Friday, August 7, 2009

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်

post by Sunday, August 02, 2009

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခု ဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီဆိုတာကို အာဏာရှင်တွေဆီက တောင်းယူလို့ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို တည်ဆောက် နေသူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲ အသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှု နဲ့ပဲဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ် ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ်ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန် အမျိုးမျိုးရှိပါတယ်။

ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဍာန်များ

အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ်အရဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့ ယူဆကြ ပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။ ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက်ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကြတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထုလှုပ်ရှားမှုတွေကလဲ အရေးကြီး ကြောင်း ပထမလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။

တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transito logy ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့ ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျပါတယ်။ ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေး အဖွဲ့ အစည်းတွေ အားလုံးက ကနဦးဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက် တာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံ ကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှု ဖြစ်ပါ တယ်။ ဒီလိုတွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုဆိုတဲ့ အင်အားစုကြီးနှစ်ရပ်ထွက်ပေါ်လာပါတယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက် လာတာဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်လား၊ ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆိုတာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင် တွေဟာ လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာ ဖွဲ့ရမယ့် အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့ တွဲဖက်ဖွဲ့စည်း ရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရတွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့ အမြော်အမြင်ရှိမရှိ ဆိုတာမှာ မူတည် ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မအောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့် မဟုတ်ပဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေးအခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။

ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည်မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း လူထုတိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍ ပဲဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite အသစ်တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင် မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက စိုးရိမ်တတ်ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပုံစံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက လူထုတိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊ ကျားနေမြဲပုံစံပါ။

ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။ ခေါင်းဆောင်သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်းချင်း တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ ကျဆုံးခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကို ဂုဏ်ဖော်ပြောဆိုမှုတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ဒီလို elite တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းသဏ္ဍကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲ တတ်ပါတယ်။ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဍာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

Initial democratization စတင်သွားပြီးဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဍာန်တွေနဲ့ ဆက်ရှိနေရမှာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက်နေပြီးအထင်နဲ့ လူထု လှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုးတက်မှုကို ဖန်တီးအားထုတ်တာ မပြုလုပ်ပဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှိနေတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ အများကြီး ပေါ် ထွက်ခဲ့ဖူးပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊ တည်ဆောက်ရေးယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊ နိုင်ငံရေးသမားအချင်းချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့် ဒီလိုပြဿနာတွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရ နိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ် နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို ပြုပြင် တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန်ဖိုးတွေ၊ ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။ အာဏာရှင်ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ သူတော်စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစု အတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ အပြစ်ဆိုစရာမဟုတ်ဘူး။ လူ့သဘာဝပဲဖြစ်တယ်။

ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာဏာနဲ့ ပျော်မွေ့ တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို လူ့အတ္တ တွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ်ထားသူတွေဟာ အများအကျိုး မကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြုဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့ အနာဂတ် တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီစနစ်ကသာ ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်။

တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ်အခြေခံ မစဉ်းစား ကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊ သိလာတဲ့အခါ ကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ ဒါဟာ လူအပေါ်မှာ အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊ နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူုးလွန်သွားမိသူ အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမယ့် အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ် ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆိုတာလဲ ဒီလိုပဲ။ အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေး တဲ့ စနစ်သာလျှင်ဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ရှိတာ ဓမ္မတာသာ ဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့ ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ စနစ်နဲ့ မကိုက် ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရသူတွေကလဲ စနစ်ကနေ လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့ လိုအပ်ပါတယ်။

ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်

လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။ နိုင်ငံရေးပညာရှင်တွေက လူထုလှုပ်ရှားမှုတွေ ရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး ပုံဖော် ပြသကြပါတယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းက အစ ပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင် တာ၊ နိုင်ငံရေး လှုပ်ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ဘာသာရေးအဖွဲ့အစည်း တွေအပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ခံအားပေးမှုရှိလာအောင် စည်းရုံးလှုံဆော် ပေးရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး ကွန်ယက်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက် တည် ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုင်ငံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ လှုပ်ရှားမှုကွန်ယက်တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှု တွေအတွက် အထောက်အကူပေးခဲ့တယ်။

တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ပဲ လူထုကို အတင်း တွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါပဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ်သူများနဲ့ အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေနည်းပါးတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ် ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန်တိုင်း လဲကျရော ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူ အုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့လဲ လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ် အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေ မှာ ရှိနေဆဲပဲဖြစ်တယ်။

ဒီလိုနဲ့ တည်ဆောက်မှုတွေလုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊ တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့ မဖြစ်နိုင်တာကြောင့်ပဲ။ ညီညွတ်ရေး ဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ တချို့ဒီမိုကရေစီလှုပ်ရှားမှုတွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေး တည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊ အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအဆင့်မရှိပဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ မဟုတ်ဘူး။ စာရွက်ညီညွတ်ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွေမှာကတော့ ဒီစာရွက်ညီညွတ်ရေးပုံစံတွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူ လူတန်းစားအလွှာအသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။ ခေတ္တရပ်ဆိုင်းသွားတာပဲ ဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက အသက်သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်းဘက်တော်သားတချို့နဲ့ ဒီမိုကရေစီ ဘက်တော်သား တချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့ ပညာရှင်တွေက သတ်မှတ် ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။ ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင် သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ ဒီမိုကရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တ လာအုပ်ချုပ်ပေးတဲ့ ကြားဖြတ်အစိုးရဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်။

ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေကို လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြ တယ်။ Transition to procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ် ဆိုပြီး အော်တတ်ကြတယ်။ “မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဒိုင်ယာလော့ခ်အတွက် conditions တွေပါ ချတတ် ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊ ဒိုင်ယာလော့ခ်လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ ခေါ်ရတယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ်ဆိုတာ ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ် အောင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရအနေနဲ့ transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိုင်ယာလော့ခ်နဲ့ power-sharing coalition အစိုးရ ဖြစ်လာတယ်။ နောက်မှ နိုင်ငံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင်ယာလော့ခ်စတဲ့ မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ် အော်သူကအော်၊ upsurge of mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန်သူ့ဗျူဟာပြန်ဖြစ်ပြီး transition to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာတွေ ခံရတော့ တာပါပဲ။ ဒီလို strategic failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။ နိုင်ငံရေး ကိစ္စရပ်တွေလို လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေအသာထားလို့ လူတယောက် ဘ၀ အောင်မြင်တိုးတက်ရေးမှာတောင် အဆင့်ကျော် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာပေမယ့် ပြုတ်ကျတဲ့ အချိန်မှာ တလိမ့်ခေါက်ကွေးနဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ် တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။

ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ရေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို တက်လှမ်း ရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံချက်ပေးနိုင် မယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပါတယ်။ လူဆိုတာကလဲ လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုးတတ်ကြပါတယ်။ ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မော ပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ၊ လက်ထဲ ဒါတွေ ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့ အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွားတတ်သူတွေ တကမ္ဘာလုံးမှာ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။

လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ်တတ်ကြစမြဲ။ ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေးထိုးလိုက်ရတာကို အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့ ပြန်တွေးရင်း တသသ ဖြစ်တတ်ကြ စမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင် တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်းတော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင် သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်းချုပ်ပေးကြရတာပါ။

ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ်ပဲ အမှန် တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံတွေ၊ ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ၊ နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ ပေါ်ထွက်လာဖို့ တည်ဆောက်ယူ ရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အချိုးညီညီ ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင် တည်ဆောက် ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။

ဒီလို democratization's derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အချက်ကြီး ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက် စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ်အခြေအနေတွေမှာ power of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲလက်ထဲမှာ မရှိလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက်သွားတတ်ပါတယ်။ နောက်တချက်ကတော့ ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှု ဖြစ်ပါ တယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့အစိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့ သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူ လူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊ လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေး အစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေးရာတွေမှာ conflict of interests ဖြစ်တာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေး သွားတာတွေ ဖြစ်တတ်ပါတယ်။

နောက်တချက်ကတော့ ပြည်တွင်းစစ် ဖြစ်ပါ တယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေ ရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ်သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာ ရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ နိုင်ငံ တည်ထောင်မှုသဏ္ဍာန်နဲ့ စနစ် မှန်ကန်ဖို့ လိုပါ တယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲ တွေများလာတာနဲ့အမျှ တပ်မတော်အခန်းကဏ္ဍ ကလဲ တိုးမြင့်လာပါတယ်။ ကြာလာတော့ ပြည် တွင်းစစ်နဲ့အတူ တပ်မတော်က အင်အားကြီးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလို ဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့ စီးပွားရေးတိုးတက်မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှု နှောင့်နှေးတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နိုင်ငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါပဲ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တခုပါ။ အာဖရိက နိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိကဖြစ်ပါတယ်။ အာဏာရှင်စနစ် လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။ အာဏာရှင်ဘက်တော် သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊ စိန်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။ ဥပမာဆိုရင် - အာဖရိကတိုက်မှာ အာဖရိက အနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေးရဲ့ port of entry ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာ လုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံဖြစ်ပါတယ်။ ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင် အမတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဥပဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state) ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်းချောက်မှုပေးနိုင်တဲ့ အန္တရာယ်ပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု အသွင်သဏ္ဍာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင်သဏ္ဍာန်ဆန်တယ်။ လူတယောက်ကို လေးစားသူ က ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊ အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ်လုပ်ထောက်ခံတယ်။ စိတ်ထဲမှာ မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက်ပြန်တယ်။ ကိုယ်က မဝေဖန်သလို သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်း ဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံးဖြတ်ချက်၊ အတွေးအေခါ်၊ လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။ ဒီလိုအခြေအနေ မျိုးက စီးပွားရေး၊ လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ် မှု လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ဆက်မထိန်းနိုင် ဖြစ်တတ် တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊ တတ်တယ်” ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာမှာတော်တယ်၊ ဘယ်နေရာမှာ ချော်တယ်၊ ဘယ်နေရာမှာ အားသာ ချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စကားကို ပယ်ရမယ်ဆိုတာကိုလဲ လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေးစားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့ လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ်ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက်မှုတွေ ဖြစ်လာတတ်တယ်။ ဒါက လူတယောက် ဘ၀ရေးရာတွေမှာတင်ဖြစ်တယ်။

လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင်ဆိုတာ လေးစား ရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြောသမျှ ကိုယ့်စိတ်က ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရမယ်မဟုတ်ဘူး။ သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိသလားဆိုတာ သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရမယ်။ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင် ကြီးဆိုပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တရပ်လုံး ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား” ဆိုသလိုပဲ သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါ လုပ်ဆောင်မိတာဖြစ်တယ်။

ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုင်ငံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့ နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး representative democracy ကို transcend လုပ်တာဖြစ်ပါတယ်။

နိဂုံး

အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မစခင်မှာ preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့ လူထုလှုပ်ရှားမှုကနေ Elite တွေ ပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို ဆွေးနွေးထားပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့ ပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်ကို တင်ပြထားသလို ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းရင်းတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ တခြားမူကွဲသဏ္ဍာန်တခုဖြစ်တဲ့ political liberalization အကြောင်းကိုတော့ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဍာန်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုတော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။

ခင်မမမျိုး (၁၊ ၈၊ ၂၀၀၉)



ရည်ညွှန်းကိုးကား-
Alagappa, M. (ed.) (2001) Civil Society and Political Change in Asia, Standford University Press, Standford

Barnes, S. & Kaase, M. et al. (1979) Political Action: Mass participation in Five Western Democracies, Sage, Beverly Hills

Bell, D., Brown, D., Jayasuriya, K. and Jones, D. (1995) (eds) Towards Illiberal Democracy in Pacific Asia, St. Martin's Press, New York

Bernhard, M. (1992)'Civil Society and Democratic Transition in East-Central Europe', Political Science Quarterly, 108 (2), p. 307- 26

Brysk, A. (1993) 'From above and below: Social movements, the International system, and Human Rights in Argentina', Comparative Political Studies, 26 (3), p. 259-85

Cavatorta, F. (2005) 'The International Context of Morocco's stalled Democratization', Democratization, 12 (4), p. 549-67

Crouch, C. (2004) Post-Democracy, Polity Press, Cambridge

Dahl, R. (1989) Democracy and its critics, Yale University Press, New Haven Dalton, R. (2004) Democratic Challenges, Democratic Choices, Oxford University Press, Oxford

Diamond, L. (1999) Developing Democracy: Toward Consolidation, John Hopkins University Press, Baltimore

Ekiert, G. & Kubik, J. (1999) Rebellious Civil Society: Popular pretest and Democratic Consolidation in Poland, 1989- 1993, University of Michigan Press, Ann Harbour

Escobar, A. and Alvarex, S. (1992) (eds.) The makings of social movements in Latin America: Identity, Strategy and Democracy, Westview, Boulder

Foweraker, J. (1989) Making Democracy in Spain: Grassroots struggle in the South, 1955-1975, Cambridge University Press, Cambridge

Lipset, S. (1959) 'Some social requisites of democracy: Economic Development and Political Legitimacy', American Political science review, 53 (1), p. 69- 105

Moore, B. (1966) Social Origins of dictatorship and democracy: Lord and Peasant in the making of the modern world, Beacon Press, Boston

Myers, M. (1998) 'The promotion of democracy at the grassroots: The example of radio in Mali, Democratization, 5 (2), p. 200- 216 O'Donnell, G. (2007) 'The perpetual crises of democracy', Journal of Democracy, 15 (1), p. 5-19

Opp, K. (1994) 'Repression and Revolutionary Action', Rationality and Society, 6, p. 101-38

Przeworski, A. & Limongi, F. (1997) 'Modernization theories and facts', World Politics, 49, p. 155-83

Rossi, F. & Parta, D. (2009) “Social movement, trade unions and advocacy networks”, in Haerpfer, C.; Bernhagen, P.; Inglehart, R (2009) (eds.) Democratization, Oxford University Press, Oxford

Schneider, C. (1995) Shantytown Protests in Pinochet's Chile, Temple University Press, Philadelphia

Ulfelder, J. and Lustik, M/ (2007) 'Modelling Transition to and from Democracy, Democratization, 14 (3), p. 351-87

Welzel, C. (2007) 'Are levels of democracy influenced by mass attitudes?, International Political Science Review, 28 (4), p. 397- 424

No comments: