဟာ အင်္ဂလိပ်လောက သမုတိနတ်မင်း (မင်းဆိုးတွေ) တွေကို တစ်မင်းပြီး တစ်မင်း တော်လှန်ခဲ့ကြတယ်။
တော်လှန်ကြရာမှာ ပြည်သူ့အင်အားစုတွေကို စည်းရုံးပြီး တော်လှန်ကြရတယ်။ သွေးချေုာင်းစီးခဲ့ကြရတယ်။ အရိုးတောင်လို ပုံခဲ့ကြရတယ်။
ဒါပေမယ့် အင်္ဂလန်ပြည်သူပြည်သားတွေဟာ ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ တော်လှန်ခဲ့ကြတယ်။ ရှုံးတဲ့အခါတွေလည်း ရှိခဲ့ကြတယ်။ အောင်မြင်တဲ့အခါတွေလည်း ရှိခဲ့ကြတယ်။ ဒါပေမယ့် ဇွဲမလျှော့ပဲ တော်လှန်ခွင့်ရတိုင်း တော်လှန်လာလိုက်ကြတာဟာ ဆယ့်သုံးရာစုလောက်ကျမှ သူတို့ အလိုရှိတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ကို ရရှိလာခဲ့ကြတယ်။
အင်္ဂလန်ပြည်သူလူထုဟာ ဒီမိုကရေစီအတွက် ဘယ်လိုကြိုးပမ်းကြရသလဲ။ အင်္ဂလန်နိုင်ငံမှာ ဒီမိုကရေစီလမ်းစဟာ ၁၂၁၅ ခု နှစ်မှာ ပေါ်လာတယ်။ ဒီအခါတုန်းကဆိုရင် အင်္ဂလိပ်မင်းဟာ “ဂျွန်” ဖြစ်တယ်။ “ဂျွန်” ဟာ သူ့ကိုယ်သူ လောက သမုတိနတ်လို့ ထင်တယ်။ ဘာပဲလုပ်လုပ် သူလုပ်တာ မှန်တယ်၊ တရားတယ်လို့ သူထင်တယ်။ ထင်တဲ့အတိုင်းလည်း လုပ်တယ်။ သူလုပ်တာတွေဟာ လူ့လွတ်လပ်ရေးအန္တရာယ်တွေဘဲ။ လူ့ဘ၀ ဂုဏ်သိက္ခာရဲ့ ဆူးငြောင့်ခလုတ်တွေဘဲ။ အင်္ဂလန်မှာ တရားတော်တွေလည်းရှိပါရဲ့ ။ ဥပဒေကောင်းတွေလည်း ရှိပါရဲ့ ။ ဒါပေမယ့် “ဂျွန်”ဟာ တရားတော်တွေ ဥပဒေကောင်းတွေကို ဘေးချိတ်ပြီး သူထင်ရာလုပ်တယ်။ သူမကြိုက်ရင် ဖမ်းတယ်။ မစစ်ဆေးဘဲ ထောင်သွင်းအကျဉ်းချတယ်။ သတ်တယ်။ ငွေဒဏ်ရိုက်တယ်။ စည်းစိမ် ဥစ္စာတွေကို သိမ်းတယ်။ ဒီအခါမှာ နယ်စား မူးမတ်ကြီးတွေကတောင် မခံမရပ်နိုင် ဖြစ်လာကြတယ်။
ဒါကြောင့်မို့ အမတ်ကြီးတွေ အချင်းချင်း တိုင်ပင်စည်းရုံးပြီး အစည်းအရုံး ဖြစ်လာတဲ့အခါမှာ ဘုရင် “ဂျွန်” ကို မဂ်ဂနာကားတား လို့ ခေါ်တဲ့ မဟာစာချုပ်မှာ လက်မှတ်အထိုးခိုင်းတယ်။ ဘုရင်က လက်မှတ်မထိုးရင် မူးမတ်တွေက စစ်ထိုးရလိမ့်မယ်လို့  မှူးမတ်တွေက “ ဂျွန်” ကို ခြိမ်းခြောက်တယ်။
“ဂျွန်” လည်းကြောက်ကြောက်နဲ့  လက်မှတ်ထိုးလိုက်ရတယ်။ ဒီမဟာစာချုပ်ရဲ့ အလိုအရ ရှင်ဘုရင်ဟာ နိုင်ငံတော်ရဲ့  ဥပဒေအရမှတပါး တိုင်းသူပြည်သားတွေကို မဖမ်းပါ မချုပ်နှောင်ပါ၊ ပစ္စည်းဥစ္စာတွေ မသိမ်းပါလို့  ကတိပေးရတယ်။ အမှုအခင်း ဖြစ်ပွါးလာရင် တရားမျှတအောင် ပြုလုပ်ပေးပ့ါမယ်လို့  ကတိပေးရတယ်။ ရာဇ၀တ်မှု ကျူးလွန်မိတဲ့အတွက် ငွေဒဏ်တပ်တဲ့အခါမှာ ဆင်းရဲမွဲပြာကျသွားအောင် ငွေဒဏ်မတပ်ပါလို့  ကတိပေးရတယ်။ ကုန်ပစ္စည်းများကို ရောင်းနိုင်အောင် ကုန်သည်များအား လွတ်လပ်စွာ သွားလာခွင့်ပေးပါ့မယ်လို့  ကတိပေးရတယ်။ လယ်သမားများထံမှာ ကောက်ပဲသီးနှံများကို ယူတဲ့အခါ လျော်ကြေးပေးပြီး ယူပါ့မယ်လို့ ကတိပေးရတယ်။ “ဂျွန်” ဟာ ဒီလိုကတိတွေကို ပေးပြီး မဟာစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ရတယ်။
ဒီလို မဟာစာချုပ်ကို ဘုရင်“ဂျွန်” ဟာ လက်မှတ်ရေးထိုးလိုက်ရတဲ့အတွက် ထင်ရာလုပ်ချင်တတ်တဲ့ မင်းရဲ့ အာဏာဟာ အကန့် အသတ်နဲ့ ဖြစ်လာရတယ်။ တနည်းအားဖြင့်ဆိုရရင် မင်းဟာ ပြည်သူ့ အလိုကိုလည်း လိုက်နာလာရတယ်။ ပြည်သူတို့ ရဲ့  လွတ်လပ်မှုအခွင့်အရေးကို လေးစားလာရတယ်။ ဒီတော့ မင်းဆိုပေမယ့် ထင်တိုင်း မကျင့်ရဘူးဆိုတဲ့ သဘောတရားရယ်၊ ပြည်သူလူထုရဲ့  လူ့ လွတ်လပ်ရေးနဲ့  လူ့အခွင့်အရေးတို့ ဟာ သက်ဦးဆံပိုင်ဆိုတဲ့ အာဏာထက်ပိုပြီး အရေးကြီးတယ်ဆိုတဲ့ သဘောတရားရယ်၊ ဒီသဘောတရားနှစ်ခုဟာ ဒီမိုကရေစီရဲ့  အခြေခံသဘောတရားများအနေနဲ့  “ဂျွန်” ဘုရင်လက်ထက်က စပြီး ထင်ရှားလာကြတယ်။

we must defend democracy (2) by U Nu
ဒီမိုကရေစီဆိုတာဘာလဲ။
ဒီအချက်ကို ကျွန်တော်ရှင်းပြချင်ပါတယ်။ ဒီမိုကရေစီရဲ့သဘောဟာ အခြေခံအားဖြင့် သဘောတရားနှစ်ခုမှ ဆင်းသက်လာတာကိုတွေ့ ရတယ်။
(၁) ပထမသဘောတရားကတော့ လူဆိုတာ မွေးလာကတည်းက လွတ်လပ်တဲ့သတ္တ၀ါဖြစ်လေတော့၊ လူ့ လွတ်လပ်ရေးဟာ လူသားတို့ ရဲ့  အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့ သဘောတရားပဲ။ ဒီသဘောတရားအရ လွတ်လပ်တဲ့ အခွင့်အရေးကို လူတိုင်းလူတိုင်း ကာကွယ်ရမယ်။ လိုအပ်လျှင် အသက်ပေးပြီး ကာကွယ်အပ်တဲ့ အခွင့်အရေး ဖြစ်တယ်။ လွတ်လွတ်လပ်လပ် မနေရတဲ့ လူ့ဘ၀၊ နဖားကြိုး အတပ်ခံရတဲ့လူ့ ဘ၀ဆိုတာမျိုးဟာ စိတ်ကူးထဲတောင် မထည့်အပ်တဲ့ လူ့ ဘ၀မျိုး ဖြစ်တယ်။ လူဆိုတာဟာ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံခွင့် ရရှိနိုင်မှ လူနဲ့ တူတယ်။ လူ့သိက္ခာဂုဏ်အင်္ဂါနဲ့ ပြည့်စုံတယ်။
ဒါပေမယ့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ကို အကောက်မမှားစေရဘူး။ လွတ်လပ်တယ်ဆိုတာဟာ အရမ်းကာရော ကိုယ်ထင်ရာ ကိုယ်စိုင်းတယ်ဆိုတာနဲ့ နဲနဲမှ မတူဘူး။ ဒီအချက်ကို သတိမြဲမြဲထားရမယ်။ လူဟာ လူ့ အသိုက်အ၀န်းနဲ့ နေထိုင်နေသမျှ ကာလပတ်လုံး၊ လူ့ အသိုက်အ၀န်းမှာ ပါဝင်နေတဲ့ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို မထိခိုက်စေရဘူး။ ဒီတော့ လူ့ လွတ်လပ်ရေးဆိုတာဟာ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့လွတ်လပ်မှုကို မထိခိုက်စေရဘဲ ပြုမူကျင့်ကြံနိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောသာဖြစ်တယ်။ ဒီအချက်ကို မြဲမြဲကြီး သတိထားဘို့ ရှိတယ်။
(၂) ဒုတိယသဘောတရားကတော့ ပထမသဘောတရားက စီးဆင်းလာတဲ့ သဘောတရား ဖြစ်တယ်။ ဒါကတော့ တခြားမဟုတ်ဘူး။
လူ့ လွတ်လပ်ရးဟာ လူသားတို့ရဲ့ပစ္စည်းတရပ်ဖြစ်ရင် ဒီလွတ်လပ်ရေးကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့ သဘောတရားဘဲ ဖြစ်တယ်။ ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုအသုံးချရမလဲ။ လူ့ လောကကို မျှတအောင် တရားသဖြင့် ဖြစ်စေအောင် လုပ်ပေးတတ်တဲ့ ဥပဒေမျိုးကို ပြုတဲ့ ကိစ္စမှာ လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိစေရမယ်။ ဥပဒေအရ တိုင်းပြည်ကိုဖြစ်စေ မြို့ရွာကိုဖြစ်စေ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာ လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့် ရှိစေရမယ်။ အဲဒီနည်းမျိုးနဲ့ လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားရမယ်၊ အသုံးချရမယ်။
ဒီတော့ လွတ်လပ်ရးဟာ လူသားတို့ ရဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့အချက်၊ ဒီပစ္စည်းကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့အချက် ဒီနှစ်ချက်ဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်လို့ ဆိုရလိမ့်မယ်။၊ ကောင်းပြီ ပထမအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ လူ့ လောကမှာ အချုပ်အချယ် မရှိစေရဘူး။ နဖားကြိုး တပ်ထားခြင်း မရှိစေရဘူး။ လူတိုင်းလူတိုင်းဟာ လွတ်လပ်ရမယ်ဆိုတာ ဒီမိုကရေစီဝါဒမှာ တွေ့ ရလိမ့်မယ်။ ဒါပေမယ့် လွတ်လပ်ရေးရှိရမယ်ဆိုတိုင်း အရမ်းကာရော ကိုယ်ထင်ရာကိုယ်စိုင်းခွင့်ရှိတယ်လို့  မယူဆရဘူး။ လူတိုင်း လူတိုင်းရဲ့ လွတ်လပ်မှုကို မထိခိုက်စေတဲ့ လွတ်လပ်ရေးမျိုးသာ ဖြစ်ရမယ်။ ဒီမိုကရေစီဆိုတာ ဒီလိုလွတ်လပ်ရေးမျိုးဘဲ။
ဒီတော့ အယူအဆအားဖြင့်လည်းကောင်း၊ စိတ်သဘောထားအားဖြင့်လည်းကောင်း မတူကြပေမယ့်၊ ဒီလိုမတူကြတဲ့လူတွေဟာ ဘာပဲလုပ်လုပ် အတူတူတွဲပြီး အလုပ်လုပ်ကြမှဖြစ်မယ်ဆိုတဲ့ သဘောဟာ အကျုံးဝင်နေတယ်။ ဘယ်သူ့အပေါ်မျာမှ ဗိုလ်မကျရဘူး။ ဘယ်သူ့အပေါ်မှာမှ ငါ့အကြိုက်လိုက်ပြီး ငါတကော မကောရဘူး။ ဒီမိုကရေစီကို မြတ်နိုးတဲ့လူတိုင်းဟာ ဘာပဲလုပ်လုပ် အချင်းချင်း ဆွေးနွေးတိုင်ပင်မှုရှိရမယ်။ သူ့ အကြိုက် သူ့ အလို ကိုယ့်အလို ညှိနှိုင်းပြီး မျှမျှတတ ဆောင်ရွက်ခြင်း ရှိရမယ်။ ဒါတွေဟာ ဒီမိုကရေစီရဲ့ သဘောတရပ်ဘဲ။
ဒုတိယအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ ဒီမိုကရေစီလောကမှာ ကျကျနန ဖွဲ့ စည်းထားတဲ့ ဥပဒေရှိရမယ်။ ဒီဥပဒေဟာ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ လက်ခံလာခဲ့တဲ့ ဥပဒေမျိုးပဲဖြစ်ဖြစ် ဥပဒေကတော့ မရှိလို့  မဖြစ်ဘူး။ ရှိရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီလောက ဆိုတာ ဒီဥပဒေတွေအပေါ်မှာ ခိုင်ခိုင်မာမာကြီး တည်ဆောက်ထားတဲ့ လောကမျိုး ဖြစ်လို့ ဘဲ။ ဒီလောကမျိုးမှာ တဦးတယောက်ရဲ့ ထင်ရာသဘောအတိုင်း ဘယ်တော့မှ မဖြစ်စေရဘူး။ ဥပဒေရဲ့သဘောအတိုင်းသာ ဖြစ်စေရမယ်။ ဒါဟာလည်း ဒီမိုကရေစီရဲ့  သဘောတရပ်ဘဲ။ ဒီမိုကရေစီနဲ့  ပတ်သက်ပြီး ဒီအချက်နှစ်ချက်ရဲ့  သဘောကိုပေါက်ကြရင် ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ဟာ အတန်အသင့်ရှင်းပြီလို့ ယူဆပါတယ်။
ဒီမိုကရေစီဆိုတာ လူ့ လွတ်လပ်ရေးကို မြတ်နိုးလက်ခံတဲ့သဘောတရား ဖြစ်တယ်။ နောက်ပြီးတော့ လူ့ လွတ်လပ်ရေးအတွက် ဥပဒေပြုတဲ့ကိစ္စမှာရော၊ ဥပဒေအရ တိုင်းပြည်မြို့ ရွာ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာရော လူတိုင်းလူတိုင်း တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ သဘောတရား ဖြစ်တယ်။
ဒီသဘောတရားတွေဟာ ဘယ်တုန်းက ပေါ်ပေါက်လာခဲ့သလဲ။ ဒီသဘောတရားတွေအရ လွတ်လပ်စွာ ပြုမူကျင့်ကြံလိုတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေဟာ ဘယ်လို တိုးတက်လာကြသလဲ။ လူတွေဟာ ဒီမိုကရေစီအခွင့်အရေးတွေ ရဖို့ အတွက် ဘယ်လိုဒုက္ခခံပြီး ကြိုးပမ်းခဲ့ကြရသလဲ ဆိုတာတွေကို ကျွန်တော်ဆက်ပြီး ပြောချင်ပါတယ်။

Friday, August 7, 2009
“ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ ”

Monday, June 29, 2009
စိုးနေလင်း
နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရေးဟာ အဲဒီနိုင်ငံမှာ ချမှတ်အကောင်အထည်ဖော်တဲ့ အခြေခံစီးပွားရေးစနစ်ပေါ်မှာ အများကြီးမှီ တည်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မှီတည်တယ်လို့ ပြောလို့လည်းရပါတယ်။ ဒီမိုကရေစီ ရေရှည်တည်တံ့ ခိုင်မာ ရေး အလားအလာဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြီးမားများပြားလာတာနဲ့အမျှ ပိုပြီးအားကောင်း ခိုင်မာလာမယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတွေရဲ့ အရည်အသွေးတွေနဲ့ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို အများကြီးသက်ရောက်မှု ရှိနေလို့ပါပဲ။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ် ပြန့်ပြန့် စာတတ်မြောက်မှုနဲ့ ပညာရေးက နိုင်ငံသားပြည်သူတွေကို ပိုပြီးရင့်ကျက်လာစေပြီး မဲဆန္ဒရှင် ပြည်သူတွေကို ပိုပြီး သိမြင်နားလည် လာစေပါတယ်။ နောက် ကျယ်ပြန့်လာတဲ့ လူလတ်တန်းစားတွေရဲ့ ပညာရပ်နယ်ပယ်နဲ့ အသက်မွေးဝမ်း ကြောင်းမှု နယ်ပယ်တွေက လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် အာဏာရှင်ဆန်တဲ့ အစိုးရမျိုးဖြစ်ပေါ်မလာအောင် ပိုပြီးကြီး မားတဲ့ ကာကွယ်တားဆီးမှု ဖြစ်ပေါ်လာစေပါတယ်။ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်က အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့ အစည်းကို ပိုမိုများပြားစွာ ပေါင်းဖွဲ့လာစေပြီး အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ခုခံကာကွယ်ဖို့ ယုံကြည်မှု အပြည့် အဝရှိတဲ့ ကိုယ်တိုင်ဖွဲ့စည်းတည်ထောင်ထားတဲ့ အုပ်စုတွေနဲ့ အသင်းအဖွဲ့တွေကို ပိုပြီး ဖွံ့ဖြိုးအားကောင်း လာစေပါတယ်။
ဒါပေမယ့် ဒီမိုကရေစီဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု မြင့်မားတဲ့အခြေအနေတရပ်မှာပဲ ရှင်သန်ဖြစ်တည်နိုင်တယ်ဆိုတဲ့ ကောက်ချက်ချမယ်ဆိုရင်တော့ မှားယွင်းသွားပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တွေထဲမှာ ဂျီအင်ပီ (GNP) နိမ့်ကျတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့ပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးနေနိုင်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိနေကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ၊ ဂျမေကာ၊ ဘော့ဆွာနာ စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ တကယ်တော့ အားလုံးစာ တတ်မြောက်ရေးကို အားပေးထောက်ပံ့တဲ့ အစိုးရရဲ့မူဝါဒတွေဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်တခုထက် ပိုပြီးအရေးပါနိုင်ပါတယ်။ ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံတွေမှာ တခြားဟာတွေထက် ပိုပြီးလို အပ်နေတာက သူတို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ရဲ့ ဘယ်အဆင့်ကပဲစတင်စတင် ခံသာတဲ့စီးပွားရေးဖွံ့ဖြိုးကြီး ထွားမှုပဲ ဖြစ်ပါတယ်။ ဒီလိုမှပဲ လူ့အဖွဲ့အစည်းရဲ့ အမျိုးမျိုးသောအစိတ်အပိုင်းတွေဟာ တိုးတက်မှုကို မျှဝေခံစားနိုင်မှာဖြစ်ပြီး ခွဲဝေမှုဆိုင်ရာ ပဋိပက္ခပြင်းထန်မှုကို သက်သာလျှော့နည်း သွားစေနိုင်ပါတယ်။ အဓိက အပြည်ပြည်ဆိုင်ရာ စီးပွားရေးအေဂျင် စီကြီးတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက စီးပွားရေးအေဂျင်စီကြီးတွေဆိုရင် ဒီမိုကရေစီဖြစ်စဉ်ကို အရေးပါတဲ့အကူအညီ အ ထောက်အပံ့ဖြစ်စေနိုင်သလို အဟန့်အတားလည်း ဖြစ်နေနိုင်ပါတယ်။
ဒီမိုကရေစီဟာ စီးပွားရေးမညီမျှမှုနဲ့ သဟဇာတဖြစ်လာနိုင်ပါသလား ဆိုရင်တော့ ဒီအဖြေကိုဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတဲ့ ရိုးရိုးအဖြေမျိုးပေးလို့ မရနိုင်ပါဘူး။ ဒါက အဆင့်အခြေအနေကိစ္စဖြစ်ပါတယ်။ တကယ်လို့ လူ့အဖွဲ့အစည်းတခုမှာ စီးပွားရေး မညီမျှမှုတွေ ပိုပြီးကြီးမားလာပြီဆိုရင် ဥစ္စာဓန စီးဆင်းစုပုံလာမှုကို နိုင်ငံရေးအကျိုးရလဒ်များရဖို့ အဆုံးအဖြတ်ပေးတဲ့ နေ ရာမှာ အရေးကြီးတဲ့ထောက်ပင့်ပံ့ပိုးမှုတခုအဖြစ် အသုံးပြုလာကြတဲ့အတွက် ထိထိရောက်ရောက်အကျိုးသက်ရောက်မှုရှိတဲ့ နိုင်ငံရေးသာတူညီမျှမှု ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတတ်ပါတယ်။ တချို့လွန်ကျွံတဲ့ဖြစ်ရပ်တွေမှာ ချမ်းသာကြွယ်ဝသူတွေဟာ မရှိဆင်းရဲသားတွေရဲ့မဲဆန္ဒကို သူတို့ရဲ့အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုသလို ကိုင်တွယ် ထိမ်းချုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့လုပ်ဆောင်တဲ့ လုပ်ရပ်တွေအပေါ်မှာ အားကောင်းတဲ့ ခြိမ်းခြောက်မှုတခုလို့ ရှုမြင်ကြ ပါတယ်။ တခြားတဖက်မှာတော့ တကယ်လို့ မရှိဆင်းရဲသားတွေဟာ ဒီမိုကရေစီနည်းနာတွေအားဖြင့် သူတို့ရဲ့ကံကြမ္မာကို တိုးတက်မြင့်မားလာနိုင်တဲ့ အလားအလာကိုမတွေ့ရဘူးဆိုရင် ဒီမိုကရေစီဟာ သူတို့အနေနဲ့ ထောက်ခံအားပေးထိုက်တဲ့ အရာလို့ ထင်မြင်ယူဆကြလိမ့်မယ်မဟုတ်ပါဘူး။ ခုတင်ပြနေတာတွေဟာ ဒီမိုကရေစီရဲ့အရည်အသွေးဆိုင်ရာ ပြဿနာ သာမဟုတ်ပဲ ဘယ်လိုပုံသဏ္ဍာန်အနေအထားမျိုးမှာမဆို ဒီမိုကရေစီ မပျောက်မပျက် တည်ရှိနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒီအတွက် စီးပွားရေးဆိုင်ရားဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ဌာနတွင်း အဖွဲ့အစည်းတွင်း ဒီမိုကရေစီရှိသင့်ပါတယ်။ တချို့ ဒီမို ကရေစီလိုလား သူတွေကတော့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုကို လိုလားတယ်ဆိုရင် လူတွေအလုပ် လုပ်တဲ့နေရာတွေဟာ သူတို့ဘဝတွေရဲ့ စရိုက်လက္ခဏာကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တွေထဲမှာ ပါဝင်ပြီး လုပ်ငန်းခွင်တွေမှာ ဒီမိုကရေစီနည်းလမ်းတကျရှိအောင် ပြုလုပ်ခြင်းဟာ အမြင့်ဆုံးဦးစားပေးရမယ့် အရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သမားတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေအပေါ်မှာ အလုပ်ရှင် တွေက လုပ်ဆောင်လာနိုင်တဲ့ အနှောက်ယှက်အဟန့်အတားတွေကို တားဆီးကာကွယ်နိုင်လာပါလိမ့်မယ်။ သူတို့နေနဲ့ သူတို့ ရဲ့လူနေမှုအဆင့်အတန်း၊ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်နေရာတွေအတွက် တိုးတက်မှုရှိအောင် ဒါမှမဟုတ် ခုခံကာကွယ် မှုရအောင် စုစည်းဆောင်ရွက်လာ နိုင်ပါလိမ့်မယ်။ ပိုပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ဦးတည်ချက်တွေမှာဆိုရင်တော့ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းတခုလုံးအနေနဲ့ အောင်မြင်မှုရနိုင်ဖို့ အလုပ်သမားအားလုံးကို တချို့ တာဝန်ရှိမှုတွေနဲ့ လုပ်ငန်းဆောင် ရွက်မှုတွေ ပေးအပ်နိုင်တဲ့ အမြတ်ခွန်ခွဲဝေရေးနဲ့ ပူးတွဲအဆုံးအဖြတ်ပေးရေး စီမံချက်တွေလည်း ပါဝင်လာပါတယ်။ အဲဒီလို စီမံချက်တွေဟာ အလုပ်ရှင်တွေအတွက် အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ဖို့ ပိုပြီးခက်ခဲသွားစေပြီး အလုပ်သမားစည်း ကမ်းကိုလည်း ပိုပြီး အာမခံလာစေပါတယ်။ အဲဒီလို လုပ်ငန်းတွေ ကုမ္ပဏီတွေဟာ အလုပ်သမားအားလုံးရဲ့ ဖန်တည်းမှုစွမ်း အားတွေကို အားပေးတဲ့ ခေတ်သစ်စီးပွားရေးတခုထဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတဲ့ အထောက် အထားတွေ အများကြီးရှိပါတယ်။
နောက်ပြီး အလုပ်သမားတွေကို ပြဋ္ဌာန်းသတ်မှတ်ခံတွေအဖြစ်ထတ် နိုင်ငံသားတယောက်အဖြစ် ဆက်ဆံကိုင်တွယ်ခြင်း အားဖြင့် အကောင်းဆုံးအကျိုးရလဒ်ရရှိနိုင်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီနဲ့ အကျိုးရလဒ်ဖြစ်ထွန်းမှုဟာ တကယ် တော့ တခုနဲ့တခု ဆန့်ကျင်ဖက်မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တခုမှာ ဒီမိုကရေစီကျင့်သုံးမှုဟာ စီမံကွပ်ကဲမှုနဲ့ အလုပ် ခွင်ကြား လုပ်ခလစာနဲ့ အခြေအနေတွေပေါ်မှရှိတဲ့ ကြီးမားတဲ့သဘောထား ကွဲလွဲမှုကို လျှော့နည်းသက်သာသွားအောင် လုပ် ဆောင်ဖို့ ဖိအားပေးနိုင်တယ်လို့လည်း မျှော်လင့်လို့ရပါတယ်။
ခု ကျနော် တင်ပြနေတာဟာ ဒီမိုကရေစီဘယ်နေမှန်းမသိခင်၊ နှုတ်ခမ်းနာနဲ့ တည့်ပါမလား လုပ်နေတာမဟုတ်ပါဘူး။ ကျနော် တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျနော်တို့ သိရှိနားလည်းထားကြပြီး ဖြစ်ပါတယ်။ ပြောချင်တာက ဒီမိုကရေစီဖြစ်စဉ်ဟာ စီးပွားရေးအခြေအနေနဲ့ပတ်သက်ဆက်နွယ်မှုရှိနေပြီး စီးပွားရေးဖွံဖြိုးအားကောင်းလာမှုက နိုင်ငံသားပြည်သူလူထုကို အရည် အသွေးမြင့်မားလာစေသလို အရပ်ဖက်ဆိုင်ရာအဖွဲ့စည်းတွေ တိုးများဖြစ်ထွန်းလာအောင် ကူညီပံ့ပိုးနိုင်တယ်။ ပြည်သူလူထု ရဲ့အရည်အသွေး မြင့်မားလာမှုနဲ့ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း တိုးများလာမှုက အစိုးရတရပ်ရပ်ကို အာဏာရှင်မဆန်အောင် ဖောက်ပြန်မှားယွင်းမှုတွေ မကျူးလွန်နိုင်အောင် ထိမ်းချုပ်တားဆီးနိုင်တယ်ဆိုတာကို တင်ပြတာပါ။
ကျနော်တို့ တိုင်းပြည်က စစ်အစိုးရက ဒီအချက်နှစ်ခုစလုံးကို ဖွံဖြိုးတိုးတက်လာမှာစိုးတဲ့အတွက် အမျိုးမျိုးဖျက်ဆီးနှောက် ယှက် ကန့်သတ်ချုပ်ချယ်နေတယ်ဆိုတာ အားလုံးသိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါမှပဲ သူတို့အနေနဲ့တိုင်းပြည်ကို အာ ဏာရှင်စနစ်နဲ့ ထင်သလို မင်းမှုအုပ်ချုပ်ခွင့်ရနိုင်မယ်ဆိုတာ အာဏာသိမ်းဗိုလ်ချုပ်တွေက ကောင်းကောင်းသိရှိနားလည်း ထားကြပါတယ်။ တိုင်းပြည်တပြည်ရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက အစိုးရ ဖြစ်ပါတယ်။ အစိုးရကချမှတ်တည်ဆောက်လိုက်တဲ့ အခြေခံစီးပွားရေးစနစ် ကောင်းမွန်မှန်ကန်မှ တိုင်းပြည်ရဲ့စီးပွားရေးဟာ ဖွံဖြိုးတိုးတက်လာနိုင်ပါတယ်။ အလုပ်သမား လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု တခုတည်းနဲ့တော့ တည်ဆောက်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့နိုင်ငံရေး စီးပွားရေး၊ တရားစီရင်ရေး၊ ပညာ ရေး၊ ယဉ်ကျေးမှုစတဲ့ ရှိသမျှကဏ္ဍအားလုံးကို အာဏာနဲ့လွှမ်းမိုးချုပ်ကိုင်ထားတဲ့ နိုင်ငံမျိုးမှာတော့ မေးခွန်းထုတ်နေစရာ အကြောင်းတောင်မရှိပါဘူး။ ဒါပေမယ့် တို့တွေဘာမှလုပ်လို့မရပါဘူး။ ဒါတွေဟာ အစိုးရကလုပ်ရမှာဆိုပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လိုမှစေတနာမရှိတဲ့ စစ်အစိုးရလုပ်သမျှ ခေါင်းငုံခံနေရင်လည်း စစ်ကျွန်ဘဝက ဘယ်လိုမှလွတ်မြောက်နိုင်စရာ၊ ဒီမိုကရေစီအခွင့်အရေးတွေကို ခံစားခွင့်စရာအကြောင်းရှိမယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံပြည်သူလူထုအနေနဲ့ ဆိုးဝါးနိမ့်ကျတဲ့ စီးပွားရေးအခြေအနေအောက်က၊ ရတတ်သမျှအခွင့်အရေးတွေနဲ့ အခြေ အနေအောက်ကပဲ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းလေးတွေကို တိုးများလာအောင်လုပ်ပြီး အာဏာရှင်တွေရဲ့ ဖောက်ပြန်မှား ယွင်းတဲ့ အတွေးခေါ်နဲ့ ဖိစီးနှိပ်စက်မှုတွေကို ခုခံကာကွယ်ရင်း တပြိုင်နက်ထဲမှာပဲ တိုက်ဖျက်ခြေမှုန်းပစ်ဖို့ ကြိုးစားကြ ရပါလိမ့်မယ်။ မသဒ္ဒါရေစာပေးအပ်ထားတဲ့ အခွင့်အရေးမဖြစ်စလောက်နဲ့ စီးပွားရေးအခွင့်အလမ်းလေးတွေအောက်ကပဲ၊ ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ခုခံဆန့်ကျင်ဖို့ ကျားကုတ်ကျားခဲ ကြိုး စားကြရပါလိမ့်မယ်။ ဒီနေရာမှာ ဂျပန်လူမျိုးတွေရဲ့ ကိုယ်ခံပညာဖြစ်တဲ ‘ကရာတေး’ ပညာရဲ့ သင်းကြားချက်တရပ်ကို ကိုးကားတိုက်တွန်းလိုက်ပါတယ်။ 'Defensive is offensive' “ခုခံကာကွယ်ခြင်းသည် ထိုးနှက်တိုက်ခိုက်ခြင်း” ဖြစ်ပါသတဲ့။
Ref: Introducing Democracy 80 Questions and Answers (David Beetham and Kevin Boyle)
စိုးနေလင်း
Labels:
ဆောင်းပါး
we must defent democracy(1)
ဦးနု
ဒီမိုကရေစီဆိုတာ သားသမီးမြေးမြစ်တွေကို ဘိုးဘွားမိဘတွေက ပေးပစ်ခဲ့တဲ့အမွေနဲ့ အတူတူပဲ၊ ဘိုးဘွားမိဘတွေဟာ သူတို့ ရဲ့ သားသမီးမြေးမြစ်တေ
ွ လူချင်းအတူတူ သူချင်းအမျှမျှ ချမ်းချမ်းသာသာနေနိုင်ကြဘို့ အတွက် အဆင်းရဲ အပင်ပန်းခံပြီး ပစ္စည်းကို ရှာဖွေကြတယ်။ သူတို့ ကွယ်လွန်သွားတဲ့အခါ
သူတို့ ရဲ့ သားသမီးမြေးမြစ်တွေကို ဒီပစ္စည်းအမွေ ပေးပစ်ခဲ့တယ်။
ဒါပေမယ့် သူတို့ က ဘယ်လိုပဲ အမွေပေးပစ်ခဲ့ပေစေ သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ အရက်သောက် မိန်းမလိုက် ဖဲရိုက်နေတဲ့ လူဆိုးတွေဆိုရင်
ဒီအမွေဟာ ဒီလူဆိုးတွေ လက်ထဲမှာ ကြာရှည်မနေဘူး။ နောက်ပြီးတော့လည်း သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ လူပျင်းတွေ လူဖျင်းတွေဖြစ်ပြီး ဒီ
အမွေတွေကို တိုးပွါးအောင် မလုပ်နိုင်ပြန်ရင်လဲ ဒီအမွေတွေဟာ ဒီလူပျင်းတွေ လူဖျင်းတွေရဲ့ လက်ထဲမှာ ကြာရှည်မနေဘူး။
နောက်ပြီးတော့လဲ သူတို့ရဲ့သားသမီးတွေဟာ ဒီအမွေ ကို လူဆိုး သူခိုး ဒမြတွေရဲ့ ဘေးအန္တရာယ်တွေကနေ လွတ်ကင်းအောင် အကာအကွယ် မစောင
့်ရှောက်ဝံ့တဲ့ လူညံ့တွေ လူကြောက်တွေ လူ့သူရဲဘောနည်းတွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။
ဒီမိုကရေစီဆိုတာ အခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရဲ့ အာဇာနည်အဆက်ဆက် မျိုးချစ်ပုဂ္ဂိုလ် အဆက်ဆက်တွေက သူတို့ရဲ့  သားစဉ်မြေးဆက်
နောင်လာနောက်သားတွေဟာ ကမ္ဘာ့အလည်မှာ လူတန်းစေ့စေ့ နေကြရပါစေ၊ လူရင့်မကြီးတွေဖြစ်ပြီး နဖားကြိုးထိုးခံထားရတဲ့နွားတွေလို လူဖြစ်ကျိုး
မရှုံးကြပါစေနဲ့ ဆိုတဲ့ တကယ့်မေတ္တာ တကယ့်စေတနာ
တကယ့်ဂရုဏာကြီးတွေနဲ့ ဒုက္ခအမျိုးမျိုးခံ၊ အမျိုးမျိုး စွန့်စားပြီး ကျွန်တော်တို့ ကို ပေးပစ်ခဲ့တဲ့ အမွေဘဲ ဖြစ်တယ်။
ဒီမိုကရစီအမွေကလည်း သူ့ ကို မချစ်ခင် မနှစ်သက် မမြတ်နိုးတဲ့ လူတွေရဲ့ လက်ထဲမှာ ကြာရှည် မနေဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့
ကိုယ်ကျိုးရှာသမားတွေရဲ့  လက်ထဲမှာလည်း ကြာရှည်မနေဘူး။ နှောင့်ယှက်ဖျက်စီးမယ့်သူတွေ ပေါ်နေသည့်တိုင်အောင် မကာကွယ်ရဲဘဲ ရေသာခိုပြီး
လိုက်နေမဲ့ လူသူရဲဘော၊ လူညံ့၊ လူကြောက်တွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။
ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့ မျှသာ တည်သလို ဗိုလ်ချုပ်အောင်ဆန်းကအစ ကျွန်တော်တို့ ရဲ့  အာဇာနည်အဆက်ဆက်၊ မျိုးချစ်ပုဂ္ဂိုလ်အဆက်ဆက်တို
့စွန့်စွန့်စားစား ရှာဖွေပြီး ပေးခဲ့တဲ့ ဒီမိုကရေစီအမွေကြီးဟာလည်း ဒီမိုကရေစီကို အသက်နဲ့ ထပ်တူချစ်မြတ်နိုးတဲ့ လူတွေ၊ မျိုးချစ်တွေ၊ သတ္တရှိတဲ့လူတွေရဲ
့လက်ထဲမျာသာ ကြာရှည်နေတယ်။
နှလုံးရည်တိုက်ပွဲဝင်မယ့်လူဟာ သတ္တိအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုတယ်။ တချို့  သူများကို ချရဲတာမှ သတ္တိလို့ ထင်ကြတယ်။ ဒါ မှားတယ်။
အမှန်တရားအောင်မြင်ရေးအတွက် သူများချတာကိုခံရဲတာမှ သတ္တိအစစ် ဖြစ်တယ်။
လက်နက်နဲ့ အာဏာကို ကိုင်ထားပြီး၊ လက်နက်မဲ့ အာဏာမဲ့ တယောက်ကို နိုင်လိုမင်းထက် ပါးရိုက်ရဲတဲ့လူနဲ့ ၊ ဒီလို ပါးရိုက်တာကို မှားတယ်လို့ လည်း
ပြောရဲတယ်၊ နောက်ပြီးတော့ ဒေါသမပြေသေးလို့ ရိုက်ချင်သေးရင် ထပ်ရိုက်ပါအုံးဆိုပြီး၊ အခြား ပါးတဖက်ကိုလည်း လှည့်ပေးရဲတဲ့ လူကို ယှဉ်ကြည့်မယ်
ဆိုရင် ပဌမလူက မိုက်တဲ့လူ ဖြစ်တယ်။ ဒုတိယလူက သတ္တိရှိတဲ့လူ ဖြစ်တယ်။
နှလုံးရည်တိုက်ပွဲဝင်တဲ့ လူတွေ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ အသတ်ခံရတာဟာ ရိုးရိုးသာမန်ကိစ္စအတွက် အဖမ်းခံရတာ မဟုတ်ဘူး။ သာမန်ကိစ
္စအတွက် အနှိပ်စက်ခံရတာ မဟုတ်ဘူး။ သာမန်ကိစ္စအတွက် အသတ်ခံရတာ မဟုတ်ဘူး။ ဒီမိုကရေစီကာကွယ်ရေးအတွက် အဖမ်းခံရတာ၊ အနှိပ်စက်ခ
ံရတာ၊ အသတ်ခံရတာ။
အခုခေတ်ကြီးမှာ အဖမ်းခံရတာအစ အနှိပ်စက်ခံရတာအလယ် အသတ်ခံရတာအဆုံး ဘာမဆိုဖြစ်နိုင်တယ်။ ဒီမိုကရေစီကို အစွမ်းကုန်ကာကွယ်ဘို့ အ
တွက် အခုပြောခဲ့တဲ့ဘေးအန္တရာယ်တွေထဲက ဘယ်ဘေး ဘယ်ရန် ဘယ်အန္တရာယ်တွေနဲ့ မဆို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဘို့  ကျွန်တော်ကိုယ်တိုင်သန္ဓိဌာန်
ချပြီးပါပြီ။ ပြင်းပြင်းထန်ထန် ချပြီးပါပြီ။ အဲဒီတော့ အဖမ်းခံရ၊ အနှိပ်စက်ခံရ အသတ်ခံရတာဟာ ကျွန်တော်ပဲဖြစ်ဖြစ် ရပ်ကွက်ခေါင်းဆောင်တဦးပဲဖြစ်ဖြစ်
တခုခု ဖြစ်တိုင်း ဖြစ်တိုင်း ငိုင်တိုင်တိုင် ဖြစ်မနေကြပဲ၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ လစ်လပ်သွားတဲ့ ခေါင်းဆောင်နေရာကို ချက်ချင်းတက်နိုင်အောင်
အစီအစဉ်တွေ လုပ်ထားပါ။
ဒီနေရာမှာ တခုတော့ သတိပေးချင်တယ်။ အခုနှလုံးရည်တိုက်ပွဲမှာ တပွဲတိုးနည်းနဲ့  အောင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မမွေးကြစေလိုဘူး။ ဒီတိုက်ပ
ွဲမှာ သတ္တျရှိသလောက် ဇွဲလည်းလိုတယ်။ ရေရှည်ကြိတ်ရမယ်ဆိုရင် ဘယ်လောက်ပဲ ကြိတ်ရကြိတ်ရ ကြိတ်နိုင်တဲ့ဇွဲမျိုးလည်း လိုတယ်။
ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီကာကွယ်ရေး နှလုံးရည်တိုက်ပွဲ ဘယ်လောက်ထိ လုပ်ရမလဲ၊ ဒီမေးခွန်းရဲ့အဖြေကို ခင်ဗျားတို့ အားလုံး သိထားဘို့  လိုတယ်။
၁။ ကိုယ်ကြိုက်တဲ့အစိုးရကို တကယ်လွတ်လပ်ပြီး တကယ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကြီးနဲ ရွေးကောက်တင်မြောက်နိုင်တဲ့ ဒီမိုကရေစီအ
ခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်ပြီးရတဲ့ နေ့ အထိ ဒီနှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။
၂။ အခုပြောခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်လည်ရရှိဘို့ ဆိုတာကလည်း -
(က) လွတ်လပ်စွာ ဟောပြောမှု၊
(ခ) လွတ်လပ်စွာ ရေးသားမှု၊
(ဂ) လွတ်လပ်စွာ စည်းရုံးမှု၊
(ဃ) လွတ်လပ်စွာ ကိုးကွယ်မှု၊
(င) တရားရုံးတော်ရဲ့ လွတ်လပ်စွာ တရားစီစဉ်နိုင်မှုတွေအပေါ်မှာ ရာခိုင်နှုန်းအပြည့် တည်ရှိနေတဲ့အတွက် ပြည်သူလူထုကြီး တစ်ရပ်လုံး (က) စပြီး
(င) အထိ ဒီမိုကရေစီအခွင့်အရေးတွေကို ဒင်ပြည့်ကျပ်ပြည့် ပြန်လည်ရရှိနေတဲ့အထိ ကျွန်တော်တို့ ရဲ့ နှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။
ဒီနေရာမှာ နောက်တခု သတိပေးချုင်သေးတယ်။ နှလုံးရည်တိုက်ပွဲဝင်တွေ အဖမ်းခံရတိုင်း အနှိပ်စက်ခံရတိုင်း အသတ်ခံရတိုင်း တခုခု အရေးယူခံရ
တိုင်း ပြည်သူလူထုကတော့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်အပျက်အစုံအလင်ကို စာနဲ့ ရေးပြီး မှတ်တမ်းတင်ထားကြပါ။ ဒီမှတ
်တမ်းတွေကိုလည်း တနေ့ လိုချင်တဲ့အခါ ရအောင် လုံလုံခြုံခြုံ သိမ်းထားကြပါ။
ပြည်ထောင်စုသူ ပြည်ထောင်စုသားအပေါင်းတို့ ။
လူထုနဲ့ ဆန့်ကျင်ဘက်ဂိုဏ်းတွေ ဆန့်ကျင်ဘက်လှုပ်ရှားမှုတွေ ဆန့်ကျင်ဘက်လမ်းစဉ်တွေဟာ သေနတ်နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အမြှောက်
နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အနုမြုဗုံးနဲ့ ဘဲ ထောက်ထား ထောက်ထား ဘယ်နည်းနဲ့ မှ မတည်မြဲနိုင်ပါဘူး။ ပြိုပျက်ကြရမှာဘဲ။ ဒီအချက်ကို ရာဇ
ဝင်အစောင်စောင်က ထောက်ခံနေပါတယ်၊ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ကမ္ဘာ့ရာဇ၀င်တွေကို ကြည့်လိုက်ပြန်ရင်လည်း အနှိပ်စက်အခံရဆုံးအဖွဲ့ ဟာ ခဏတဖြုတ်တော့ ကစင့်ကရဲဖြစ်သွားတာကို တွေ့ ရတာဘဲ။ နောင်တော့
နှိပ်စက်တဲ့အဖွဲ့ တွေ ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး၊ အနှိပ်စက်ခံရတဲ့အဖွဲ့ ဟာ အောင်မြင်တာဘဲဆိုတာ သမိုင်းရာဇ၀င်အစောင်စောင်က သက်
သေခံနေတာဘဲ မဟုတ်ဘူးလား။
အဲဒါကြောင့် ပြည်သူလူထု အခုလို အဖိအနှိပ်ခံနေရတာဟာ နောင်တနေ့  မှာ အောင်မြင်ဘို့ အတွက်ဆိုတာ တထစ်ချ ယုံကြည်ထားကြဖို့  ကျွန်တော်
လေးနက်စွာတိုက်တွန်းလိုပါတယ်။
ဒီမိုကရေစီအရေး ----- ဒို့အရေး၊
ဖက်စစ်ဝါဒ ----- ကျဆုံးရမည်၊
အာဏာရှင်ဝါဒ ----- ကျဆုံးရမည်၊
နှလုံးရည်တိုက်ပွဲ ----- အောင်ရမည်။
ဒီမိုကရေစီဆိုတာဘာလဲ။
ဒီအချက်ကို ကျွန်တော်ရှင်းပြချင်ပါတယ်။ ဒီမိုကရေစီရဲ့သဘောဟာ အခြေခံအားဖြင့် သဘောတရားနှစ်ခုမှ ဆင်းသက်လာတာကိုတွေ့ ရတယ်။
(၁) ပထမသဘောတရားကတော့ လူဆိုတာ မွေးလာကတည်းက လွတ်လပ်တဲ့သတ္တ၀ါဖြစ်လေတော့၊ လူ့ လွတ်လပ်ရေးဟာ လူသားတို့ ရဲ့  အဖိုး
မဖြတ်နိုင်တဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့ သဘောတရားပဲ။ ဒီသဘောတရားအရ လွတ်လပ်တဲ့ အခွင့်အရေးကို လူတိုင်းလူတိုင်း ကာကွယ်ရမယ်။
လိုအပ်လျှင် အသက်ပေးပြီး ကာကွယ်အပ်တဲ့ အခွင့်အရေး ဖြစ်တယ်။ လွတ်လွတ်လပ်လပ် မနေရတဲ့ လူ့ဘ၀၊ နဖားကြိုး အတပ်ခံရတဲ့လူ့ ဘ၀ဆို
တာမျိုးဟာ စိတ်ကူးထဲတောင် မထည့်အပ်တဲ့ လူ့ ဘ၀မျိုး ဖြစ်တယ်။ လူဆိုတာဟာ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံခွင့် ရရှိနိုင်မှ လူနဲ့ တူတယ်။
လူ့သိက္ခာဂုဏ်အင်္ဂါနဲ့ ပြည့်စုံတယ်။
ဒါပေမယ့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ကို အကောက်မမှားစေရဘူး။ လွတ်လပ်တယ်ဆိုတာဟာ အရမ်းကာရော ကိုယ်ထင်ရာ ကိုယ်စိုင်းတယ်ဆ
တာနဲ့ နဲနဲမှ မတူဘူး။ ဒီအချက်ကို သတိမြဲမြဲထားရမယ်။ လူဟာ လူ့ အသိုက်အ၀န်းနဲ့ နေထိုင်နေသမျှ ကာလပတ်လုံး၊ လူ့ အသိုက်အ၀န်းမှာ ပါဝင
်နေတဲ့ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို မထိခိုက်စေရဘူး။ ဒီတော့ လူ့ လွတ်လပ်ရေးဆိုတာဟာ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့
လွတ်လပ်မှုကို မထိခိုက်စေရဘဲ ပြုမူကျင့်ကြံနိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောသာဖြစ်တယ်။ ဒီအချက်ကို မြဲမြဲကြီး သတိထားဘို့ ရှိတယ်။
(၂) ဒုတိယသဘောတရားကတော့ ပထမသဘောတရားက စီးဆင်းလာတဲ့ သဘောတရား ဖြစ်တယ်။ ဒါကတော့ တခြားမဟုတ်ဘူး။
လူ့ လွတ်လပ်ရးဟာ လူသားတို့ရဲ့ပစ္စည်းတရပ်ဖြစ်ရင် ဒီလွတ်လပ်ရေးကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့ သဘောတရားဘဲ ဖြစ်တယ်။
ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုအသုံးချရမလဲ။ လူ့ လောကကို မျှတအောင် တရားသဖြင့် ဖြစ်စေအောင် လုပ်ပေးတတ်တဲ့ ဥပဒေမျိုးကို ပြုတဲ့
ကိစ္စမှာ လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိစေရမယ်။ ဥပဒေအရ တိုင်းပြည်ကိုဖြစ်စေ မြို့ရွာကိုဖြစ်စေ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာ
လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့် ရှိစေရမယ်။ အဲဒီနည်းမျိုးနဲ့ လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားရမယ်၊ အသုံးချရမယ်။
ဒီတော့ လွတ်လပ်ရးဟာ လူသားတို့ ရဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့အချက်၊ ဒီပစ္စည်းကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့အချက် ဒီနှစ်
ချက်ဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်လို့ ဆိုရလိမ့်မယ်။၊ ကောင်းပြီ ပထမအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ လူ့ လောကမှာ အ
ချုပ်အချယ် မရှိစေရဘူး။ နဖားကြိုး တပ်ထားခြင်း မရှိစေရဘူး။ လူတိုင်းလူတိုင်းဟာ လွတ်လပ်ရမယ်ဆိုတာ ဒီမိုကရေစီဝါဒမှာ တွေ့ ရလိမ့်မယ်။
ဒါပေမယ့် လွတ်လပ်ရေးရှိရမယ်ဆိုတိုင်း အရမ်းကာရော ကိုယ်ထင်ရာကိုယ်စိုင်းခွင့်ရှိတယ်လို့  မယူဆရဘူး။ လူတိုင်း လူတိုင်းရဲ့ လွတ်လပ်မှုကို
မထိခိုက်စေတဲ့ လွတ်လပ်ရေးမျိုးသာ ဖြစ်ရမယ်။ ဒီမိုကရေစီဆိုတာ ဒီလိုလွတ်လပ်ရေးမျိုးဘဲ။
ဒီတော့ အယူအဆအားဖြင့်လည်းကောင်း၊ စိတ်သဘောထားအားဖြင့်လည်းကောင်း မတူကြပေမယ့်၊ ဒီလိုမတူကြတဲ့လူတွေဟာ ဘာပဲလုပ်လုပ်
အတူတူတွဲပြီး အလုပ်လုပ်ကြမှဖြစ်မယ်ဆိုတဲ့ သဘောဟာ အကျုံးဝင်နေတယ်။ ဘယ်သူ့အပေါ်မျာမှ ဗိုလ်မကျရဘူး။ ဘယ်သူ့အပေါ်မှာမှ ငါ့အကြိုက
်လိုက်ပြီး ငါတကော မကောရဘူး။ ဒီမိုကရေစီကို မြတ်နိုးတဲ့လူတိုင်းဟာ ဘာပဲလုပ်လုပ် အချင်းချင်း ဆွေးနွေးတိုင်ပင်မှုရှိရမယ်။ သူ့ အကြိုက် သူ့ အလို
ကိုယ့်အလို ညှိနှိုင်းပြီး မျှမျှတတ ဆောင်ရွက်ခြင်း ရှိရမယ်။ ဒါတွေဟာ ဒီမိုကရေစီရဲ့ သဘောတရပ်ဘဲ။
ဒုတိယအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ ဒီမိုကရေစီလောကမှာ ကျကျနန ဖွဲ့ စည်းထားတဲ့ ဥပဒေရှိရမယ်။ ဒီဥပဒေဟာ မိရိုးဖလာ ထုံးတမ်း
စဉ်လာအရ လက်ခံလာခဲ့တဲ့ ဥပဒေမျိုးပဲဖြစ်ဖြစ် ဥပဒေကတော့ မရှိလို့  မဖြစ်ဘူး။ ရှိရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီလောက ဆိုတာ ဒီဥပ
ဒေတွေအပေါ်မှာ ခိုင်ခိုင်မာမာကြီး တည်ဆောက်ထားတဲ့ လောကမျိုး ဖြစ်လို့ ဘဲ။ ဒီလောကမျိုးမှာ တဦးတယောက်ရဲ့ ထင်ရာသဘောအတိုင်း ဘယ်
တော့မှ မဖြစ်စေရဘူး။ ဥပဒေရဲ့သဘောအတိုင်းသာ ဖြစ်စေရမယ်။ ဒါဟာလည်း ဒီမိုကရေစီရဲ့  သဘောတရပ်ဘဲ။ ဒီမိုကရေစီနဲ့  ပတ်သက်ပြီး ဒီအ
ချက်နှစ်ချက်ရဲ့  သဘောကိုပေါက်ကြရင် ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ဟာ အတန်အသင့်ရှင်းပြီလို့ ယူဆပါတယ်။
ဒီမိုကရေစီဆိုတာ လူ့ လွတ်လပ်ရေးကို မြတ်နိုးလက်ခံတဲ့သဘောတရား ဖြစ်တယ်။ နောက်ပြီးတော့ လူ့ လွတ်လပ်ရေးအတွက် ဥပဒေပြုတဲ့ကိစ္စမှာ
ရော၊ ဥပဒေအရ တိုင်းပြည်မြို့ ရွာ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာရော လူတိုင်းလူတိုင်း တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ သဘောတရား ဖြစ်တယ်။
ဒီသဘောတရားတွေဟာ ဘယ်တုန်းက ပေါ်ပေါက်လာခဲ့သလဲ။ ဒီသဘောတရားတွေအရ လွတ်လပ်စွာ ပြုမူကျင့်ကြံလိုတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ
ဟာ ဘယ်လို တိုးတက်လာကြသလဲ။ လူတွေဟာ ဒီမိုကရေစီအခွင့်အရေးတွေ ရဖို့ အတွက် ဘယ်လိုဒုက္ခခံပြီး ကြိုးပမ်းခဲ့ကြရသလဲ ဆိုတာတွေကို ကျွန်
တော်ဆက်ပြီး ပြောချင်ပါတယ်။

ဒီမိုကရေစီ၏ ပင်မ မဏ္ဍိုင် ၇ ရပ်
အင်္ဂါနေ့၊ 12 သြဂုတ်လ 2008 Anand Panyarachun
ပညာပေးဆောင်းပါး
ကျနော့်အမြင်အရ ဒီမိုကရေစီစနစ်မှာ အဓိကမဏ္ဍိုင်ကြီး ၇ ခုရှိတယ်။ ဒါတွေက ရွေးကောက်ပွဲ နိုင်ငံရေးအရ သဘောထားကြီးမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု၊ ဗဟိုချုပ်ကိုင်ရေး လျော့နည်းမှုနဲ့ အရပ်ဖက် လူထုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။
ပထမမဏ္ဍိုင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံမှာ လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် အသင်းအဖွဲ့ငယ်တစုကနေ မိမိရဲ့တစုံတရာသောကိုယ်ကျိုးစီးပွားများအတိုင်း ပြည်သူပြည်သား အများလိုက်ပါစေဖို့ သွတ်သွင်းချမှတ်တာကို ကာကွယ်ဟန့်တားပေးခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ဥပဒေကြောင်းဝင်အောင်ဆောင်ကျဉ်းပေးပါတယ်။
ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ ဘယ်သူ့ခြိမ်းခြောက် ဖိအားပေးမှုမှမရှိ ဘဲ နိုင်ငံရေးပါတီတွေ ထောင်နိုင်၊ ကမ်ပိန်းလုပ်နိုင်၊လှုပ်ရှားနိုင်ပါတယ်။ တချို့တိုင်းပြည်တွေမှာ နိုင်ငံရေးပါတီတွေဟာ အနိမ့်ဆုံးအတိုင်းအတာတခုအထိ လူထုထောက်ခံမှုရှိမှ ရွေးကောက်ပွဲဝင်နိုင်ဖို့ သတ်မှတ်ထားတာလည်းရှိပါတယ်။ နိုင်ငံရေးပါတီအားလုံးဟာ မိမိတို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းတွေကို ထုတ်လွှင့်ဖြန့်ချိနိုင်ဖို့ လွတ်လပ်တဲ့မီဒီယာနဲ့ တခြားနည်းလမ်း တွေကို အသုံးပြုခွင့်လည်းရှိရပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကို ဘက်မလိုက်တဲ့အဖွဲ့တခုကကြီးကြပ်၊ စောင့်ကြည့်၊ ကြီးမှူးကျင်းပပါတယ်။ အများအားဖြင့် ကြားနေ ရွေးကောက်ပွဲ ကော်မရှင်ကကိုင်တွယ်ကျင်းပပါတယ်။
ဒါပေမဲ့လည်း ရွေးကောက်ပွဲတွေမှာ ညစ်ပတ်တာ၊ မဲဝယ်တာတွေရှိနိုင်ပါတယ်။ ကိုယ့် မဲဆန္နနယ်ကို မျက်နှာပြရုံဘဲ ရောက်လာတဲ့ နိုင်ငံရေးသမားတွေဟာနိုင်ငံတော်တော်များများမှာ မဆန်းတဲ့အရာဖြစ်နေပါတယ်။ နိုင်ငံသားတွေရဲ့မျှော်မှန်းချက်တွေကို မထင်ဟပ်နိုင်တော့တဲ့ နိုင်ငံရေးအဆောက်အအုံကတော့ နိုင်ငံရေးအရ ဥပဒေကြောင်းညီမှုကို ဆုံးရှုံးသွားပါတယ်။
ဒုတိယမဏ္ဍိုင်ကတော့ နိုင်ငံရေးအရ သဘောထားကြီးမှုဖြစ်ပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ အစိုးရကို ဆန့်ကျင် မဲထည့်ခဲ့သူတွေကိုဖိနှိပ်ဖို့ သို့မဟုတ် ချောင်ထိုးဘေးဖယ်ပစ်ဖို့ အခွင့်အာဏာ မပေးပါဘူး။ လူများစုကနေ လူနည်းစုရဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေ၊ အခွင့် အရေးတွေ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ သို့မဟုတ် ဘ၀တွေကိုပိတ်ပင်ဖယ်ရှားခွင့်လည်း မပေးပါဘူး။ ဒီမိုကရေစီ အဓွန့်ရှည် တည်တန့်နိုင်ဖို့ အတွက် သဘောထားကြီးမှု လိုအပ်ပါတယ်။ လူနည်းစုတွေဟာရွေးကောက်ပွဲဖြစ်စဉ်ကနေညီညီမျှမျှအကျိုးမခံစားရရင် ငြိမ်းချမ်းရေးဆိုတာမရှိနိုင် ပါဘူး။ ငြိမ်းချမ်းရေးမရှိတာဟာ ဒီမိုကရေစီကျဖို့အားထုတ်မှုတွေကို ပျက်ရယ်ပြုပါလိမ့်မယ်။
တိုင်းပြည်အတော်များများမှာ အာဏာရပါတီကို ထောက်ခံမဲပေးခဲ့သူတွေကိုဘဲ ဆုလာဘ်တွေချပေးပြီး အတိုက်အခံ ဘက်မဲပေးသူတွေကိုတော့ ဦးနှိမ်ချောင်ထိုး သို့မဟုတ်အပြစ်ပေးတဲ့  နမူနာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲနိုင်အောင် အစားအစာ၊ ရေနဲ့ ဖွံ့ဖြိုးရေးရင်းမြစ်တွေဖြန့်ဝေမှုကိုချုပ်ကိုင်စရာလက်နက်အဖြစ်သုံးတာတွေရှိခဲ့တယ်။
တတိယမဏ္ဍိုင် ကတော့ တရားဥပဒေ အာဏာပိုင်စိုးမှုဖြစ်ပါတယ်။ ဒါရဲ့ဆိုလိုချက်ကို အများကြီးဆွေးနွေးငြင်းခုံကြပါတယ်။ ဒါပေမဲ့သေချာတာကတော့ တရားဥပဒေအာဏာပိုင်စိုးမှုနဲ့ ဒီမိုကရေစီ နီးနီးကပ်ကပ် ဆက်နွယ်ပတ်သက်နေခြင်းဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်ဟာဥပဒေတွေအောက်မှာ၊ အထိန်းအချုပ်ဘောင်ထဲမှာထားရင် နိုင်ငံသားများအနေ နဲ့စိုးရဟာ ဥပဒေနဲ့ညီ မညီ အကဲခတ် ဆုံးဖြတ်နိုင်စေပါတယ်။ အောက်ဖော်ပြပါ အဓိကပြဿနာတွေအတွက် အဖြေတွေ ရှာတွေ့နိုင်ပါ တယ်။
အစိုးရဟာ ဥပဒေနဲ့အညီ အုပ်ချုပ်သလား၊ ဒါမှမဟုတ် တချို့သော ခိုးလိုးခုလုစည်းမျဉ်းတွေကနေ ကင်းလွတ်ခွင့်ရအောင် နေရာယူသလား။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေဟာတည်ငြိမ်ပြီး ဥပဒေဘောင် အတွင်းမှာရှိ သလား၊ ဒါမှမဟုတ် အစိုးရက စိတ်မထင်ရင်မထင်သလို၊ကိုယ့်ပေါ်လစီ စိန်ခေါ်သူတွေဖမ်းပြီး ဥပဒေနဲ့အညီ တရားမစီရင်ဘဲ သူတို့လွတ်လပ်ခွင့်ကို ချုပ်ချယ်ပိတ်ပင်တာမျိုး လုပ်သလား။
ဗျူရိုကရေစီ (အုပ်ချုပ်ရေး)ယန္တရား၊ တရားစီရင်ရေးယန္တရား၊ဥပဒေပြုယန္တရား၊ ပုဂ္ဂလိကကဏ္ဍ၊ ရဲနဲ့ စစ်တပ်၊ အားလုံးက ကိုယ့်ကိုယ်ကိုယ်ချမ်းသာဖို့ဘဲရှိသမျှအာဏာုန်သုံးနေရင်၊ အရပ်ဖက်လူထု အသင်းအဖွဲ့တွေ တော့ ထိခိုက်နစ်နာပြီး မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကိုသာ အားပေးလိုက်စားနေရင် ဒီမိုကရေစီဟာ မလည်ပတ်တော့ပါဘူး။
ဥပဒေတွေ ဘယ်လိုဘဲရှိရှိ၊ အကျင့်ပျက်ခြစားမှု ဟာ တရားဥပဒေအာဏာပိုင်စိုးမှုကို ဖျက်ဆီးပစ်ပါတယ်။တရားဥပဒေ အာဏာပိုင်စိုးရေးကို အာမခံနိုင်ဖို့ဆိုရင် တရားစီရင်ရေးယန္တရားနဲ့ တရားရေးစနစ်တခုလုံးရဲ့ ခိုင်မာမှု၊ လွတ်လပ်မှုတို့ဟာ မတော်သြဇာသက်ရောက်မှု တွေနဲ့  ဥပဒေမဲ့စွက်ဖက်မှု တွေအောက် မကျရောက်ဖို့ အထူးအရေးကြီးပါတယ်။
စတုတ္ထမဏ္ဍိုင် ကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါတယ်။အရပ်ဖက်လူထုအသင်းအဖွဲ့ကလူတွေ ဘာတွေကိုပြောခွင့်၊ ပုံနှိပ်ခွင့်၊ ဖြန့်ဝေခွင့်၊ ဆွေးနွေးခွင့်ရှိတယ်ဆိုတာဟာနိုင်ငံရေးစနစ်တခုရဲ့ ဒီမိုကရေစီအနေ အထားကို ဖော်ပြနေပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းဟာ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို တိုင်းတာချက်ဖြစ်ပါတယ်။
အစိုးရအနည်းအကျဉ်းသာ လွတ်လပ်တဲ့ စာနယ်ဇင်းနဲ့ တကယ့်ကိုအဆင်ပြေပြေ ချောချောမွေ့မွေ့ ဆက်ဆံနိုင်ကြပါတယ်။ ဒါပေမဲ့ ချို့ယွင်းအားနည်းချက်တွေ ဘယ်လိုဘဲရှိရှိ၊လွတ်လပ်တဲ့စာနယ်ဇင်းနဲ့ အချုပ်အချယ်မရှိ အင်တာနက်တက်ခွင့်ဟာ အလုပ်ဖြစ်နေတဲ့ဒီမိုကရေစီစနစ်တခုမှာ အများပြည်သူအနေနဲ့ သတင်းအချက်အလက် ရဖို့မရှိမဖြစ်လိုပါတယ်။ ခိုင်ခန့်အသားကျနေတဲ့ ဒီမိုကရေစီနိုင်ငံတခုမှာတောင် အစိုးရဟာ ကိုယ့်ရည်မှန်းချက်အကျိုးပြုဖို့  လွတ်လပ်တဲ့စာနယ်ဇင်းကို ကိုင်တွယ်ကစားနိုင်အောင် ကြိုးစားနိုင်ပါတယ်။အစိုးရတွေဟာ ကိုယ့် အစီအစဉ်ကို ၀ါဒဖြန့်ဖို့နဲ့ လွတ်လပ်တဲ့မီဒီယာရဲ့ စွမ်းအားကို လျော့ကျအားနည်းစေဖို့ သဘောထားလှည့်ရေး လှုပ်ရှားမှုတွေ spin campaignမကြာခဏလုပ်တတ်ပါတယ်။
နည်းပညာသစ်ဟာ သတင်းအချက်အလက်ပြန့်ပွားမှု တိုးများလာစေခြင်း၊ အများပြည်သူတို့ဆွေးနွေးပြောဆိုစရာ ကွင်ကျယ်ပြန့်လာစေခြင်းအားဖြင့် ပြင်းထန်ကြီးမားလှတဲ့အင်အားစုအသစ်တွေကိုဖြေလွှတ်ပေးနေပါတယ်။ အာဏာရှင် အကျင့်အကြံတွေရှိတဲ့ တိုင်းပြည်တွေမှာ သတင်းလွတ်လပ်ခွင့်ဟာ အစိုးရရဲ့အန္တရာယ်စာရင်းထဲမှာ ရှေ့ဆုံးကို ရောက်နေတတ်ပါတယ်။ဒီအင်အားစုသစ်တွေကြောင့် အစိုးရတွေအနေနဲ့ သတင်း စီးဆင်းမှုကိုထိန်းချုပ်ဖို့ အများကြီးပိုခက်ခဲလာစေပါတယ်။
ဖြစ်နေတာကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရတွေကတောင် ရုပ်သံမှာဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အင်တာနက်ထဲမှာဖြစ်ဖြစ်အများပြည်သူ့အမြင် သဘောထားကိုပုံသွင်းနိုင်ဖို့ အကြီးအကျယ်óကိးစားကြတာဖြစ်ပါတယ်။ သတင်းစီးဆင်းမှုအပေါ် အစိုးရက သြဇာသက်ရောက်ချုပ်ကိုင်လာရင် ကျနော် တို့အနေနဲ့သံသယထားရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အဆင်တန်ဆာလက္ခဏာရပ်တွေက ကျန်းမာရေးကောင်းပုံရချင်ရနိုင်ပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ကိုဖယ်ထုတ်လိုက်ရင် တော့ဒီမိုကရေစီဟာ အထိနာသွားပါပြီ။
ပဉ္စမ မဏ္ဍိုင် က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။ဆိုလိုတာက အစိုးရအဆောက်အအုံတွေနဲ့ အဲဒီထဲက လူပုဂ္ဂိုလ်တွေဟာ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ခံရမှာဖြစ်ပါတယ်။ အစိုးရတရပ်ဟာ ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူလူထုကို တာဝန်ခံရပါမယ်။ ဒါ့အပြင် အစိုးရလုပ်ရပ်ကို ချုပ်ထိန်းနိုင်ဖို့လွတ်လပ်တဲ့ တရားရေးယန္တရားသို့ မဟုတ် တခြားဘက်မလိုက် တဲ့ဌာနတွေ ကိုလည်းတာဝန်ခံရပါမယ်။ ဆုံးဖြတ်ချက်တွေဟာ အများပြည်သူအကျိုးစီးပွားထက် အခို င်အခန့်ကိုယ်ကျိုးစီးပွားအုပ်စုတွေရဲ့ အစီအစဉ်တွေကို ဦးစားပေးအကျိုးပြုရာ မရောက်စေရပါ။
တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတို့မှာ ရည်ရွယ်ချက်တူကြပါတယ်။ အဲဒါကတော့ လူအများ ထိခိုက်နစ်နာပြီး လူအနည်းငယ်ကိုသာချမ်းသာကြွယ်ဝစေတဲ့ တလွဲတချော်ပေါ်လစီတွေ၊ဆုံးဖြတ်ချက် တွေရဲ့ ဒဏ် နိုင်ငံ သားတွေမခံ ရအောင် ကာကွယ် ပေးဖို့ ဖြစ်ပါတယ်။ဒီကိုယ်စောင့်နတ်နှစ်ပါး ထိခိုက်ချို့ယွင်းခဲ့ရင် ကောင်းမွန်တဲ့အစိုးရမှုဟာအန္တရာယ်ကျရောက်နေပြီး ဒီမိုကရေစီ ပျက်သွားပြီဆိုတာကို အချက်ပြလိုက်တာဖြစ်ပါတယ်။
ဆဌမမဏ္ဍိုင် က ဒေသန္တရနိုင်ငံရေးအာဏာ တိုးမြင့်မှုဖြစ်ပါတယ်။ အစိုးရဟာ ကိုယ်အုပ်ချုပ်တဲ့ပြည်သူလူထုနဲ့ ပိုပြီးနီးနီး ကပ်ကပ်ရှိလေ၊ ပိုပြီးတာဝန်ယူတုန့်ပြန်နိုင်လေဖြစ်ပါတယ်။ တချိန်တည်းမှာ ဗဟိုချုပ်ကိုင်မှု လျော့နည်းတဲ့  ဒီမိုကရေစီ လည်ပတ်ဖို့ဆိုရင် ရန်ပုံငွေထောက်ပံ့မှု၊ ရုပ်ဝတ္ထုပိုင်း၊ လူသားရင်းမြစ်ပိုင်းနဲ့ ဌာအဆောက်အအုံစွမ်းဆောင်နိုင်စွမ်းတွေမှာလည်း ဗဟိုချုပ် ကိုင်မှုလျှော့ချပစ်ရပါမယ်။
နိုင်ငံရေးဖြစ်စဉ်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချတာဟာ နိုင်ငံရေးအင်အားစုတွေ ကျင့်သုံးတဲ့ အာဏာနဲ့သြဇာ စုစည်းအားကြီးမှုကိုဟန့်တားထိန်းချုပ်ဖို့ နောက်ထပ်နည်းလမ်းတခုလည်းဖြစ်ပါတယ်။ပြည်သူပြည်သားတွေဟာ ကိုယ့်လူကြီးတွေကို အိမ်နီးနားချင်းတွေအဖြစ်တွေ့မြင်နေရပြီး ကိုယ့်အတွက်အချက်အချာကျတဲ့ အရာကိစ္စတွေဟာ ကိုယ့်အိမ်နားဖြစ်ပျက်နေတာကိုတွေ့နေရရင် ဒီမိုကရေစီကိုပိုသဘောပေါက်သိမြင်၊ ပိုစိတ်ဝင်စားပြီး ပိုမိုပါဝင်ဆောင်ရွက် ချင်စိတ်ဖြစ်လာပါလိမ့် မယ်။
အရပ်ဖက်လူထုအသင်း အဖွဲ့တွေဟာ အရေးပါတဲ့ သတ္တမ မဏ္ဍိုင် ဖြစ်ပါတယ်။ တက်ကြွတဲ့ အရပ်ဖက်လူထုအသင်း အဖွဲ့ စနစ်ဟာအောက်ခြေမှာစတင်အခြေတည် လှုပ်ရှားပါတယ်။ ရပ်ရွာအသိုင်းအ၀ိုင်းစုရပ်တွေ၊ ကလပ်အသင်းတွေ၊ တက်ကြွ လှုပ်ရှားသူအုပ်စုတွေ၊ သာရေးနာရေးအသင်းတွေ၊ သမ၀ါယမတွေ၊ သမဂ္ဂတွေ၊စဉ်းစားကြံဆရေးအစုတွေနဲ့ အသင်းအပင်းတွေဟာ အရပ်ဖက်လူထုအသင်း အဖွဲ့စနစ်ဆိုတဲ့ကျယ်ပြန့်တဲ့ ခေါင်းစဉ်အောက်မှာပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာအောက်ခြေလူထုဒီမိုကရေစီအဓွန့်ရှည်တည်တန့် အားကောင်းဖို့အတွက် ပါဝင်ဆောင်ရွက်နိုင်စရာ ယာဉ်ရထားတွေဖြစ်ပါတယ်။
အထက်မှာ အကျဉ်းချုပ်ဖော်ပြထားတဲ့ မဏ္ဍိုင်တွေဟာ လိုကိုလိုအပ်ပေမဲ့ ဒါတွေကိုတည်ဆောက်ထိန်းသိမ်းမယ့် ခေါင်းဆောင်တွေမရှိ ရင်တော့ဆားမပါတဲ့ဟင်းလိုဖြစ်နေပါလိမ့်မယ်။ အရှည်တည်တန့်မယ့်ဒီမို ကရေစီ အတွက်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည် အသွေးတွေကိုရိုးသားမှုရှိရှိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခံမှုရှိရှိ လုပ်ကိုင်နေသူတွေဆီမှာ တွေ့နိုင်ပါတယ်။ ဒီလူတွေဟာ အများစုံညီသဘောထားကျအောင် စည်းရုံးနိုင်စွမ်း ရှိသူတွေ၊ သဘောထားအမြင် ကျယ်ပြန့်မျှတသူတွေဖြစ်ပါတယ်။ ဒီလူတွေဟာတရားမျှတရေးကို ဦးထိပ်ပန်ထားပြီးအများ ပြည်သူအကျိုးစီးပွားကို ဦးစားပေးလုံးပမ်းသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူတွေဟာ ဆန့်ကျင်ဖက် ရပ်တည်ချက်တွေကိုလည်း
သဘောထားကြီးသည်းခံနိုင်သူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ရှုပ်ရှုပ်ပွေပွေနဲ့ အုပ်ချုပ်အစိုးရတဲ့နည်းလမ်းဖြစ်တယ်၊ လူ့ပင်ကိုယ်သဘာဝကိုယ်၌ကလည်း ချို့ယွင်းချက်မကင်းဘူးလို့ မကြာခဏ ပြောလေ့ ပြောထရှိကြတာ အမှန်ပါဘဲ။ ဒီစကားနှစ်ခုလုံးဟာ အမှန်တရားဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အားနည်းချက်တွေကိုဝန်ခံအသိအမှတ်ပြုခြင်းအားဖြင့် အတိတ်ကအမှားတွေကို ရှောင်ရှားနိုင်ပြီး အညတြပြည်သူ ပြည်သားတွေရဲ့ ဒီမိုကရေစီရေးတိုက်ပွဲ သင်ခန်းစာတွေကိုယူရင်း တည်ဆောက်ဖန်တီးနိုင်တဲ့ခေါင်းဆောင် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ကြပါစို့။
The seven essential pillars of democracy by Anand Panyarachun ကို ဂါမဏိ ဘာသာပြန်သည်။
(မွန်လူမျိုး ထိုင်းဝန်ကြီးချုပ်ဟောင်း အားနန်းပညာရာချွန်က အရှည်တည်တန့်နိုင်မည့် ဒီမိုကရေစီနှင့်ပတ်သက်၍အများပြည်သူသို့ ဟောပြောချက်တခုမှကောက်နှုတ်ထားသည်

ရွေးကောက်ပွဲ နှင့် ဒီမိုကရေစီဓလေ့
ရဲရင့်ငယ် blog မှ
Monday,August 3,2009
ရှေ့နှစ်၌ ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ဒီမိုကရေစီရရန် နီးလာပြီဟု အစိုးရ၀ါဒဖြန့်သမားများ ပေါ်လစီဆောင်းပါး ရေးသည်ကို တွေ့ရ၏။ စစ်အစိုးရဘက်မှ ရေးနေကြသော်လည်း
ဝေဖန်တိုက်ခိုက်ခံရသူများတွင် ပြန်လည်ချေပခွင့် မရှိကြပါ။ ဤသည်မှာ တဖက်သတ်အနိုင်ကျင့်သော စစ်အစိုးရခေတ် နိုင်ငံရေးဓလေ့ဖြစ်၏။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ဇူလိုင်လအစောပိုင်း၌ ကြပ်ပြေးနေပြည်တော်သို့ သွားသည့်အခါတွင်လည်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာမခံလိုက်သည်။
ပြောချင်သလိုပြော၍ လုပ်ချင်သလိုလုပ်သည်မှာ ဗမာစစ်ဗိုလ်၏အကျင့်ဖြစ်သည်။ တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်သည့် အခြေခံများကို မတွေ့ရသေးပါ။ တရားမျှတသော
ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမလွတ်လပ်ရန်လို၏။ ယှဉ်ပြိုင်မည့်သူကို စည်းကမ်းနည်းလမ်းများဖြင့် ကန့်သတ်ချုပ်ချယ်ထားပါက လွတ်လပ်မည်မဟုတ်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊
လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် မဲဆွယ်ခွင့်ရှိရန်လိုသည်။ ဤသို့လုပ်ခွင့်မရှိသော ရွေးကောက်ပွဲသည် အခမ်းအနားသာဖြစ်၏။
ရွေးကောက်ပွဲအခမ်းအနား (Ceremonial Election) လုပ်ရုံဖြင့် ဒီမိုကရေစီကို အစပျိုးနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီဓလေ့ ထုံးစံများကို အရင်ဆုံးမပြုစုမပျိုးထောင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည်
ဒီမိုကရေစီစနစ်ကို မြှင့်တင်ရာမရောက်ပါ။ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီရပြီဟု မပြောနိုင်ပါ။ အစိုးရအာဏာကို ဥပဒေဖြင့် ကန့်သတ်ပြီး နိုင်ငံသားများတွင် လူ့အခွင့်အရေးရှိမှ ဒီမိုကရေစီဟု
ခေါ်နိုင်ပါသည်။ ထိုကြောင့် လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ဆိုခြင်းဖြစ်၏။
လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်မှသာလျှင် ပြည်သူ့အတွေးအခေါ် ပြောင်းလဲလာနိုင်ပါသည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဗမာစစ်အစိုးရအဆက်ဆက်က ပိတ်ပင်ထားသည်ကို
ကြည့်ခြင်းအားဖြင့် ပြည်သူပြည်သားများ လွတ်လပ်စွာတွေးခေါ်မည်ကို မည်မျှကြောက်သည်ကို သိနိုင်သည်။ သို့သော်လည်း လွတ်လပ်ရုံဖြင့် ပြည်သူ့အတွေးအခေါ် ချက်ချင်းပြောင်းသွားမည်မဟုတ်ပါ။
အခြေခံကျသောကိစ္စနှင့် အကျင့်ပါနေသော ကိစ္စများတွင်မူ ဖြည်းဖြည်းချင်းသာ ပြောင်းလဲနိုင်သည်ကို တွေ့ရ၏။ အချိန်ကြာမြင့်စွာ အတင်းအကျပ် ပိတ်ပင်ထားသော အယူအဆများကို
စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်မခံနိုင်ကြသည်က များ၏။
သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ်အလေးအနက် တင်ပြနိုင်ပါက ပြည်သူတရပ်လုံး လက်ခံစဉ်းစားသည့် အဆင့်ထိ ရောက်သွားနိုင်၏။ ပိတ်ပင်ချုပ်ချယ်ထားသော လူ့အဖွဲ့အစည်း၏
အတွေးအခေါ်နှင့် လွတ်လပ်သောလူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြားခြားနားပါသည်။ အပြန်အလှန်ဝေဖန်မှုသည် ဒီမိုကရေစီဓလေ့ဖြစ်၏။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင်ရပါမည်။
ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက်ပို၍ အရေးကြီးပေသည်။
ဗမာစစ်အစိုးရ စီစဉ်နေသော ရွေးကောက်ပွဲသည် ချုပ်ချယ်ကန့်သတ်ထားသော ဈေးကွက်ပုံစံဖြစ်နေ၏။ အစိုးရခွင့်ပြုသော အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်ကသာ ယှဉ်ပြိုင်ခွင့်ရပါလိမ့်မယ်။ လွတ်လပ်သော
ဈေးကွက်တွင် ဤသို့သော ကန့်သတ်ချက်မထားဘဲ ပြည်သူလူထုလိုအပ်သည့် ကုန်ပစ္စည်းကို တီထွင်ထုတ်လုပ်ပေးပါသည်။ တနည်းဆိုပါက ဒီမိုကရေစီကျသော ရွေးကောက်ပွဲကို
ဒီမိုကရေစီကျင့်သုံးသောနိုင်ငံ၌သာ ကျင်းပနိုင်ပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်မှုကြောင့် ကြောက်လန့်နေသော လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ၍ မရပါ။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊
လွတ်လပ်စွာစည်းရုံးခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့် ရှိမှသာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်ကို တင်မြှောက်နိုင်ပါလိမ့်မည်။
အစိုးရတည်ထောင်သော နိုင်ငံရေးပါတီကို ထင်သလိုလုပ်ခွင့်ပြု၍ ပြည်သူလူထုတည်ထောင်သောပါတီကို ကန့်သတ်ချုပ်ချယ် မည်ဆိုပါက တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ပါ။
ဒီမိုကရေစီရင့်ကျက်သော နိုင်ငံများ၌ပင်လျှင် အစိုးရပါတီသည် ပို၍အခွင့်အရေးရသည်။ ရုံးကားသုံး၍ ရွေးကောက်ပွဲစည်းရုံးရေးဆင်းခြင်းသည် အခွင့်ထူးတမျိုးပင်ဖြစ်၏။ ထို့ကြောင့် အင်္ဂလန်၌
ရွေးကောက်ပွဲနီးပြီဆိုပါက တီဗွီရုပ်မြင်သံကြားနှင့်ရေဒီယိုများတွင် နိုင်ငံရေးပါတီအားလုံးကို အညီအမျှ အသံလွှင့်ခွင့် ပေးရပါသည်။ ဤအခွင့်အရေးမျိုး ဗမာစစ်အစိုးရပေးနိုင်လျှင်
ဒီမိုကရေစီမြှင့်တင်ရာရောက်သည်။
အပြစ်အနာအဆာ လုံးဝကင်းရှင်းသော စနစ်ဟူ၍မရှိနိုင်ပါ။ ဒီမိုကရေစီစနစ်၌လည်း အားနည်းချက်များရှိသည့်အတွက် နိုးကြားတက်ကြွသော ပြည်သူလူထုသည် အမြဲတမ်းစောင့်ကြည့်ဖို့လိုသည်။
ထိုကြောင့် လွတ်လပ်မှုသည် အရေးကြီးသည်ဟု ပြောနေရခြင်းဖြစ်၏။ တရားမျှတရန် မည်သို့လုပ်မည်ဆိုသော အချက်သည်လည်း အရေးကြီးသည်။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်
စံသတ်မှတ်ချက်များထားရှိရမည်ဟု နိုင်ငံရေးပညာရှင်များက ယုံကြည်ကြသည်။
ရွေးကောက်ပွဲကို ကြားနေအဖွဲ့အစည်းက ကြီးကြပ်မှသာ တရားမျှတမည်ဟု ယုံကြည်ကြသည်။ ကြီးကြပ်သူသည် မဲလိမ်မှုကို ကာကွယ်နိုင်၍ မဲရေတွက်ရာ၌ ကျွမ်းကျင်ရန်လိုအပ်သည်။
ရွေးကောက်ပွဲဝင်သူအားလုံးကို ရဲသား၊ စစ်သားနှင့်တရားရုံးက ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ ဆက်ဆံရန်လိုသည်။ ယှဉ်ပြိုင်သူအားလုံးသည် သတင်းမီဒီယာကို အသုံးပြုခွင့်
ရှိရပါလိမ့်မည်။ ရွေးကောက်ပွဲစည်းကမ်းဖြင့် အတိုက်အခံကို ချုပ်ချယ်မှု ကင်းရှင်းရပါမည်။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒပေးမှုနှင့် မဲရေတွက်မှုကို တသီးပုဂ္ဂလများက စောင့်ကြည့်ရန်လိုသည်။
မဲရေတွက်မှုကို အများရှေ့၌ သိသာမြင်သာအောင် လုပ်နိုင်ရပါလိမ့်မည်။ ပြဿနာဖြစ်ပါက ဘက်မလိုက်ဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကြိုတင်ဖော်ပြရန် လိုအပ်၏။ ဤအချက်များဖြင့်
ညီညွတ်မှသာလျှင် တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ပါလိမ့်မည်။
ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ရပါလိမ့်မည်။ သို့သော်လည်း ဗမာစစ်အစိုးရခေတ် (၄၇) နှစ် အတွေ့အကြုံကို ကြည့်ပါက
ပြည်သူ့ကိုယ်စားလှယ်သည် စစ်အာဏာရှင်၏ အခိုင်းခံဖြစ်နေသည်ကို တွေ့ရ၏။ ကြပ်ပြေးနေပြည်တော်၌ ခြေကုပ်ယူထားသော စစ်ဗိုလ်တစုသည် ပြည်သူ့ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို
နာခံမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်နေ၏။
လွတ်လပ်သောရွေးကောက်ပွဲ ကျင်းပတိုင်း စစ်တပ်နှင့်ပတ်သက်သောပါတီများ ရှုံးကြသည်မှာ မြန်မာ့နိုင်ငံရေး အစဉ်အလာကဲ့သို့ ဖြစ်နေ၏။ ၁၉၆၀ ရွေးကောက်ပွဲ၌ တည်မြဲဖဆပလ
ခွက်ခွက်လန်အောင် ရှုံးသွားရခြင်းသည် စစ်တပ်ထောက်ခံသောပါတီအဖြစ် မဲဆန္ဒရှင်များက မြင်နေ၍ဖြစ်၏။ ဤသည်ကို သတိမရဘဲ ၁၉၉၀ ၌ ရွေးကောက်ပွဲ ကျင်းပသည့်အခါ
စစ်တပ်ထောက်ခံသောပါတီ အကြီးအကျယ်ရှုံးပြန်ပါသည်။ သို့သော် မဆလခေတ် (၂၅) နှစ်တွင် တပါတီတည်း ရှိသည့်အတွက် မဆလသူခိုးကိုသာ မဲဆန္ဒပေးခဲ့၏။ ထိုကြောင့် လွတ်လပ်မှုမရှိပါက
လာမယ့် ရွေးကောက်ပွဲ၌ စစ်တပ်အလိုတော်များသည် သေချာပေါက်နိုင်သောနည်းကို သုံးလိမ့်မည်ဟု ခန့်မှန်းကြသည်။
တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲ၌ အာဏာရအဖွဲ့အစည်းသည် (၉၀) ရာခိုင်နှုန်းကျော် အနိုင်ရနိုင်၏။ စင်ကာပူ၊ အီဂျစ်၊ ကမ္ဘောဒီယား စသည့်နိုင်ငံများတွင် လက်ဝါးကြီးအုပ်
ဒီမိုကရေစီကျင့်သုံး၏။ ရွေးကောက်ပွဲပုံမှန်ကျင်းပသော စင်ကာပူ၌ လီကွမ်ယူးတို့ သားအဖကြီးစိုး၏။ အီဂျစ်၌ မူဘာရတ်၊ ကမ္ဘောဒီယား၌ ဟွန်စင်၊ ဇင်ဘာဘွေ၌ မူဂါဘီ ကြီးစိုးသည်။ ဗမာပြည်က
ဗိုလ်ချုပ်များသည်လည်း သူတို့ကို အမီလိုက်ရန် ကြိုးပမ်းနေပုံရ၏။

Subscribe to:
Posts (Atom)