ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
wednesday၊ဇွန်လ ၂၄ ရက် ၂၀၀၉ ခုနှစ်
နိုင်ငံရေးစစ်ပွဲ
အပိုင်း (၁)
နိဒါန်း
လူ့လောကမှာ အခွင့်အရေးဆိုတာ အကြိမ်ကြိမ် မရပါဘူး။ ဒေါ်စုရင်ဆိုင်နေရတဲ့ အမှုကိစ္စဟာ လူအများကို စုစည်းပေးနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်စုကို ကျားကန်ပေးထားပါတယ်ဆိုတဲ့ အဖွဲ့တွေရော၊ ထောက်ခံနေပါတယ်ဆိုတဲ့ လူတွေရော၊ ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အလုပ်ဟာဘာလဲ ဆိုတာကို ဂရုပြုမိဖို့ လိုပါတယ်။ ဂရုမပြုမိကြလို့ နိုင်ငံရေး အခွင့်အရေးပေါ်တိုင်း အဆင်သင့် မဖြစ်ဘဲ အခွင့်အရေးတွေ လက်လွတ်ခဲ့ကြရတာ အများကြီးပါ။
လက်ရှိ အခြေအနေမှန်ကို သိမှ အန္တရာယ်ကိုရှောင်၊ အောင်မြင်မှုကို မျှော်ကိုးနိုင်မယ်လို့ ယုံကြည်မိတယ်။ လက်ရှိ အခြေအနေမှန်ကို သိမှ မိမိတို့ရဲ့ လိုအပ်ချက်တွေကို သိမှပါ။ လိုအပ်ချက်တွေကို သိမှ ၊ မိမိတို့ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာကို သိမယ်။ ပြင်ဆင်မှုရှိမှ အခွင့်အရေး ပေါ်လာရင် - အောင်ပွဲအတွက် - တိုက်ပွဲဝင်နိုင်မယ်။ လိုအပ်ချက်တွေကို သိမှ မိမိတို့ ရွေးရမယ့် ဗျူဟာ (Strategy) ကို ဖေါ်ထုတ်နိုင်တော့မှာပေါ့။
End-Game လို့ ခေါ်ရမယ့် - နောက်ဆုံး တိုက်ပွဲအဆင့် - အောင်ပွဲခံမယ့် ပွဲအစီအစဉ် (Game Plan) ကိုသိမှ ဗျူဟာ (Strategy) နဲ့ Battle Plan စစ်ပွဲအစီအစဉ်ကို ဆွဲနိုင်ပါလိမ့်မယ်။
လက်ရှိ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲလို့ မြင်စေချင်တယ်။ စစ်သားတယောက်အတွက် - စစ်ပွဲဆိုတာ - နိုင်တာနဲ့ - ရှုံးတာပဲ ရှိတယ်၊ စစ်ပွဲကို - သရေ - မတိုက်လိုကြပါ။
လက်ရှိ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲလို့ မြင်တတ်ရင် ကျနော်တို့အားလုံးဟာ ကိုယ်နေရာနဲ့ကိုယ် တာဝန်ယူ နိုင်တဲ့၊ တာဝန်ယူရမယ့်၊ တော်လှန်ရေး စစ်သားတွေချည်းပါပဲ။
လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ကျနော့်အမြင်
မြန်မာပြည်ထဲမှာ တခုခုဖြစ်ပြီဆိုရင် အပြင်မှာ ဆူကြပူကြ၊ ငိုကြယိုကြ၊ စစ်အစိုးရကို တစ်တစ်ခွခွ ဆဲဆိုကြ၊ အားမရရင် အချင်းချင်း လှည့်ရန်လုပ်၊ ပြီးရင် ဝုန်းဆို တောက်၊ ဘုန်းဆို ငြိမ်းသွားတတ်တာ အများကြီးပါပဲ။ ဂန်ဘာရီကို လွှတ်ပါဦး၊ ကုလသမဂ္ဂ ဘာလုပ်နေသလဲ၊ မစ္စတာ ဘန်ကီမွန်း ဝင်ပါတော့လား၊ အမေရိကန် ဝင်ပါတော့လား စသဖြင့် တောင်စဉ်ရေမရ အားကိုးကြတဲ့ အသံတွေကို ကြားရပါလိမ့်မယ်။ တချို့ကလည်း ဆန္ဒစောပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဖြစ်ကြကုန်တော့ မြန်မာ့နိုင်ငံရေးဟာ အပြင်က လှုပ်ရှားမှုသက်သက်ကို ကြည့်ရင် စိတ်ဓာတ်ကျစရာတွေ မြင်ရတတ်ပါတယ်။
“ဒေါ်စုကို လွှတ်ပေး”၊ “အခု အမြန်တွေ့” ဆိုခဲ့တာတွေလည်း များလှပါပြီ။ ဒေါ်စုက ၁၉ နှစ်မှာ ၁၃ နှစ် အကျဉ်းခံပြီး ရှေ့က ရဲရဲကြီး နအဖကို အာခံပြခဲ့တယ်။ ဒေါ်စုက ပြောခဲ့ရှာတယ်၊ “ရှင်တို့ရဲ့ လွတ်လပ်ခွင့်ကို အသုံးပြုပြီး ကျမတို့ရဲ့ လွတ်လပ်ရေးအတွက် ဆော်သြ တိုက်ပွဲဝင်ကြပါ” Please use your freedom to promote our freedom လို့ တောင်းဆိုခဲ့တယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီးတွေက မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို သုံးပြီး တိုက်လိုက်ကြတာ တိုင်းပြည်အတွက်ထက် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်ရေးဆိုတာသာ များပါတယ်။ အဲလိုမျိုး သဲသဲမဲမဲ တိုက်လိုက်တာ နိုင်ငံတကာမှာ ဟိုးလေးတကျော်ပဲ။
နိုင်ငံခြားကို လက်ဖြန့်တောင်းနေရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်ထူထောင်ရေး Development နဲ့ ပြန်လည်ပေါင်းစည်းစေ့စပ်ရေး Reconciliation တွေကို တွင်တွင်သုံးပြီး နိုင်ငံခြားသားတွေအကြိုက် ပရောဂျက် Project တွေ တင်နေကြတာ။ ဒါပေမဲ့ မိုးထဲလေထဲ အကျပ်အတည်း ကြုံလာတော့ နအဖကို ရင်ဆိုင်စရာ အင်အား၊ အချိတ်အဆက်-ကွန်ယက် Network တည်ထောင်မထားတော့ ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိကြတော့ဘူးပေါ့။ အမှန်ကတော့ မြန်မာတွေက ဒီမိုကရေစီနဲ့ ဒေါ်စုကို ဗန်းပြ၊ တိုင်းရင်းသား ခေါင်းဆောင်တချို့က Constitution ရေးပြနဲ့ အလုပ်ကို ဖြစ်လို့။ ပညာတတ် အယောင်ဆောင်တချို့က So called Third force လို့ ခေါ်ရမယ့် ပြည်တွင်း ပညာတတ်အုပ်စုနဲ့ ပေါင်းပြီး သင်တန်းပေးပြကြနဲ့ ကိုယ့်ဂွင်နဲ့ကိုယ် ဖြစ်နေကြတော့ Sand Castle လို့ ခေါ်တဲ့ သဲနဲ့ နန်းတော်ကြီး တည်ဆောက်ထားကြတော့ တကယ် ရေတက် လာတော့ မျောပါ ကုန်ကြပါရော။
နအဖ ဆိုတဲ့ စစ်အာဏာရှင်အုပ်စုဟာ တော်လွန်းလှလို့ မဟုတ်ပါ။ နအဖ ဘက်မှာ တိုင်းပြည် ဘဏ္ဍာတွေနဲ့ တည်ဆောက်ထားတဲ့ အစိုးရ ယန္တရားရှိတယ်။ အာဏာနဲ့ စည်းစိမ်အတွက်ဆို အဖေ အမေပါ သတ်မယ့် ခေတ်သစ် အဇာတသတ် လက်သစ်တွေကို မွေးထားတယ်။ ဉာဏ်မရှိတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကို မြှောက်ပေးထားတယ်။
ကောင်းပြီ - ဒေါ်စု အငြိုးခံရပြီ။ ကျနော်တို့ အားလုံး ဘာလုပ်နိုင်ကြသလဲ?။ ဘာကြောင့် အစော်ကားခံရတယ် ထင်သလဲ?။ အများစုဟာ နိုင်ငံခြားကိုပဲ လက်ဖြန့်တောင်းချင်ကြတယ်။ ရေပေါ်ဆီ နိုင်ငံရေး Elite Politics ကိုပဲ အားသန်ကြတယ်။ နေရာတွေ ယူထားပြီး တိုင်းပြည်နာမည် သုံးတဲ့ ခေါင်းဆောင်ကြီးတွေက ရပေါက်ရလမ်းတွေ လုမှာ စိုးတာကြောင့် ဘယ်သူမှ အဝင်မခံကြဘူး။ ဒီမိုကရေစီဆိုတာက လူတိုင်းပါဝင်နိုင်ရမယ်၊ အင်္ဂလိပ်လို Inclusive ပေါ့။ သီးသန့် သီးခြား Exclusive မဟုတ်ပါ။ ရွေးကောက်ခံ အမတ် MP ဖြစ်မှ ဦးဆောင်ရမယ်ဆိုတော့ အပြင်မှာ ရောက်နေတဲ့ နိုင်ငံရေးကို ဆောင်ရွက်လိုတဲ့ အဝေးရောက် မြန်မာနိုင်ငံသားအားလုံးဟာ ဦးဆောင်မှု မရှိကြဘဲ ဝါးအစည်းပြေသလို တယောက်တပေါက် အချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကုန်ရော။ ဒါကိုပဲ တချို့မှာ (ငါ) နိုင်ငံရေးလုပ်နေပြီလို့ ထင်မှတ်နေကြတယ်။
နိုင်ငံရေးမှ နေရာ လိုချင်ရင် တာဝန် ဆိုတာကို သိရပါမယ်။ နေရာယူထားတဲ့ သူတိုင်းရဲ့ တာဝန်ဟာ ဘာလဲ? မြန်မာပြည်မှာ စစ်အာဏာရှင် အဆုံးသတ်ရေး အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်ရေး မဟုတ်ဘူးလား?
အစိုးရ - ယန္တရား တခုလုံးကို ထိန်းချုပ်ထားပြီး လူ ၄ သိန်းကျော် စစ်တပ်ကို ကျော်လွှားဖို့ဆိုတာ အင်အား မရှိဘဲ မဖြစ်နိုင်ပါ။ လူ တွေ မစုစည်းဘဲ အင်အား ဆိုတာ မဖြစ်နိုင်ပါ။ (တူညီတဲ့ခံစားမှု) (တူညီတဲ့ယုံကြည်မှု) ရှိတဲ့ လူ တွေ စုစည်း လာမှ အင်အား ဆိုတာ ဖော်ဆောင်လို့ ရပါမယ်။ တဦးချင်း-တဦးချင်း ခံစားချက်ရှိကြပေမယ့် တသီးတခြား စီ ရှိနေရင် အင်အား မဖြစ်ဘူး။ ဒီခံစားချက်ခြင်းတူတဲ့ လူတွေကို စုစည်းဖို့အတွက် နိုင်ငံရေးသမားတွေက စည်းရုံးဖို့ လိုပါတယ်။
(လူ) တွေကို စည်းရုံးရာမှာ
လူ တွေကို စည်းရုံးရာမှာ ရည်မှန်းချက် ဦးတည်ချက် (ဝါ) Objective ကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရမယ်။ မိမိ ရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတာကို ရှင်းပြမယ့် ဗျူဟာ strategy ကို ဖော်ထုတ်နိုင်ရမယ်။ ဒီဗျူဟာကို အကောင်အထည်ဖော်ရာမှာ ဘာတွေလိုသလဲ။ တာဝန်ယူမယ့် လူတွေ အဆင့်ဆင့်လိုမယ်၊ အဆင့်ဆင့် ဦးဆောင်မယ့် ခေါင်းဆောင်တွေလိုမယ်၊ Logistic လို့ ခေါ်ရမယ့် ပစ္စည်း အဆောက်အအုံတွေ လိုမယ်။ လိုအပ်ချက်တွေ ဖြည့်ဖို့ ငွေ လိုမယ်ပေါ့။ ဒီလိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းမလဲ၊ ဘယ်လိုဖော်ထုတ်မလဲ ဆိုတဲ့ Plan အစီအစဉ်တွေ လိုမယ်။ ဒီလို စနစ်တကျ အကွက်စိတ်စိတ် ပြင်ဆင်မှု ရှိမှ ပါဝင် သူတွေကလည်း အောင်မြင်မယ် ဆိုတာကို ယုံကြည်လာပြီး ပါဝင်မှု ဟာ ကြီးထွားလာနိုင်မှာပေါ့
ပြည်တွင်း NLD မှာလည်း သက်ကြားအို စီအီးစီ CEC တွေရဲ့ ဦးတည်ချက်က ငါတို့ ခေါင်းဆောင် မရှိရင် ငါတို့ NLD ပါတီ ကြီးထွားပြီး ဒီမိုကရေစီ ရအောင်တိုက်မယ်ဟေ့ ဆိုတဲ့ ရည်ရွယ်ချက် ရှိ၊ မရှိ ဝေခွဲရ ခက်လာတယ်။ ဒေါ်စု ပြန်လာရင် ပြန်အပ်နိုင်ဖို့ NLD ကို ထိန်းသိမ်းထားရုံသက်သက်၊ မလှုပ်မရှုပ် မပြုတ်ဆိုတဲ့ မဆလ ဆောင်ပုဒ်အတိုင်း NLD အသက်ရှူ မရပ်ရင် တော်ပြီ။ NLD မတရားအသင်း ကြေညာမခံရရင် တော်ပြီလို့ သဘောထား ပုံရတယ်။ (မှတ်ချက် - ဦးဝင်းတင်ကို ဒါထက် ဦးဆောင်ခွင့်မပြုတာ စဉ်းစားရ ခက်တယ်။)
ပြည်ပမှာ NCGUB ကရော? ဒီမိုကရေစီရရင် NCGUB ကို ဖျက်ပစ်မှာပါ။ ၁၉၉ဝ Mandate လုပ်ပိုင်ခွင့် ကို ရအောင် ထိန်းရမယ် ကြွေးကြော်ရင်း ကမ္ဘာလည့်ပြီး အစည်းအဝေးပွဲတွေ တက်၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ ရေဒီယို အင်တာဗျူးတွေ ပေးနဲ့ မိမိတို့ တာဝန်ဘာလဲ? ငါဘာလုပ်ရမယ်? ဆိုတာ မေ့နေပုံပါပဲ။
ပြည်တွင်းပြည်ပ နိုင်ငံရေးကို နက်နက်နဲနဲ တွေးကြည့်ရင် အောက်ခြေလူတန်းစားကို စည်းရုံးပြီး တက်ကြွတဲ့ အင်အားဖြည့်မယ့် အဖွဲ့အစည်း တည်ထောင်တဲ့ Grass Root နိုင်ငံရေးကို စိတ်မဝင်စားကြဖူး။
သက်တန့်ပေါ်မှာထိုင်ပြီး လေလှိုင်းပေါ်က အပြိုင်အဆိုင် အင်တာဗျူးပေးကြတဲ့ Elite Politics လို့ ခေါ်တဲ့ (ရေပေါ်စီ) နိုင်ငံရေးကိုပဲ စိတ်ဝင်စားကြတယ်။
နောက်ဆုံးတော့ မြန်မာ့နိုင်ငံရေးဟာ အဖွဲ့အစည်းကင်းမဲ့တဲ့၊ စည်းရုံးရေး မပါတဲ့ 'သတင်း အလဲအလှယ်' နိုင်ငံရေးဘဝကို ကျဆင်းသွားရတယ်။ Breaking News လို့ ခေါ်တဲ့ နောက်ဆုံးပေါ် သတင်းပေးနိုင်သူက မျက်နှာရှိတယ်၊ သိရင် လည်း မပြောနဲ့ဦး၊ သိချင်ရင် ငါ့ဆီ လာကြပေါ့။
ဘယ်သူကမှ စစ်အာဏာရှင် ပပျောက်ရေးကို မကြိုးစားချင်ကြဘူး။ နောက်ဆုံး ဒေါ်စု တယောက်ပဲ အားကိုးရာ ဖြစ်လာရတာပေါ့။ မျှော်လင့်ချက် နဲ့ အင်အား ဟာ ဒေါ်စုတယောက်အပေါ် ရောက်သွားတော့ တော်လှန်ရေးဟာ ဒေါ်စု၊ ဒေါ်စုဟာ တော်လှန်ရေး ဖြစ်သွားပြီး နအဖ စစ်ဗိုလ်တွေကို ကူညီထောက်ပံ့ရာ ဖြစ်သွားတာပေါ့။
ဒေါ်စုတယောက်သာ အင်အား ဆိုရင် ဒေါ်စုကို ဖယ်ရှားလိုက်ရုံနဲ့ တော်လှန်ရေးဆိုတာ အရှိန် မရှိတော့ဘူးပေါ့။ ဒေါ်စုကို ဖမ်း၊ အရည်အချင်းရှိတဲ့ စိတ်ဓာတ်ရှိတဲ့ ဦးတင်ဦး ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို နှစ်ရှည်လများ ဖမ်းဆီးလိုက်တော့ NLD က အခွံပဲ ကျန်တယ်တယ် ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပ
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းပြည်လွတ်လပ်ရေးကို အင်္ဂလိပ်လက်က အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့ကြတဲ့ ထိပ်တန်း ခေါင်းဆောင်တစုဟာ ကောလိပ်ကျောင်းသား ဘဝမှာ စတင်စုစည်းမိခဲ့ကြပြီး ကျောင်းသားသမဂ္ဂကို အင်္ဂလိပ်အလိုတော်ရိ ကျောင်းသားတွေလက်ထဲက လုယူနိုင်ခဲ့ကြတယ်။ ဦးသိန်းဖေမြင့်က ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသန်းဖေတို့ကို ကိုအုန်းက ဆုံဆည်းပေးခဲ့တယ်လို့ ရေးပြခဲ့တယ်။ ၁၉၃၆ ခုနှစ်မှာ သမဂ္ဂ ခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ရာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ဒီခေါင်းဆောင်တွေဟာ မစ္စတာရာရှစ် နဲ့အတူ သပိတ်ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ ဒီ ကျောင်းသား သပိတ်ကတဆင့် မြန်မာ့နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင် ဘဝကနေ နိုင်ငံရေး ခေါင်းဆောင်၊ အဲဒီကမှတဆင့် တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြရတယ်။ ဒီအဆင့်ဆင့် ကာလမှာ ကိုအောင်ဆန်းကနေ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီကမှ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း ဖြစ်လာရပြီး နောက်ဆုံးပြိုင်ဘက်မရှိ တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီး လွတ်လပ်ရေးကိုရအောင် ဦးဆောင်ပေးနိုင်ခဲ့လို့ လွတ်လပ်ရေး ဖခင်ဘဝ ရောက်ခဲ့ရတယ်။
ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းကြောင့် ဖဆပလ အဖွဲ့ကြီး ပေါ်ပေါက်လာတာပါ။ တိုင်းပြည်ချစ်တဲ့ ဗိုလ်ချုပ်ဟာ ဘကြီးဘဖေလို လက်ျာနိုင်ငံရေးသမားကြီးတွေ၊ ကရင်မျိုးချစ် ခေါင်းဆောင်တွေ၊ ရှမ်းမျိုးချစ် ခေါင်းဆောင်တွေ စတဲ့ အလွှာအသီးသီး ဒေါင့်အသီးသီးက သူ့ကျွန်မခံလိုသူတွေ အားလုံးကို ဖဆပလထဲကို ဆွဲခေါ်ပြီး ဖဆပလကို အင်အားတည်ဆောက်ခဲ့ပါတယ်။ ဒီအင်အားကို အားယူပြီးမှ နယ်ချဲ့အင်္ဂလိပ်ကို ရင်ဆိုင် ဆွေးနွေးခဲ့တာပါ။ ဗိုလ်ချုပ်နဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ ဗျူဟာ Strategy က ရှင်းတယ်၊ ပြတ်သားတယ်။ ဒို့မှာ အဖွဲ့အစည်းရှိတယ်၊ ဒို့မှာ အင်အားရှိတယ်၊ ဒို့နောက်မှာ လူထုရှိတယ်၊ ဒို့နဲ့ ဆွေးနွေး၊ တနှစ်အတွင်း လွတ်လပ်ရေးပေး၊ ရရင်ရ - မရရင်ချ ဆိုတဲ့ ဗျူဟာပဲ။ ဆွေးနွေးပွဲဆိုတာ (အင်အားနဲ့) (အကျိုး) ရှိမှ ထိရောက်မှု ရှိပါတယ်။ ဗိုလ်ချုပ်တို့ရဲ့ အင်အားက အဖွဲ့အစည်းက လာတာ၊ ပြည်တွင်းက လာတာ။
ဗိုလ်ချုပ်အောင်ဆန်း အင်အား တည်ဆောက်စဉ်မှာ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ရပါသေးတယ်။ ဂျပန်အပြေး၊ အင်္ဂလိပ် အဝင်မှာ မြန်မာတွေကို ကျွန်ဆက်လုပ်ဖို့ အကြံနဲ့ အင်္ဂလိပ်တွေဟာ စက္ကူဖြူစာတမ်းကြီးကို ယူလာပြီး အဓမ္မ အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဉာဏ်နဲတဲ့ အင်္ဂလိပ် ဗြူရိုကရက်တချို့နဲ့ ရေပေါ်ဆီ Elite Politics ကိုသာ နားလည်တဲ့ မြန်မာအလိုတော်ကြီး တချို့က ဗိုလ်ချုပ်ကို ဂျပန်ခေတ်က လူသတ်မှုနဲ့ တရားစွဲပြီး နိုင်ငံရေးအရ ရှင်းဖို့ ကြိုးစားကြသေးတယ်။
ဗိုလ်ချုပ်အနောက်မှ ဖဆပလ အဖွဲ့ကြီးရှိတယ်။ ဖဆပလ အနောက်မှာ လူထု စစ်တပ်နဲ့ လက်နက်တွေ ရှိတယ်။ ဗိုလ်ချုပ်ကို ထိရင် ဆူပူမှုဖြစ်မယ်၊ ဆူပူမှုဖြစ်ရင် အင်္ဂလိပ်မှာ စစ်တပ် လုံလုံလောက်လောက် မရှိဘူး။ ဒါကြောင့် အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ အထူးသဖြင့် မောင့်ဘက်တန်ရဲ့ ကန့်ကွက်မှုကြောင့် အင်္ဂလိပ် ဘုရင်ခံဟာ ရှေ့ဆက် မတိုးရဲဘူး။
ဒေါ်စုနဲ့ NLD
ဒေါ်စု နိုင်ငံရေးလောကထဲ ဝင်လာပုံနဲ့ အတွေ့အကြုံက ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူဘူး။ ဒေါ်စု အားယူစရာ ဗိုလ်ချုပ်ရဲ့ အရှိန်က ကျားကန်ပေးထားတယ်။ ဒေါ်စုရဲ့ စိတ်ထား၊ သဘောထား၊ ဒေါ်စုရဲ့ ရိုသားဖြောင့်မတ်မှု Honesty ၊ သံမဏိ စိတ်ဓာတ်တွေကြောင့် ကမ္ဘာမှာ အလေးစားခံရတဲ့ ဒီမိုကရေစီပုံရိပ် Democracy Icon ဖြစ်လာတာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုဟာ အကြိမ်ကြိမ် စမ်းသပ်ယှဉ်ပြိုင်ခြင်း ခံခဲ့ရပါတယ်။ သီဟိုဋ္ဌ်နိုင်ငံ ဂန္တီ အစည်းအဝေးပွဲအပြီးမှာ အင်္ဂလိပ် ရေတပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က “စစ်တပ်ထဲမှာ နေမှာလား၊ နိုင်ငံရေးခေါင်းဆောင် လုပ်မှာလား” လို့ မေးလာတယ်။ သခင်သန်းထွန်းက ဗိုလ်ချုပ်ဟာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကို ကစားပြီး ကြားက တက်ထိုင်မှာလို့ ပြောခဲ့ဖူးတယ်။ ဂိုရှယ် (ကွန်မြူနစ်ခေါင်းဆောင်) က ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးထဲ မဝင်ထိုက်၊ စစ်ဖက်မှာပဲ ခေါင်းဆောင်ထိုက်တယ်လို့ အခိုင်အမာပဲ သူ့လိုအင်ကို တင်ပြပါတယ်။
(မှတ်ချက်- စာမျက်နှာ ၃၉၃ ဦးသိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်ကို ညွန်းပါသည်။)
ဗိုလ်ချုပ်ရဲ့ ရာဇဝင်အရှိန်နဲ့ ဒေါ်စုရဲ့ Honesty ကြောင့် ဒေါ်စုဟာ မကြာခင်မှာပဲ ပြိုင်ဘက်မရှိ ခေါင်းဆောင် ဖြစ်ခဲ့ရတယ်။ ဒေါ်စုရဲ့ သတ္တိနဲ့ ခံယူချက် ပြင်းထန်မှုကြောင့် ကမ္ဘာကပါ အသိအမှတ်ပြုတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်ခဲ့ရတယ်။ ကံဆိုးတာကတော့ ဒေါ်စုရဲ့ အရှိန်နဲ့ သြဇာဟာ တမဟုတ်ချင်း မိုးထိအောင် လှေကားထောင် တက်သွားပေမယ့် NLD ဖွဲ့စည်းမှုနဲ့ ကျန်တဲ့ ခေါင်းဆောင်တွေဟာ လိုက်မမီခဲ့ဘူး။ နောက်ဆုံး ကမ္ဘာက အသိအမှတ်ပြုပြီး နိုဘယ်လ်ဆုကို ဆွတ်ခူးခဲ့ရတယ်ပေါ့။
ဝမ်းနည်းစရာ ကောင်းတာက ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းကိုးကွယ်တဲ့ အကျင့် ရှိတာကြောင့် ဒေါ်စုအလံကို ထောင်ပြီး ဒေါ်စုဋီကာကို ဖွဲ့နေကြရတာနဲ့၊ အဖွဲ့အစည်းနဲ့ စနစ် Organization and System ကို ကျစ်လစ်အောင် မထူထောင်နိုင်ခဲ့ကြဘူး။ ရလဒ်က ဒေါ်စုက ကောင်းကင်ပေါ် ဝုန်းဆို တက်သွားပြီး အဖွဲ့အစည်းနဲ့ နောက်ဆက်တွဲ ခေါင်းဆောင်တွေက မြေပေါ်မှာ ကားယားကြီး ကျန်ခဲ့တယ်။ ဒီအခြေအနေကိုသိတဲ့ စစ်အာဏာရှင်တွေက ဒေါ်စုကို ထိန်းချုပ်လိုက်တာနဲ့ အဖွဲ့အစည်းနဲ့ စနစ်မှာ အင်အားမတောင့်တင်းသေးတော့ စစ်စကားနဲ့ ပြောရရင် ထိုးစစ်ကို ခံနိုင်ဖို့  (ခံစစ်) အဆင်သင့် မရှိဘူးပေါ့။
ကျနော့်အမြင်အရ ရိုးရိုးသားသားပြောရရင် ကျစ်လစ်တဲ့ အဖွဲ့အစည်းနဲ့ စနစ်ရှိမှ နအဖ က ဖိနှိပ်ထိုးနှက်လာတာကို ဘယ်လိုခံမယ်၊ ဒို့ လူ တွေကို ဘယ်လိုထိန်းမလဲ? ဘယ်လိုသင်တန်းပေးမလဲ? ဘယ်ဗျူဟာ strategy နဲ့ ရှေ့ကို ချီတက်မလဲ? လူငယ်လူသစ်တွေကို ဘယ်လိုစုဆောင်းမလဲ? ဆိုတဲ့ အဖွဲ့အစည်း ရှင်သန်ဖို့၊ ထိုးစစ်ကို ခံနိုင်ဖို့ အစီအစဉ်တွေ ချမှတ်နိုင်မှာပေါ့။ (လူ) ရှိမှ လိုအပ်တဲ့ (အလုပ်) တွေကို လုပ်နိုင်မှာပေါ့။ ကျနော် ဖြစ်စေချင်တာက NLD ဆိုတာ ဒေါ်စု၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို နှစ်ရှည်လများ အဖမ်းခံနေရတာတောင် လှုပ်ရှားမှု ရှိနေတဲ့ Active & Effective Organization ဖြစ်စေချင်တယ်။
အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်မှုဟာ ၁ဝ နှစ်ထက် ပိုပြီး မရှိသင့်ဘူး။ ဒါကြောင့် အမေရိကန် အခြေခံ ဥပဒေကို ပြင်ပြီး သမ္မတတယောက်ဟာ ၂ ခါထက်ပို အရွေးမခံရဘူးလို့ သတ်မှတ်ခဲ့တယ်။ ဒါကို သဘောတူ နားလည်တဲ့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ဟာလည်း တရုတ်အခြေခံဥပဒေမှာ တရုတ်ခေါင်းဆောင် တယောက်ဟာ သက်တမ်း ၂ ခါပဲ အရွေးခံရမယ်လို့ ထည့်သွင်းဖြည့်စွက်ခဲ့တာကြောင့် အခု 4th Generation ၄ ဆက်မြောက် ခေါင်းဆောင်တွေက ဦးဆောင်လျက်ရှိတယ်။ ၅ ဆက်မြောက် ခေါင်းဆောင် 5th Generation တွေကို ရွေးထားပြီးပြီ။ ဒုသမ္မတ (Xi-Jinping) ဟာ ၂ဝ၁၂ ခုနှစ်မှာ သမ္မတဖြစ်လာမယ်။ ဒီလထဲက ပါတီအစည်းအဝေးမှာ 6th Generation အတွက် ပြင်ဆင်ခဲ့ပြီးပြီ။ ဒါဟာ အဖွဲ့အစည်းအတွင်းက စနစ်ပဲ။
အဖွဲ့အစည်းတခုဟာ ထိပ်မှာ အသစ်အသစ် ပြောင်းလဲခြင်းမရှိဘဲ ပိတ်ထားရင် အင်္ဂလိပ်လို Lethargic ပျင်းရိပျင်းတွဲ ဖြစ်ပြီး၊ အဖွဲ့အစည်းကျစ်လစ်မှု လျော့ပါးလာပါတယ်။ ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီမှာ ပါခဲ့တဲ့ မူလလူ ဘယ်နှယောက် ကျန်တော့လဲ? ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ပဲ ကျန်တယ် မဟုတ်လား။ နဝတ ကနေ နအဖ တဖြစ်လဲမှာတောင် ထိပ်ပိုင်း ဗိုလ်ချုပ်နှစ်ယောက်ပဲ ကျန်တော့တယ် မဟုတ်လား။ အာဏာရှင်စနစ်မှာတောင် အဖွဲ့အစည်းခေါင်းဆောင်မှုမှာ အပြောင်းအလဲ လုပ်ရတယ်။ (အရှင်ထားရတယ်) (အသေမထားဘူး) ကွာတာကတော့ အာဏာရှင်စနစ်မှာ စနစ် တည်မြဲရေးအတွက် လူလဲပြီး ခိုင်းစားတာပါ။ ကောင်းတဲ့ စနစ်မှာတော့ လူလဲပြီး အဖွဲ့အစည်း တိုးတက်အောင် ပြုမူဆောင်ရွက်ရတာပါ။ ဒါဟာ Organization Evolution အဖွဲ့အစည်းတခု တဖြည်းဖြည်း ပြောင်းလဲတိုးတက်ခြင်းပဲ။
NLD မှာတော့ ဒေါ်စုကို ပြန်အပ်ဖို့ ထိုင်စောင့်ရင်း ထိပ်မှာ အိပ်ပျော်နေတာတောင် အသိပေးမယ့်သူ ရှိပုံမပေါ်ဘူး။ ရလဒ်က ထိပ်မှာပိတ်နေတော့ အဖွဲ့အစည်းတခုဟာ ရှင်သန်မှု ရှိချင်ရင်တောင် လျော့နည်းသွားတာပေါ့။ ရေတောင် စီးဆင်းမှုရှိမှ အင်အားဖြစ်ရတယ်၊ ရှင်သန်ရတယ် မဟုတ်လား။ ရေသေဆိုရင် အင်အား မရှိနိုင်သလို ကြာရင် ရေတောင် အပုပ်နံ့ ထွက်လာတာပဲ။
နအဖ က NLD ကို တဖြည်းဖြည်း အမှည့်ခြွေ ခြွေတဲ့နည်းကို သုံး၊ အချိန်ကို လက်နက်အဖြစ် သုံးခဲ့တယ်။ အချိန်နဲ့အမျှ တဖြည်းဖြည်း အင်အားလျော့နည်းလာရင် လူ့သဘာဝအရ စိတ်ဓာတ် ကျဆင်းလာကြမယ်။ ယုံကြည်မှု လျော့နည်းလာကြမယ်။ ဒီတော့ ပါဝင်မှုနည်းလာရင် အဖွဲ့အစည်းတခုဟာ ပျက်သထက် ပျက်လာဖို့ပဲ ရှိတော့တာပေါ့။ မျှမျှတတ ပြောရရင် အာဏာရှင်စနစ်အောက်မှာ ဆန့်ကျင်ရတယ်၊ အတိုက်အခံ လုပ်ရတယ်ဆိုတာ မလွယ်ပါဘူး။ နည်းနည်းလေး ဖြစ်တာနဲ့ ဖမ်း၊ ထောင်ထဲထည့်၊ ရိုက်နှက်ညှဉ်းဆဲဖို့ ဝန်မလေး၊ လက်ရဲဇက်ရဲ အစိုးရအောက်မှာ တော်ရုံတန်ရုံ သတ္တိနဲ့ အာမခံဝံ့ဘူး ဆိုတာကို နားလည်ရမှာပါ။ တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့ မခံနိုင်ပါဘူး။ ခံရမယ်ဆိုတာကို သိရက်နဲ့ အာခံရဲသူတွေ အလေးပြုရမှာပါ။ ဒါကြောင့် ဒီလို စွန့်စားဝံ့တဲ့ လူတွေရဲ့ စွန့်စားမှုဟာ အကျိုးရှိတဲ့ စွန့်စားမှုပဲ ဖြစ်သင့်တယ်။ ဒီလူတွေရဲ့ စွန့်စားမှုဟာ နောက်လူ စွန့်စားဖို့ မျှော်လင့်ချက် (Hope & Inspiration) ပေးဖို့ လုပ်ရပ်ဖြစ်သင့်တယ်။ စွန့်စားပြီး ထောင်ထဲ သွားနေရရုံဆိုရင် နောက်ဆက်တွဲ စွန့်စားလိုသူတွေအတွက် အဓိပ္ပာယ် မရှိတော့ဘူးပေါ့။ ဒါကြောင့် အကျိုးရှိတဲ့ စွန့်စားမှု ဖြစ်ဖို့ရာအတွက် ဗျူဟာ (Strategy) ရှိရမယ်။ (Plan) စီစဉ်မှု ရှိရမယ်။ ရည်မှန်းချက် (Objective) ရှိရမယ်။ ဒီလို ဖော်ဆောင်နိုင်ဖို့ ခေါင်းဆောင်မှု (Leadership) ရှိမှ ဖော်ဆောင်နိုင်ပါတယ်။
ခေါင်းဆောင်မှုအပိုင်းကို ဗီဇအရည်အချင်းနဲ့ စိတ်ဓာတ် ပညာအရည်အချင်း အတွေ့အကြုံ အသက် ကလည်း ပိုင်းခြားပေးပါတယ်။ လူတိုင်းလူတိုင်းဟာ ပညာလေး နည်းနည်းတတ်လာရင်၊ စဉ်းစားတတ်လာရင် စွန့်စားမှုကလေးကို တွေဝေတတ်ပါတယ်။ အတွေ့အကြုံနဲ့ အသက်ကလေး နည်းနည်း ရလာရင် အတွယ်အတာလေးတွေ ဖက်လာတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ စိတ်ဓာတ်လေးတွေ လျော့နည်းလာတတ်ပါတယ်။ အသက်ရလာလေလေ၊ စွန့်စားစိတ် လျော့ပါးလာတတ်ပါတယ်။ ၄ဝ၊ ၅ဝ၊ ၆ဝ ပိုင်းခေါင်းဆောင်မှုနဲ့ ၇ဝ၊ ၈ဝ ခေါင်းဆောင်မှုဟာ မတူနိုင်တော့ပါ။
ကျနော်ဟာ လက်ရှိ CEC တွေကို အဓိပ္ပာယ်မဲ့ လက်လွတ်စပယ် မဝေဖန်လိုပါ။ ဒါပေမဲ့ ဒီမိုကရေစီကိုယုံရင် အမြင်ကို အမြင်အတိုင်း ဖော်ပြရဲတဲ့ သတ္တိရှိရပါမယ်။ ဒေါ်စုဟာ ဖန်ဆင်းရှင် တန်ခိုးရှင် မဟုတ်ပါ။ သတ္တိရှိတဲ့၊ စိတ်ဓာတ်ပြင်းတဲ့ ခေါင်းဆောင်တယောက်၊ လူသားတယောက်ပဲ ဖြစ်ပါတယ်။ ဒေါ်စု တယောက်ထဲရဲ့ အရည်အချင်းနဲ့၊ စွန့်စားမှုတခုထဲနဲ့ ဒီမိုကရေစီ မရနိုင်ပါ။ ဒေါ်စုကို ပံ့ပိုးဖို့ ကျစ်လစ်တောင့်တင်းတဲ့ အဖွဲ့အစည်း တိုက်ရည်ခိုက်ရည်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ လိုပါတယ်။ ဒေါ်စုရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်မယ့် အဖွဲ့အစည်းနဲ့ အဆင့်ဆင့် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ ဒီခေါင်းဆောင်တွေကတဆင့် ဒီအဖွဲ့အစည်းက လူထုကို လက်တွေ့ ဦးဆောင်ရမှာပါ။ ဒါကြောင့် အားမလို အားမရ ဖြစ်မိလို့ မိမိအမြင်ကို ရိုးသားစွာ တင်ပြရခြင်းပဲ ဖြစ်ပါတယ်။
ကျနော့် ဆန္ဒအတိုင်း တင်ပြရရင် CEC မှာ NLD ရဲ့ ခေါင်းဆောင်မှုကို ဦးဝင်းတင်ကို ပေးအပ်ပြီး (အသက်အရ) ၄ဝ တန်း၊ ၅ဝ တန်းတွေနဲ့ ဖြည့်စွက်သင့်တယ်။ အသက်အရွယ် ရလာပြီဖြစ်တဲ့ လူကြီးပိုင်းက တရုတ်ပြည်မှာလို CEC ကို ထိန်းကျောင်း (Guide) လုပ်ပေးမယ့် ပါတီလူကြီး (Party elders) တွေအဖြစ် ရပ်တည်သင့်တယ်။ လူကြီးတွေရဲ့ ပညာ (Wisdom) နဲ့ လူငယ်တွေရဲ့ တက်ကြွမှုကို ပေါင်းစပ်နိုင်ခဲ့ရရင် အင်အား ပိုဖြစ်လာနိုင်မယ်လို့ ထင်မိလို့ပါ။
တော်လှန်ရေးသမားနှင့် ပညာတတ် နိုင်ငံရေးသမား
လူ့သမိုင်းကို ပြန်ကြည့်ရင် ခိုင်မာအမြစ်တွယ်နေတဲ့ စနစ်တခုကနေ နောက်စနစ်တခုကို ပြောင်းတဲ့အခါ အကြမ်းဖက်မှုနဲ့မကင်းတဲ့ တော်လှန်ရေးနဲ့ ပြောင်းလေ့ရှိပါတယ်။ ဥပမာ - အောက်တိုဘာတော်လှန်ရေး၊ တရုတ်ပြည် တော်လှန်ရေးနှင့် အမေရိကန် တော်လှန်ရေးတို့ကို ကြည့်ပါ။ ဒါကြောင့် စနစ်တခု ပြောင်းဖို့ တိုက်ပွဲမှာ တော်လှန်ရေးသမားတွေ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကိုကြည့်ရင် ကိုအောင်ဆန်း အမှူးပြုတဲ့ လူငယ်ခေါင်းဆောင်တွေဟာ တော်လှန်ရေးသမားတွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လွတ်လပ်ရေး ရရှိရေးဟာ အဓိက။ မဖြစ် ဖြစ်တဲ့နည်းနဲ့ လွတ်လပ်ရေးကို အရယူမယ်။ ထောင်ကိုလည်း မကြောက်၊ ကိုလိုနီအင်္ဂလိပ်ကို လက်နက် ကိုင်တိုက်ရမှာကိုလည်း မကြောက်ပေ။ ဒီအတိုင်းပါပဲ တရုတ်ပြည် တော်လှန်ရေးမှာ မော်စီတုံးဟာ တော်လှန်ရေးသမားစစ်စစ် ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ပညာပိုတတ်တဲ့ နိုင်ငံရေးသမားတွေဟာ ပညာအရှိန်ကြောင့် ပိုမို တွေးခေါ်ပိုင်းခြားလာတတ်လို့ တော်လှန်ရေးသမားလောက် မပြတ်သား အနိုင်ယူလိုစိတ် မရှိကြတော့ပါ။ အထူးသဖြင့် ဟိုသီအိုရီ၊ ဒီသီအိုရီတွေကို ညွှန်းကာ တွေဝေတတ်လာပါတယ်။ တော်လှန်ရေးမှာ ရန်သူကို မချေမှုန်းလို့ မဖြစ်ရင် ချေမှုန်းရမယ်။ လိုအပ်ရင် ကိုယ့်လူကိုလည်း စွန့်စားခိုင်း ရမယ်။ စွန့်လွှတ်အဆုံးခံစရာရှိရင် စွန့်ရဲရပေမယ်။ တချို့ နိုင်ငံရေးသမားတွေဟာ ကိုယ့်ရဲ့ ယုံကြည်ချက် ကြောင့် ပြတ်သားရက်စက်ရမယ့် အမှုတွေကို ရှောင်ကြဉ်လိုတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေးသမားလား၊ ပညာတတ် နိုင်ငံရေးသမားလား?
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဘက် ခေါင်းဆောင်တွေဟာ တော်လှန်ရေးစိတ် အပြည့်ရှိတဲ့ ပညာတတ် နိုင်ငံရေးသမားတွေ ဖြစ်တယ်။ ဒီကနေ့ခေတ်စကားနဲ့ ပြောရရင် Hybrid နှစ်ဖက်စလုံးပါတဲ့ ခေါင်းဆောင်မျိုး ဖြစ်တယ်။ တော်လှန်ရေး ကာလမှာ တော်လှန်ရေးသမားဖြစ်လို့ တည်ဆောက်ရေးကာလမှာ ပညာတတ် နိုင်ငံရေးသမားတွေ ဖြစ်တယ်။
တော်လှန်ရေးသမား ကိုအောင်ဆန်း
၁၉၃၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုအပြီး ၁၃ဝဝ ပြည့် အရေးတော်ပုံအပြီးမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနေရာ ရလာကြတယ်။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေတို့က ဒို့ဗမာအစည်းအရုံးထဲ ရောက်သွားပြီး၊ သခင်မြလို လူကြီးတွေနဲ့ ပေါင်းမိကြတယ်။ တော်လှန်ရေးလုပ်ဖို့ ယူဂျီ (UG) - မြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့မိကြတော့ သခင်မြ၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊ ကိုဗဟိန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ) နဲ့ ကျောင်းသားသမဂ္ဂက ခေါင်းဆောင်တွေပေါ့။ ဒီအဖွဲ့ကပဲ ရဲဘော် ၃ ကျိပ်ကို လွှတ်ခဲ့ကြတာပါ။ ကိုအောင်ဆန်းမှာ ဝါဒစွဲ မရှိဘူး။ လွတ်လပ်ရေးရဖို့ပဲ အာရုံစိုက်ခဲ့တယ်။ အင်္ဂလိပ်ကို တော်လှန်ဖို့ လက်နက်ကိုင်ဖို့လည်း ဝန်မလေးဘူး။ နိုင်ငံရေးအခြေအနေအရ ဖက်ဆစ်ဂျပန်တွေဆီက အကူအညီ ယူခဲ့ကြရတယ်။ စိတ်ကူးယဉ်မဆန်ခဲ့။ လက်တွေ့ကျတယ်။
ပညာတတ်နိုင်ငံရေးသမား ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ဝင်တော့ အင်္ဂလိပ်နဲ့ စေ့စပ်ပြီး လွတ်လပ်ရေး ကြိုးပမ်းမယ်။ မရမှ ချမယ်ဆိုတဲ့ ဗျူဟာ Strategy ကို ဖဆပလ ဆူပရင်းကောင်စီ၊ အခုခေတ်တော့ စီအီးစီက ချမှတ်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတဲ့ ပေါ်လစီကို ချမှတ်ခဲ့ကြတယ်။ ဗိုလ်ချုပ်တို့ဟာ တဖက်က လွတ်လပ်ရေး ရရှိရေးအတွက် အင်္ဂလိပ်နဲ့ ဆွေးနွေးရသလို တဖက်က တိုင်းပြည် ထူထောင်ရေးအတွက် ပြင်ဆင်ခဲ့ကြရတယ်။ နောက်ဆုံး ထွက်(၂ဝဝ၉)တဲ့ တက္ကသိုလ်နေဝင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း၊ အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲမှတ်တမ်းတွေကို ဖတ်ကြည့်ပါ။
ဒီနေရာမှာ ဖြတ်ပြီး လူသိပ်မသိလိုက်တဲ့ ဖြစ်ရပ်လေးကို တင်ပြပါရစေ။ အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲ သွားကြတော့ ဗိုလ်ချုပ်က ဖဆပလဥက္ကဋ္ဌ၊ ဖဆပလရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်ငြိမ်းက ဗိုလ်ချုပ်ရဲ့ အတိုင်ပင် (Advisor) အနေနဲ့ ပါဝင်ခဲ့တယ်။ လွတ်လပ်ရေးရမှာ သေချာပြီ။ လွတ်လပ်ရေးရပြီးနောက် ဓနသဟာယ Common-Wealth အတွင်း နေလို၊ မနေလို စဉ်းစားကြရမယ်။ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ ရမယ့် ဝင်ငွေနဲ့ တိုင်းပြည်ထူထောင်ဖို့ 'လိုငွေ' မမျှတာကို ဗိုလ်ချုပ်တို့က သိတယ်။ ဒါ့ကြောင့် တော်လှန်ရေးသမား မျက်စိနဲ့ ကြည့်ရင် ကိုလိုနီအင်္ဂလိပ်ကို မုန်းပေမယ့် ပညာတတ်အနေနဲ့ကြည့်ရင် ဓနသဟာယအတွင်းနေပါက တိုင်းပြည်ထူထောင်ဖို့ အထောက်အပံ့ရမယ်ပေါ့။ ဒါကြောင့် ဗိုလ်ချုပ်နဲ့ ဦးကျော်ငြိမ်းတို့က ပညာတတ်မျက်စိနဲ့ကြည့်လို့ သဘောကျကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေက ဖဆပလက အင်္ဂလိပ်ကို ရောင်းစားတယ်လို့ ဗိုလ်ချုပ်နဲ့ ဖဆပလ ခေါင်းဆောင်တွေကို တိုက်ခိုက်လျက်ရှိတယ်။
ဒါကြောင့် ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဋ္ဌ သခင်မြက ကွန်မြူနစ်တို့ရဲ့ တိုက်ကွက်ထဲဝင်သွားမယ်ကို စိုးရိမ်တာကြောင့် အကြောက်အကန်ငြင်းတယ်။ ဗိုလ်ချုပ်နဲ့ ဦးကျော်ငြိမ်းတို့က သခင်မြကို လေးစားတာကြောင့် ဆက်မဆွေးနွေးကြတော့။ ရလဒ်က တိုင်းပြည်ထူထောင်ရေးမှာ ရနိုင်သလောက် အခွင့်အရေးကို မသုံးခဲ့ကြရ။ ဒါတောင် ကိုလံဘိုစီမံကိန်းနဲ့ ရသလောက် ပညာတော်သင်တွေ စေလွှတ်ခဲ့ရတယ်။ သင်ခန်းစာယူဖို့ပါ။
တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေးဖြစ်တော့ တိုင်းပြည်တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရှင်တွေကို ကာကွယ်ခဲ့သူမှာ ဝန်ကြီးချုပ် ချူအင်လိုင်းပဲ ဖြစ်တယ်။ ဒါကြောင့် ၄ ယောက်ဂိုဏ်းက ချူအင်လိုင်းကို မဲလို့ တိုက်ခိုက်ခဲ့ကြတယ် မဟုတ်ပါလား။
အောက်စ်ဖို့ဒ် (Oxford)၊ ဟားဗတ် (Harvard) တက္ကသိုလ်တို့ဟာ တိုင်းပြည်ထူထောင်ရာမှာ၊ တန်ဖိုးရှိတဲ့ ပညာတတ်တွေကို မွေးထုတ်ရာမှာ နာမည်ကျော်တယ်။ Idealism လို့ ခေါ်တဲ့ အတွေးအခေါ်ဆိုင်ရာ ယူဆချက်တွေနဲ့ မွေ့လျော်နေတတ်ကြတယ်။ နှစ်ပေါင်းမြောက်မြားစွာ ဒီမိုကရေစီထူထောင်ပြီးတဲ့ နိုင်ငံတွေဖြစ်လို့ တွေးချင်တိုင်း တွေးလို့ရတယ်။ ဒါပေမဲ့ အာဏာမက်မောလို့ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကျွန်လုပ်ဖို့၊ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ ဖက်ဆစ်စစ်ဗိုလ်ချုပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ လက်တဖက်ကို ချုပ်နှောင်လို့ လူမိုက်တို့ကို ရင်ဆိုင်ရသလို ရှိတာကြောင့် တဖန် ရှုံးပြီးသား ဖြစ်တယ်။
ဗိုလ်ချုပ်ရဲ့လမ်းစဉ်နဲ့ ဒေါ်စုရဲ့လမ်းစဉ် ဘာကွာသလဲ?
တကယ်တမ်း ဗိုလ်ချုပ်နဲ့ ဖဆပလတို့ ရွေးခဲ့တဲ့လမ်း (သို့) နည်းပရိယာယ်က အကြမ်းမဖက်တဲ့ဆွေးနွေးခြင်းဖြင့် အဖြေရှာခြင်းပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်တို့က ဝါဒ ကိုလည်း မကိုင်စွဲထားသလို အတွေးအခေါ် (Idealism) ကိုလည်း မတွယ်ဖက်ထားဘူး။ အစီအစဉ် A က အင်အား နဲ့ ဆွေးနွေးမယ်။ အစီအစဉ် B က မပေးမှ၊ မရမှ ချ မယ်။ ချ နိုင်အောင်လည်း ပြင်ဆင် ထားတယ်။ အားသာတာကတော့ စစ်ပြီးကာစမို့ 'လူ' နဲ့ 'လက်နက်' က ရှိနေပြီးသား။ ဒီဆွေးနွေးမှုနဲ့ အဖြေရှာရတာက အတွေးအခေါ် ယုံကြည်မှုကြောင့် မဟုတ်။ လက်တွေ့ဘဝကို နားလည်လို့ ဖြစ်တယ်။ မလိုဘပ်ဘဲနဲ့ အသက်တွေကို မစတေးလို။
ဒေါ်စုက ဆွေးနွေးမှုလမ်းကြောင်းကို ရွေးခဲ့ရာမှာ အတွေးအခေါ် (Idealism) ကို ယုံကြည်လို့ ဖြစ်တယ်။ Non Violence အယူဝါဒကို လက်ခံလို့ ဖြစ်တယ်။
ဗိုလ်ချုပ်ရဲ့ အား Strength မှာ 'ရ' ရမယ်ဆိုတဲ့ သံမဏိစိတ်ဓာတ် (Determination & Iron Will) ၊ ရိုးသား ပွင့်လင်းဖြောင့်မတ်မှု (Honesty) တို့ ဖြစ်လို့ ဒီစိတ်ဓာတ်ကြောင့် လူထု ရဲ့ ထောက်ခံမှုကို ရယူခဲ့တယ်။
ဒေါ်စုဟာလည်း ဖအေတူသမီး။ သတ္တိ၊ စိတ်ဓာတ်နှင့် ရိုးသားမှုကြောင့် မြန်မာ လူထု သာမက ကမ္ဘာကပါ လေးစားထောက်ခံခဲ့ကြတယ်။
ဗိုလ်ချုပ်ဟာ လူထု ရဲ့ ထောက်ခံမှုကို အင်အား အဖြစ် သုံးလျက် ဖဆပလ အဖွဲ့ကြီးကို အင်အား ဖြည့်ခဲ့တယ်။ လူထု အင်အား ကို ပြပြီး၊ ဖဆပလကို ဦးစီးပြီး တိုက်ပွဲဝင်ခဲ့တယ်။ ပထမအဆင့်မှာ ဘုရင်ခံက ဖဆပလကို နေရာမပေး။ သူ့လူတွေနဲ့ အစိုးရဖွဲ့ပြီး စက္ကူဖြူစာတမ်းကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဖဆပလက လူထုသပိတ်နဲ့ 'အား' ပြခဲ့တာကြောင့် ဘုရင်ခံပါ လစ်ပြေးခဲ့ရတယ်။
ဒေါ်စုလက်ထက်မှာ လူထု အင်အား ကို စုရုံးခွင့် ကောင်းစွာ မရခဲ့။ အားကိုးစရာ အဖွဲ့အစည်း (NLD) ကို ကောင်းစွာ ထူထောင်ခွင့် မရ။ ကမ္ဘာ့လူထုရဲ့ ထောက်ခံမှုနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို 'အား' ယူပြီး စစ်အစိုးရကို ဖိအားပေးခိုင်းရတော့တယ်။
စစ်အစိုးရက လိမ္မာပါးနပ်စွာ အာဆီယံ၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ကို 'အား' ယူပြီး အနောက်နိုင်ငံတို့ရဲ့ ဖိအားပေးမှုကို ပိတ်ဆို့ခဲ့တယ်။
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနဲ့ အချိန်များ ကုန်သွားတယ်။ နအဖ က 'အချိန်' ကို 'လက်နက်' အဖြစ် သုံးခဲ့တယ်။
ဒေါ်စုအလံ ထောင်ထားသူ၊ ကျန်ခဲ့သူ၊ နေရာယူထားသူတွေက အရည်အချင်း အပြည့်အဝနဲ့ ခေါင်းဆောင်မှု မပေးနိုင်လို့ လူအတော်များများလည်း ရေပေါ်ဆီ နိုင်ငံရေး (Elite Politics) ဘက် ရောက်ကုန်ကြတယ်။
ဒေါ်စုဟာ အိန္ဒိယက ဂန္ဓီ Ghandi ၊ တောင်အာဖရိက မန်ဒဲလား Mandela တို့လို လူတွေကို မျှော်လင့်ချက် Hope ပေးလို့ လှုံ့ဆော်မှု (Inspiration) ပေးနိုင်တဲ့ ခေါင်းဆောင်။
ဒေါ်စုကို ကြည်ညိုလေးစားလို့ ပါဝင်လာသူတွေကို ဆီးကြိုလို့ နေရာပေးပြီး အင်အားစုရမယ်က NLD နဲ့ NCGUB တို့ ဖြစ်သင့်တယ်။ ဒီအဖွဲ့အစည်း ခေါင်းဆောင်တွေက ထိပ်မှာ ပိတ်နေလို့၊ အဝင်မခံလို့ လူထု အင်အား မပေါ်ခဲ့၊ မဖော်နိုင်ခဲ့ကြ။
လူထု အင်အားဖော်ဖို့ အားလုံးပါဝင်နိုင်တဲ့ အောက်ခြေလူတန်းစား လှုပ်ရှားမှု Grass-Root Movement လိုအပ်ပါတယ်။
ဒါကြောင့် ပြည်တွင်းမှာ ဦးဝင်းတင်နဲ့ လူငယ်တွေ ဦးစီးကြပါ။ ပြည်ပမှာ Top Down အထက်အောက်ပုံစံကို အားမကိုးဘဲ Bottom Up အောက်ကနေ အထက်ပုံစံကို ဖော်ထုတ်ပြီး အလုပ်ပြနိုင်တဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ကြပါ။
သံတမန်ရေးရာဆိုတာ ကန့်သတ်မှု ရှိပါတယ်
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်တုန်းက တကြိမ်၊ နာဂစ်မှာ တကြိမ်၊ အခု ဒေါ်စုကို တရားစွဲဆိုရာမှာ တကြိမ်၊ ပြည်တွင်းမှာ လှုပ်ရှားမှုဖြစ်တိုင်း ပြည်ပမှာ ကုလမဂ္ဂ ဝင်ပါတော့လား၊ အမေရိကန် ဝင်ပါတော့လား စသည်ဖြင့် တောင်းဆိုမှုတွေ ကြီးထွားတတ်ပါတယ်။ မီဒီယာတွေမှာလည်း အသံတွေ ဆူညံတတ်တာကြောင့် သံတမန်အကြောင်းနဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေကို ဆွေးနွေးပါရစေ။ ဒီအပိုင်းက အထဲက ပရိသတ်ကို ပိုရည်စူးတာပါ။ အကြောင်းက ကျနော်နဲ့ မိသားစုချင်း ရင်းနှီးတဲ့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ မဆလအစိုးရက ပြန်ခေါ်လို့သာ ပြန်လာရလို့ ပါရဂူဘွဲ့မရခဲ့ပေမယ့် ပါရဂူအဆင့်ရှိတဲ့ ပညာတတ်တယောက်နဲ့ ပြန်လည်တွေ့ဆုံရတဲ့အခါမှာ ယူအန် (UN) က ဘာလုပ်နေလဲလို့ မေးတာ ကြုံဖူးလို့ပါ။
UN ဆိုတာက နိုင်ငံတိုင်းကို ပြဿနာပေါ်တိုင်း ဝင်မစွက်ဖက်နိုင်ပါဘူး။ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟာ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီက စေခိုင်းတဲ့အတိုင်း လုပ်ရတာပါ။ လုံခြုံရေးကောင်စီမှာ တချက်လွှတ်အာဏာ Veto Power ရှိတဲ့ နိုင်ငံ ၅ နိုင်ငံကို ကြီး ၅ ကြီးလို့ ခေါ်ပါတယ်။ ဒီနိုင်ငံ ၅ နိုင်ငံကပဲ လုံခြုံရေးကောင်စီမှာ အမြဲပါဝင်ပြီး ကျန်နိုင်ငံတွေက အလှည့်ကျသာ ပါဝင်ရပါတယ်။ ဒုတိယကမ္ဘာစစ်ကို နိုင်ခဲ့တဲ့ မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဆိုဗီယက်နဲ့ နောက်မှ တရုတ် ပါလာတာပါ။ ဒါကြောင့် ဒီဗီတိုအာဏာရှိတဲ့ နိုင်ငံတွေက သဘောမတူဘဲ ဘာမှ လုပ်လို့ မရပါ။
ကိုရီးယားစစ်မှာပဲ ဆိုဗီယက်ကိုယ်စားလှယ် ရေချိုးခန်းအသွားမှာ မဲခွဲခဲ့လို့ UN က ကိုရီးယားမှာ ဝင်ခွင့်ရခဲ့တာပါ။ (မှတ်ချက် - ထိုစဉ်က တရုတ် မပါသေးပါ။ ထိုင်ဝမ်ကို အသိအမှတ်ပြုကြပါသေးတယ်။) ယူဂိုဆလပ်နိုင်ငံ ကွဲထွက်သွားပြီး ဘော့စနီးယားစစ်ပွဲမှာ ဆိုဗီယက်ဗီတိုကို UN မှာ မကျော်နိုင်ခဲ့တဲ့အတွက် UN အပြင်ဘက်က နေတိုး NATO အနေနဲ့ အနောက်နိုင်ငံတွေက ဝင်စွက်ဖက်ခဲ့ကြရတာပါ။
ဒါကြောင့် UN မှာ ပြဿနာတခုကို တင်ချင်ရင် ကြီး ၅ ကြီးထဲက တနိုင်ငံက မကန့်ကွက်ဖို့ လိုပါတယ်။ ထို့ပြင် UN မှာ ကိုယ်ပိုင်စစ်တပ်မရှိပါ။ UN အဖွဲ့ဝင်တွေဆီက တပ်ကို တောင်းခံရပါတယ်။ ထို့အတွက် UN ပါဝင်ကိုင်တွယ်လာဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေအကြား နိုင်ငံရေးကို နားလည်ရပါမယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ အရှေ့နဲ့ အနောက်ဆိုပြီး ကွန်မြူနစ်စနစ် ကျင့်သုံးသော နိုင်ငံတွေနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေဆိုပြီး ကမ္ဘာကြီးဟာ ၂ ခြမ်းကွဲနေခဲ့ပါတယ်။ ဆိုဗီယက် ရုရှားပြိုကွဲပြီး ကမ္ဘာမှာ ကွန်မြူနစ်စနစ် ကျဆုံးသွားအပြီး တရုတ်ကလည်း တိန်ရှောင်ပိန်ရဲ့ ဈေးကွက်စီးပွားရေး အပြောင်းအလဲ ကြားကာလဖြစ်နေတော့ ကမ္ဘာ့အင်အားကြီး မဟာအင်အားကြီး ဆူပါ ပါဝါအဖြစ် အမေရိကန်ပဲ ကျန်ရစ်ခဲ့ပါတယ်။ ပထမ အီရတ်စစ်မှာ အမေရိကန်က Smart Bombs လို့ခေါ်သော အစွမ်းထက်တဲ့ ဗုံးတွေသုံးပြီး စစ်အင်အားပြခဲ့ရာ အမေရိကန်ရဲ့ အရှိန်ဟာ ကမ္ဘာမှာ ကြီးမားခဲ့ပါတယ်။
ဆိုဗီယက်တွေဟာ ယဲ့လ်ဆင် လက်ထက်မှာ ကွန်မြူနစ်စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးအပြောင်းမှာ GDP စုစုပေါင်း ထွက်ကုန်ဟာ ၄ဝ % မျှ ချွတ်ခြုံကျသွားပါတယ်။ အမေရိကန် စီးပွားရေးပညာရှင်တွေက တချီတည်း ပြောင်းရမယ်။ Shock Treatment ဆိုပြီး ဖိအားပေးလမ်းညွှန်ခဲ့ပါတယ်။ အရက်နဲ့ တွဲဖက်နေတတ်တဲ့ ယဲ့လ်ဆင်ကလည်း နိုင်ငံပိုင် လုပ်ငန်းကြီးများကို အလကားပေးသလောက်နီးနီး ရောင်းခဲ့ရာ တေဇတို့လို ခေတ်ပေါ်သူဋ္ဌေးကြီးတွေ ပေါ်လာပြီး စီးပွားရေး ဖရိုဖရဲ ဖြစ်ခဲ့ရပါတယ်။ အစိုးရမှာ ငွေမရှိတော့ ဆိုဗီယက်စစ်တပ်မှာလည်း ဖရိုဖရဲနဲ့ စစ်အင်အားကို လျော့ရတော့ စစ်တပ်လည်း တပ်ပျက်လုနီးပါး ချို့ယွင်းအားနည်းခဲ့ပါတယ်။
ဒီိလို ရုရှားနိုင်ငံ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေချိန်မှာ ကမ္ဘာမှာ အမေရိကန်နိုင်ငံ တနိုင်ငံပဲ ဆူပါပါဝါ နိုင်ငံအဖြစ် ကျန်ပါတော့တယ်။ ဆိုဗီယက်အင်ပါယာကြီး ပြိုကွဲချိန်မှာ အရှေ့ဥရောပ နိုင်ငံတွေကလည်း ခွဲထွက်ကာ လွတ်လပ်ရေး တောင်းဆိုခဲ့ကြပါတယ်။ ဒီလို ရုရှားနိုင်ငံဟာ ပြိုကွဲနိမ့်ကျချိန်မှာ အမေရိကန်ပေါ်လစီ ဖော်ထုတ်သူတချို့က အရင်က ပြိုင်ဘက်ကို အငြိုးနဲ့နှိမ်ခဲ့ကြတယ်။ အကြောင်းအကျိုး အားလုံးပေါင်းလိုက်တော့ မျိုးချစ်စိတ်ဓာတ် ပြင်းထန်တဲ့ ရုရှား မျိုးချစ် Nationalists တွေက အမေရိကန်အပေါ် စိတ်နာကြတယ်။
ဒါကို အသေးစိတ် စောင့်ကြည့်ပြီး သင်ခန်းစာ ယူနေတာကတော့ တရုတ်ကြီးပဲ။ ဒါကြောင့် တရုတ်ကြီးက တချီထဲနဲ့ မရမ်းဘူး။ ဖြေးဖြေးချင်းလှမ်းပြီး ဈေးကွက်စနစ်ကို ပြောင်းတယ်။ တိန်လျှောက်ဖိန် မှာခဲ့တဲ့ စကားမှာ ကျောက်ခဲတွေကို သေချာနင်းပြီး ချောင်းကိုဖြတ်ပါ လို့ ဥပမာပေးပါတယ်။ crossing the river by feeling the stones.
ယဲ့လ်ဆင်ရဲ့ သတ္တမ သတ်တမ်းအပြီးမှာ မထင်မှတ်ဘဲ နိုင်ငံရေး အသက်နုသေးတဲ့ အရင်က KGB ထောက်လှမ်းရေး အရာရှိ ပူတင် က သမ္မတဖြစ်လာတယ်။ ပူတင်က မျိုးချစ်၊ ဒိအပြင် လူငယ်ပီပီ ကြမ်းတယ်၊ သွက်တယ်၊ လက်မြန်တယ်။ ဒါကြောင့် ပူတင်က အချောင်ရထားတဲ့ သူဋ္ဌေးတွေရဲ့ ကုမ္ပဏီအချို့ကို ပြန်သိမ်းပြီး ဖရိုဖရဲ ဖြစ်နေတဲ့ စီးပွားရေးကို ပြန်ကိုင်ခဲ့တယ်။ အထူးသဖြင့် ပူတင်ကို ယှဉ်ရဲသူတွေကို ကုမ္ပဏီလည်း သိမ်း၊ ထောင်ပါချပစ်လိုက်တယ်။ အနောက်နိုင်ငံတွေက ဝေဖန်သူတွေကတော့ အာဏာရှင်ဆန်တယ်လို့ ဝေဖန်ကြတာပေါ့။ ပူတင် လက်ထက်မှာ ရုရှားတွေရဲ့ စီးပွားရေးဟာ ပြန်ပြီး ဦးထောင်လာတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ ကမ္ဘာ့ရေနံဈေးတွေ ခေါင်ခိုက်အောင် တက်နေတော့ ရုရှားရဲ့ စီးပွားရေး အရှိန်ဟာတက်လာတယ်။ ရေနံနိုင်ငံတွေ စုစည်းထားတဲ့ OPEC အဖွဲ့အပြင်မှာ ဆော်ဒီပြီးရင် ရုရှားက ရေနံအထွက်ဆုံးပဲ။ ထို့ပြင် သဘာဝဓာတ်ငွေ့ Natural Gas မှာ ရုရှားက နံပါတ် ၁ ပဲ။ (မှတ်ချက် မြန်မာနိုင်ငံက နံပါတ် ၁၁ မှာ ရှိပါတယ်)။ အနောက်ဥရောပက ၂၅ ရာခိုင်နှုန်းအထက် သဘာဝဓါတ်ငွေ့ကို ရုရှားက ဝယ်ယူရပါတယ်။ ရုရှားတွေအပေါ်စွမ်းအင်အတွက်မှီခိုလာရတယ်။
ရုရှားတွေ ကွန်မြူနစ် စံနစ်ကအပြောင်း ယဲ့လ်ဆင်ရဲ့ ဖရိုဖရဲ ကာလမှာ အမေရိကန်တွေ လူပါးဝ ထားတာကို ရုရှားမျိုးချစ်တွေက မမေ့ဘူး။ ဒိအပြင်မှာ နေတိုး NATO က ဝါဆောစာချုပ် Warsaw Pact ပျက်သွားတာတောင်၊ ရန်သူမရှိတော့တာတောင်၊ ထပ်မံတိုးချဲ့လာနေတယ်။
သမ္မတ ကလင်တန်လက်ထက်မှာ ဘော့စနီးယားနဲ့ ဆာဗီးယားကို ဝင်စွက်ထားတာကိုလည်း ရုရှားက ကြည့်မရဘူး။ ဆာ့ဖ်လူမျိုးတွေက Serbs တွေက ရုရှားနဲ့ လူမျိုးတူတွေကိုး။ အခုလဲ အမေရိကန်က ဒုံးပျံကို ကာကွယ်ဖို့ ဒုံးပျံ Anti Ballistic Missiles တွေကို ပိုလန်နဲ့ ချက်စ်မှာ တပ်ဆင်ဖို့ အစီအစဉ်အတွက် ငြင်းခုံနေကြတယ်။ အခုလက်ရှိ ရုရှားသမ္မတဟာ ပူတင်ရဲ့ လူစာရင်း။ ဥပဒေအရ ပူတင်က ဆက်အရွေးမခံနိုင်လို့ ဝန်ကြီးချုပ် ဆင်းလုပ်ပြီး ဥပဒေပြင်ဆင်ပြီး သမ္မတ တခါထပ်ပြန် အရွေးခံမယ်လို့ အတွင်းသိတွေက ယူဆကြတယ်။ လက်ရှိရုရှားမှာ ပူတင်ကို လူကြိုက်များတယ်။
တရုတ်ကြီးက သိပ်လည်တယ်။ အမေရိကန်ကို ရန်မရှာသေးဘူး။ အနှစ် ၃ဝ ကျော်ကျော် အမေရိကန်နဲ့ တည့်အောင်ပေါင်းပြီး အမေရိကားကို တရုတ်လုပ် ပေါချောင်ကောင်းပစ္စည်းတွေ တွင်တွင်တင်ပို့ပြီး အမေရိကန်အလုပ်ရုံ စက်ရုံတွေ ပိတ်ပြီး တရုတ်ပြည်ကြီးမှာ စက်ရုံအလုပ်ရုံတွေ ပေါ်လာတော့ တရုတ်တွေ အလုပ်ရ ငွေပေါလာတာပေါ့။ အမေရိကန်တွေက ငွေနောက်လိုက်ပြီး စွတ်ဝယ်၊ တရုတ်ကလည်း နင်းကန်ပို့ ဆိုတော့ တရုတ်မှာ နိုင်ငံခြားငွေတွေ မတရား ပိုနေတာပေါ့။ အမေရိကန်အစိုးရက လိုငွေ (Deficit) အတွက် ချေးဖို့ ထုတ်ရောင်းရတဲ့ TBill လို့ခေါ်တဲ့ Treasury Bills တွေကို တရုတ်က ဝယ်တော့ အတိုးလည်းရပြီး၊ အမေရိကန်ရဲ့ အကြွေးရှင် မြီရှင်နိုင်ငံ ဖြစ်လာတယ်။ အမေရိကန်က တရုတ်အပေါ် TBill ဒေါ်လာ ၇၆၃.၅ ဘီလျီယံ ( ၁ ဘီလီယံ= ၁ဝဝဝ သန်း) ဖိုး အကြွေးတင်လျက်ရှိတယ်။ အမေရိကန် စီပွားရေးဝန်ကြီးက ပီကင်းမှာ အမေရိကန် TBills တွေကို တရုတ်ကဆက်ဝယ်ဖို့ မျက်နှာချိုသွေးနေရတယ်။
နိုင်ငံတနိုင်ငံဟာ ငွေရှိမှ စစ်တပ်ကို ထူထောင်နိုင်တယ်။ ငွေက ဝင်ငွေကောင်းမှ၊ စီးပွားရေးကောင်းမှ ငွေ ရှိမှာကိုး။ တရုတ်စစ်တပ်ဟာ လူဦးရေ အများဆုံး စစ်တပ်ဖြစ်ပေမဲ့ စစ်ပစ္စည်းမှာ ခေတ်မမီလှသေးဘူး။ ပြည်တွင်းစစ်မှာကတည်းက တရုတ်စစ်တပ်ကို ကွန်မြူနစ် ပါတီက အုပ်စိုးထားတယ်။ တရုတ် ဒုစစ်သေနာပတိက Peng Dehuai က စစ်သားပီသတဲ့ စစ်တပ် Professional Army ဖြစ်စေချင်တာကြောင့် မော်နဲ့ ထိပ်တိုက်တွေ့တာကြောင့် အဖြုတ်ခံရပြီး ယဉ်ကျေးမှု တော်လှန်ရေးတုန်းက ဦးထုပ်ကြီးတွေဆောင်းပြီး လူထုအရှေ့မှာ အနှိပ်စက်ခံရတယ်။ အခုမှ တရုတ်က ငွေရှိလာမှ Professional Army ကို ထူထောင်လာကြတာပါ။
အထူးသဖြင့် တရုတ်ရေတပ်ဟာ အရင်က ကမ်းခြေစောင့်ရေတပ် အသွင်ပဲ ရှိတယ်။ အခုမှ ပင်လယ်ပြာရေတပ် Blue Water Navy ကမ္ဘာကို ဖြန့်နိုင်တဲ့ ရေတပ်အဖြစ် အသွင်ကူးပြောင်းလျက်ရှိတယ်။ တရုတ်က ဂြိုဟ်တု Satellite ကို မြေပြင်က ပစ်ချပြနိုင်ခဲ့သလို အခုလေယာဉ်တင် သဘောင်္ Air Craft Carrier ဆောက်နေပြီ။ အမေရိကန်ရဲ့ စစ်သုံးစရိတ်ဟာ ဘီလျံ ၅ဝဝ ကျော်ရှိပြီး ဥရောပနိုင်ငံနဲ့ နိုင်ငံကြီးတွေ အားလုံးပေါင်းရဲ့ စစ်စရိတ်ထက် များတယ်။ အခု ဒုတိယ တရုတ်က ဘီလျံ ၈ဝ ကျော်တယ်။ ဒါပေမဲ့ ဒီမှာ အာကာသ Space နဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်တွေ မပါသေးဘူး။ တရုတ်က စစ်အသုံးစရိတ် များလာတာ ထင်ရှားတယ်။
အမေရိကန်က အီရတ်ကို ဝင်အသိမ်းပြီးမှာ အမေရိကန်ရဲ့ စစ်အင်အား တိုးချဲ့မှုကို ရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ပေါင်းပြီး ရှန်ဟိုင်းအတူ ပူးပေါင်းရေးအဖွဲ့ Shanghai Cooperation Organization SCO ကို အားဖြည့်ခဲ့ကြတယ်။ ၆ နိုင်ငံ ပါဝင်တဲ့ SCO ဆိုတာက တရုတ်၊ ရုရှားနဲ့ အရင် ဆိုဗီယက်အင်ပါယာဝင် နိုင်ငံအချို့ကို စွဲခေါ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့ပါ။
လွန်ခဲ့တဲ့ လကမှ (မေလ ၂ဝဝ၉) သီရိလင်္ကာမှာ အစိုးရက Tiger တွေလို့ နာမည်ကြီးတဲ့ တမီလ်ကျားသူပုန်တွေကို အနိုင်ရပြီး အနှစ် ၂ဝ ကျော် ကြာခဲ့တဲ့ သူပုန်ထမှုကို အောင်နိုင်ခဲ့တယ်။ ဒီ ကျားသူပုန် ခေါင်းဆောင်ဟာ အင်မတန် ရက်စက်တယ်။ ကျားသူပုန် ခေါင်းဆောင်တွေကို အစိုးရတပ်တွေ ဝိုင်းထားတုန်း အစိုးရတပ်တွေ ဗုံးကြဲတာကြောင့် အရပ်သားတွေ သေရပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီး ဒီမိုကရေစီ ကျင့်သုံးတဲ့ အနောက်နိုင်ငံတွေက သီရိလင်္ကာနိုင်ငံကို ဖိအားပေးလာတယ်။ ချက်ချင်း တရုတ်နဲ့ ရုရှားက သီရိလင်္ကာအစိုးရကို ရှန်ဟိုင်းအုပ်စု အစည်းအဝေးကို ဆွေးနွေးဘက် Dialogue-Partner အနေနဲ့ တက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ တရုတ်ကော ရုရှားကပါ ချီးကျူးသဝဏ်လွှာတွေ ပေးပို့ခဲ့တယ်။
ဒုတိယ အီရတ်စစ်ပွဲ မတိုင်ခင်မှာ အမေရိကန် နိုင်ငံဟာ တဦးတည်းသော ဆူပါပါဝါအပြင် စစ်အင်အား အကြီးဆုံးနိုင်ငံ ဖြစ်တာကြောင့် ဆူပါပါဝါထက်လွန်တဲ့ ဟိုင်ပါပါဝါ Hyper power ဆိုပြီး တံခွန်လွင့် နိုင်ခဲ့တာပေါ့။ နိုင်ငံရေးမကျွမ်းတဲ့ သမ္မတ ဘုရှ် Bush က အီရတ်ကို ဝင်သိမ်းပြီး လွယ်လွယ်နဲ့ ပြီးမယ်ထင်ခဲ့တာ အီရတ်တွေက ကိုယ့်နိုင်ငံကို ကျူးကျော်လာတာကို မခံနိုင်ဘဲ တော်လှန်တော့ အမေရိကန်စစ်တပ်က မပြင်ထားတဲ့ စစ်ပွဲကို ဆင်နွဲရတော့ သေကြပျက်စီးမှုတွေ များကုန်ပြီး ရပ်လို့မရ ဖြစ်ရော။ စစ်ရေးအရ Hyper Power အဆင့်က ပြုတ်ကျတာပေါ့။ 2007 ခုနှစ် စီးပွားရေးအကျပ်အတည်း Economic Crisis လည်းဖြစ်ရော အမေရိကန်ရဲ့ အရှိန်နဲ့ သိက္ခာဟာ ထပ်ပြုတ်ကျတာပေါ့။
ရေနံနှင့် နိုင်ငံရေး
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အမေရိကန် သမ္မတ ရူဗ်စဗဲ့လ် Roosevelt နဲ့ ဆော်ဒီဘုရင် ဆော့ဒ် Saud တို့ တွေ့ပြီး ဆော်ဒီတွေက ရေနံပေးမယ်၊ အမေရိကန်က လုံခြုံရေးပေးဖို့ ကတိပြုခဲ့တယ်။ ဒါကြောင့် ရေနံကို အမေရိကန် ဒေါ်လာနဲ့ အရောင်းအဝယ် ဒီနေ့အထိ လုပ်ကြရပြီး အနှစ် ၄ဝ ကျော်ကျော် ဆော်ဒီက ရေနံဈေးကို ထိန်းခဲ့တယ်။ အမေရိကန်ကလည်း စည်းမရှိ၊ ကမ်းမရှိ ရေနံဈေး ပေါပေါနဲ့ ရလို့၊ တရဟော ပစ်ဝယ်ခဲ့တယ်။ လက်ရှိခေတ်ဟာ ရေနံခေတ်လို့ ဆိုရမယ်။ ရေနံကို အဓိက သုံးတာ ၃ မျိုး ရှိတယ်။ လျှပ်စစ်ဓာတ်ထုတ်တဲ့ စက်ရုံတွေလည်ဖို့ရယ်၊ ပို့ဆောင်ဆက်သွယ်ရေးယာဉ် ကား၊ လေယာဉ်၊ သဘောင်္ စတာတွေ မောင်းဖို့ရယ်၊ Industrial By Product လို့ခေါ်တဲ့ စက်မှုပစ္စည်း ထုတ်လုပ်ရာမှာ သုံးတယ်။ ကုန်ထုတ်လုပ်မှုများတာနဲ့ စက်ရုံတွေလည်ဖို့ လျှပ်စစ်လိုတယ်။ ၂၁ ရာစုအဝင်မှာ အနှစ် ၂ဝ ကြီးထွားလာတဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ စက်ရုံတွေလည်ဖို့ ရေနံတွေ ပိုလိုအပ်လာတယ်။ ရေနံဆိုတာ အခုလိုမှ အခုသွားတူးလို့ မရပါ။ ရေနံတွင်း တတွင်းပေါ်ဖို့ အနည်းဆုံး ၅ နှစ်ကြာပြီး အရင်းအနှီး များပါတယ်။ ဒါကြောင့် ရေနံဟာ Finite Number လို့ခေါ်တဲ့ တနေ့တာ ထွက်တဲ့ (အတိအကျ) အရည်အတွက် ရေနံစည် (Barrel) ပဲ ရှိပါတယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ လိုအပ်ချက် (Demand) က များလာသလို အမေရိကန်က သုံးစွဲမှု Consumption ကို မလျှော့တော့ ကမ္ဘာ့ဈေးကွက်မှာ ရေနံဟာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းချက် (Supply and Demand) မမျှတာကြောင့် ဈေးအဆမတန် တက်လာပါတယ်။
ကမ္ဘာပေါ်မှာ ဆော်ဒီက ရေနံအများဆုံးရှိလို့ ထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံက ရေနံဈေးကွက်ကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒါကြောင့် တရုတ်က ရေနံရှိတဲ့ နိုင်ငံတွေကို လိုက်ပေါင်း - လိုက်စုရတာပေါ့။
ရေနံကို မီးရှို့ရင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထွက်တယ်။ ဒါက လေထုကို ညစ်ညမ်းစေတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်ထုတ်တဲ့ စက်ရုံတွေကို သဘာဝဓာတ်ငွေ့ Natural Gas သုံးတဲ့ စက်ရုံတွေအဖြစ် တဖြည်းဖြည်း ပြောင်းလျက်ရှိပါတယ်။ ဒါကြောင့် ရေနံခေတ်ကမှ သဘာဝဓတ်ငွေ့ခေတ်ဆီ တဖြည်းဖြည်း ပြောင်းနေကြတယ်။ ကမ္ဘာမှာ သဘာဝဓာတ်ငွေ့ ရှိနိုင်တဲ့ နိုင်ငံတွေအထဲမှာ ရုရှားက ပထမ၊ အီရန်က ဒုတိယ၊ မြန်မာက အဆင့် ၁၁ ရှိပါတယ်။ သဘာဝဓတ်ငွေ့တွေကို ပိုက်လိုင်းနဲ့သယ် - ဒါမှမဟုတ် LNG (Liquefied Natural Gas) လို့ခေါ်တဲ့ သဘာဝဓတ်ငွေ့ကို အားပေးပြီး အရည်အဖြစ် ပြောင်းပြီးမှ ရေနံတင် သဘောင်္တွေလို သဘာဝ ဓာတ်ငွေ့တင် သင်္ဘောကြီးတွေနဲ့ သယ်ယူ ရွှေ့ပြောင်းနိုင်တယ်။ ဒါကြောင့် တရုတ်က ရုရှား-အီရန်-ကာဇတ်စတန် ပိုက်လိုင်း ၃ လိုင်းသွယ်တဲ့ အစီအစဉ်လုပ်ခဲ့တယ်။
သဘာဝဓာတ်ငွေ့နှင့် မြန်မာ
တရုတ်ပြည်ကြီးနဲ့ တိုးတက်ရေး စီမံကိန်းမှာ ပထမ အရှေ့ခြမ်း၊ အလယ်ခြမ်းနောက်မှ အနောက်ခြမ်းကို တိုးတက်အောင် လုပ်ဖို့စီမံကိန်း ရှိတယ်။ တရုတ်ပြည် အရှေ့ခြမ်းမှာရှိတဲ့ ရှန်ဟိုင်းတို့၊ ဘေဂျင်း (Beijing) တို့ဟာ ကမ္ဘာ့အဆင့်မီ မြို့ကြီးတွေ ဖြစ်ကုန်ပြီ။ စက်ရုံတွေဟာလည်း တရုတ်ပြည် အရှေ့ခြမ်းမှာရှိတာကြောင့် ရေနံတင် သဘောင်္တွေဟာ တရုတ်အရှေ့ကမ်းမှာ စိုက်ကြရတယ်။ တရုတ်ပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းကို တရုတ်ပြည်အရှေ့ခြမ်းက ပို့ရင် မိုင် ၃ဝဝဝ ကျော် ဝေးတယ်။ ဒါကြောင့် တရုတ်က ရေနံကို မြန်မာနိုင်ငံ ရခိုင်ပြည်နဲ့ မော်လမြိုင်ဘက်ကနေ ပိုက်နဲ့ ယူနန် ပြည်နယ်ကို ပို့ပြီး၊ အဲဒီကနေတဆင့် အလယ်ပိုင်းကို ပို့ဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်မှာ ရေနက်ဆိပ်ကမ်းကို တရုတ်က တည်ဆောက်ပေးနေတာပေါ့။ နအဖ က ရတဲ့ သဘာဝဓာတ်ငွေ့က တရုတ်အတွက် မပြောပလောက်ဘူး။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရေနံတွေ အားလုံးဟာ တရုတ်ပြည် အရှေ့ခြမ်းကို ရောက်ဖို့ မာလက္ကာရေလက်ကြား Strait of Malacca ကျဉ်းကျဉ်းလေးကို ဖြတ်ရတယ်။ တကယ်လို့ တရုတ်နဲ့ အမေရိကန် စစ်ရေးအရ ရင်ဆိုင်ခဲ့ရင် အမေရိကန်ရဲ့ ရေတပ်မတော် ၇ ဟာ မာလက္ကာရေလက်ကြားကို ပိတ်ခဲ့ရင် တရုတ်မှာ ပြဿနာရှိတယ်။ ဒါကြောင့် တရုတ်က ရေနံတွေကို မြန်မာနိုင်ငံကတဆင့် ယူနန်ကို တင်ရင် မာလက္ကာကို ဖြတ်စရာမလိုတော့ဘူးပေါ့။ ဒါကြောင့် စစ်ရေးအရ မြန်မာနိုင်ငံဟာ တရုတ်အတွက် အခရာကျတယ်လို့ ဆိုနိုင်တယ်။
တရုတ်ပြည်ကြီးဟာ အလယ်ပိုင်း တိုးတက်ရေးအတွက် ရေကာတာတွေဆောက်၊ လမ်းတွေဖောက်နဲ့ စီးပွားရေး စီမံကိန်းတွေ လုပ်လျက်ရှိတယ်။ တရုတ်မှာ (Internal-Migration) လို့ခေါ်တဲ့ ပြည်တွင်းရွှေ့ပြောင်းမှု ရှိတယ်။ အလုပ်ရှားတဲ့ အလယ်ပိုင်း၊ အနောက်ပိုင်းက လူတွေက တရုတ်ပြည် အရှေ့ပိုင်းကို ပြောင်းကြတော့ မြို့တွေမှာ ပြည့်ကျပ်ပြီး လူမှုရေးပြဿနာတွေ တက်လာတာပေါ့။ ဒါကိုဖြေရှင်းဖို့ အလယ်ပိုင်းကို ဖိပြီးထူထောင်နေရတာ အလယ်ပိုင်း တိုးတက်လာရင် လိုအပ်မယ့် ရေနံကို မြန်မာနိုင်ငံကတဆင့် တင်ပို့ရမှာပေါ့။ တခါ ထုတ်ကုန်တွေကို ဧရာဝတီမြစ်က သယ်ချပြီး မြန်မာဆိပ်ကမ်းတွေက တင်ပို့ရင် တရုတ်ပြည် အရှေ့ခြမ်းကို တင်ပို့ရတာထက် သက်သာနိုင်တာကိုး။
ဒါကြောင့် သဘာဝ အနေအထားအရ မြန်မာပြည်ဟာ တရုတ်ပြည်ကြီး ခေတ်မီတိုးတက်မှုမှာ အတိုင်းအတာ တခုအထိ အရေးပါနေရတာပေါ့။ ဒီပြင် အရှေ့တောင် အာရှနိုင်ငံတွေက တိုးတက်လာလေ၊ တရုတ်အတွက် ဈေးကွက် တိုးချဲ့ဖို့ မြန်မာနိုင်ငံဟာ နေရာကောင်းလာဖြစ်တာပေါ့။ ထိုင်းနိုင်ငံထဲကို တာချီလိတ် မယ်ဆိုင်ကတဆင့် တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လာတာကို ကြည့်ပါ။
ဒါကိုသိတဲ့ နအဖအစိုးရက တရုတ်ဖဲကို ဆွဲကိုင်နိုင်တာပေါ့။
အကိုင်မတတ်ရင် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စီးပွားရေးကျွန် ဖြစ်သွားနိုင်တယ်။ မျိုးချစ် Nationalist တယောက်အနေနဲ့ ရတက်မအေးစရာပါ။
စွမ်းအင်လုံခြုံရေး (Energy Security)
အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့လို့ ၂ နိုင်ငံစလုံး မွဲတေခဲ့ရတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာမှ တိုးတက်လာကြတယ်။ ကျန်တဲ့နိုင်ငံတွေလည်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာတော့ တိုးတက်လာတာနဲ့အမျှ စွမ်းအင်ထုတ်ဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ လိုလာတယ်။ လိုအားနဲ့ ထုတ်နိုင်အား မမျှတတာကြောင့် ၂၁ ရာစုအစမှာ စွမ်းအင်လုံခြုံရေး Energy Security ဆိုတာကို စသုံးလာကြတယ်။ အီရန်က အနုမြူလက်နက်ရအောင် ကြိုးပမ်းနေတာကြောင့် အမေရိကန်ကွန်ကရက်က အီရန်ကိုကူရင် စီးပွားရေး ဖြတ်တောက်မှုပြု Economic Sanctions လုပ်မယ်ဆိုပြီး ဥပဒေ ထုတ်ခဲ့တယ်။ ၂ဝဝ၈ ခုနှစ်က တရုတ်က သဘာဝ ဓတ်ငွေ့ လိုတာကြောင့် အီရန် သဘာဝဓာတ်ငွေ့ ပရောဂျက်ကို ငွေအား၊ လူအား ကူညီခဲ့တယ်။ အမေရိကန်က ဒီနေ့အထိ တရုတ်ကို အပြစ်မပေးရဲဘူး။ ထိုနည်းတူ အမေရိကန်နဲ့ ပြင်သစ် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပါဝင်တာကို မပိတ်ပင်နိုင်ဘူး။ ဒါဟာ လက်တွေ့ စွမ်းအင်လုံခြုံရေး ပြဿနာပဲ။ နအဖ အစိုးရကို ကျန်တာတွေ ပိတ်ပင်ပေမယ့် စွမ်းအင်နဲ့ ပတ်သက်ရင် နှာစေး၊ ချောင်းဆိုး ဖြစ်ကုန်ရော။ နအဖကို ကူညီနေတဲ့ ကုမ္ပဏီတွေကိုကြည့်ရင် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ကိုရီးယား၊ ဂျပန်နဲ့ အနောက်နိုင်ငံက ကုမ္ပဏီ အကုန်ပါကြတာပဲ။
နိုင်ငံခြားရေးပေါ်လစီမှာ နိုင်ငံအကျိုးက အဓိကပဲ
နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒပေါ်လစီကို ချမှတ်ကျင့်သုံးရာမှာ သူတို့နိုင်ငံ အကျိုးကိုပဲ အဓိက ထားရပါတယ်။ ဒါကြောင့် ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး။ အကျိုးတူပဲရှိတယ်လို့ ဆိုကြတာ မဟုတ်လား?
ဒီသဘောတရားကို ကောင်းကောင်းနားလည်တာက နအဖ ဗိုလ်ချုပ်တွေပဲ၊ ရာဇပုလ္လင်ကို သေနတ်အားကိုးနဲ့ အတင်း တက်တိုင်ထားကြတော့ ရာဇပရိယာယ်အကြောင်း နားလည်ရမှာပေါ့ --- အာဏာအကြောင်း ကောင်းကောင်း နားလည်တာကိုး။
နားမလည်တာက ကျနော်တို့ အတိုက်အခံတွေဘဲ
ရှင်းတာက အနောက် ဥရောပနိုင်ငံတွေအတွက် အမေရိကန်နိုင်ငံအတွက်ပါ မြန်မာနိုင်ငံအရေးဟာ အဲဒီနိုင်ငံတွေရဲ့ အကျိုးအတွက် ဘာမှ ထိရောက်မှုမရှိဘူး။ အနောက်နိုင်ငံတွေ မြန်မာ့အရေးကို စိတ်ဝင်စားတယ်ဆိုတာ ဒေါ်စုကြောင့် သက်သက်ပဲ။ ဒေါ်စုရဲ့ သတ္တိနဲ့ ဒေါ်စုရဲ့ ပြင်းထန်တဲ့ ယုံကြည်မှုကို လေးစားသောအားဖြင့် လူ့အခွင့်အရေး ရရှိရေးအရ မှန်ကန်မှုဘက်က လိုက်လို့ Morality နဲ့ Human Rights အတွက် သက်သက် ကူညီအားပေးတာပဲ ရှိတယ်။
ဒါကြောင့် အနောက်နိုင်ငံတွေက ဖိအားပေးတယ်ဆိုရာမှာ အတိုင်းအတာ Limited ရှိတယ်။ သံတမန်နည်းနဲ့ ကန့်ကွက်တယ်။ ဖိအားပေးတယ်။ မရရင် တိုင်းပြည်အလိုက် စီးပွားရေးပိတ်ဆို့မှု လုပ်တယ်။ မရရင် အားလုံးပါအောင် ကုလသမဂ္ဂမှာတင်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုလုပ်မယ်။ နောက်ဆုံးမရမှ စစ်အင်အားနဲ့ ဝင်တိုက်မယ်ပေါ့။ ဒါက အီရတ်ကိစ္စမှာ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက လုပ်ခဲ့တယ်။ အဆင့်ဆင့် ဖိအားပေးပြီးနောက်ဆုံး အမေရိကန်က ဝင်တိုက်ပြီး ဆက်ဒန်ကို ဖြုတ်ချခဲ့တာပဲ။
အီရတ်က ဆော်ဒီပြီးရင် ဒုတိယရေနံ အထွက်ဆုံးနိုင်ငံ အီရတ်။ အီရတ် က ကူဝိတ်ကိုသိမ်း အပြီး ဆော်ဒီကို ပါသိမ်း ပိုက်နိုင်တဲ့ရန်ရှိတာကြောင့်ပထမ အီရက်စစ်ပွဲဖြစ်ခဲ့ရတယ်။ အီရတ်မှာ ရေနံရှိတယ်။ ဒါကြောင့် အမေရိကန် အကျိုးအတွက် ဝင်တိုက်ရတာ။ မြန်မာနိုင်ငံက အမေရိကန်အတွက် ဘာမှ အကျိုးမရှိပါ။
ဆူဒန်နိုင်ငံ ဒါဖါ (Darfur) မှာ ဆူဒန်အစိုးရဟာ မြန်မာ နအဖတွေထက် ရက်စက်တယ်။ ခရစ်ယာန်တွေကို နှိပ်စက်ရုံမက ကျွန်အဖြစ် ရောင်းစားခဲ့သေးတယ်။ ဒါကြောင့် ခရစ်ယာန် အသင်းပေါင်းစုံနဲ့ ဟောလိဝုဒ်နာမည်ကျော် မင်းသမီးတွေ ဝိုင်းအော်တာတောင် အမေရိကန်က စစ်သားတယောက်မှ မကူဘူး။ ထိုနည်း၎င်းပဲ မြန်မာ့နိုင်ငံအရေးမှာ စစ်ရေးအတွက် မစွက်ဖက်နိုင်ဘူး။ ကုလသမဂ္ဂ - UN မှာတောင် မြန်မာ့နိုင်ငံရေးကို စီးပွားရေး (Sanction) ဆန်ရှင်လုပ်ဖို့ မလွယ်ဘူး။ နအဖက ဗီတိုအာဏာရှင် တရုတ်အပြင် အရံအဖြစ် ရုရှားကို ကိုင်တားတယ်။
အရှေ့မှာ ဖော်ပြထားသလို မြန်မာနိုင်ငံဟာ သဘာဝ အနေအထားအရ တရုတ်အတွက် အရေးပါတယ်။ တရုတ်အကျိုးကို ဆောင်နိုင်တယ်။ ဒီအတွက် နအဖက တရုတ်ကို ပေါင်း၊ တရုတ်ဖဲကို ကိုင်ပြီး အိန္ဒိယကို တခါကိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ရောင်းပြီး အာဆီယံနိုင်ငံအဖွဲ့ ASEAN ကို ကိုင်ခဲ့ပြန်တယ်။ ဒီ တရုတ်၊ အိန္ဒိယ၊ အာဆီယံ သုံးပွင့်ဆိုင်ကို ထောင်ယူပြီး အနောက်နိုင်ငံတွေရဲ့ သံတမန် ဖိအားနဲ့ စီးပွားရေး ပိတ်ဆို့မှု လုပ်တယ်။ အခု တရုတ်ကို အားကိုးရတာများတော့ ရုရှားဆီကနေ စစ်လက်နက်ပစ္စည်းတွေနဲ့ အနုမြူနည်းပညာဝယ်ပြီး တရုတ်ကို Balance လုပ်ဖို့နဲ့ UN က အပို ဗီတိုရအောင် ရုရှားကို ပေါင်းခဲ့တယ်။ ရုရှားကလည်း ရေနံငွေတွေနဲ့ အင်အားတောင့်လာတော့ အမေရိကန်ကို ဂလန်ကဆန်လုပ်ချင်တာနဲ့ အတော်ပေါ့။
မနှစ်က နောက်ဆုံး UN မှာ မြန်မာ့ကိစ္စတင်ဖို့လုပ်တော့ တရုတ်ရော၊ ရုရှားကပါ ဗီတိုနဲ့ ပယ်ချခဲ့တယ်။ ပိုရှက်စရာ ကောင်းတာက NCGUB ကစကတည်းက UN ရုံးဖွင့်ထားတယ်။ လူတယောက်ကို တာဝန်ပေးထားတယ်။ ရုံးတခုလုံးနဲ့ လူတွေရှိတာတောင် မန်ဒဲလား (Mandela) ရဲ့ တောင်အာဖရိက အစိုးရကို နအဖ ဆွဲသွားတာကို မသိလိုက်ဘူး။
သံတမန်အရေးကို တကယ်ဆောင်ရွက်မယ်ဆိုရင် သံတမန် စကားပြော (ဝေ့လည်ကြောင်ပတ်) ပြောနည်းတတ်ရတယ်။ UN စည်းမျဉ်းနဲ့ လုပ်ရပ်တွေ သိရမယ်။ Wine & Dine လို့ခေါ်တဲ့ သံတမန်တွေနဲ့ ပေါင်းပြီး အရေးပါတဲ့ လူတွေနဲ့ မိတ်ဆွေဖွဲ့၊ ရင်းနှီးအောင် ကြိုးစားရတယ်။ ဒီလိုလုပ်ဖို့ အင်္ဂလိပ်စကား ပြင်သစ်စကားပြော ကျွမ်းရမယ်။ စာဖတ်ရမယ်။ ကိုယ့်ကို လေးစားအောင် ပြောနိုင်ရမယ်။ တွေ့သမျှလူကို ပြုံးပြပြီး ကူကြပါပြောရုံနဲ့ မရဘူး။
နအဖ ဘက်က လျင်တယ်။ UN မှာ အင်္ဂလိပ် စကားပြောကောင်းတဲ့ သံတမန်တွေကို ထားတယ်။ ဦးဝင်းမရ တို့လို စိန်ပေါလ်ကအောင်တဲ့ အင်္ဂလိပ်စကား ကောင်းတဲ့ လူတွေကို UN မှာ ထားတယ်။ နိုင်ငံခြားရေးရုံးက သံတမန်တွေကို John Hopkins တို့လို နာမည်ရှိတဲ့ ကျောင်းတွေမှာ ဘွဲ့လွန်သင်တန်းတွေ ပို့တယ်။ နောက်ဆုံး UN မှာ ကိစ္စပေါ်တော့ ဥရောပမှာ သံအမတ်လုပ်နေတဲ့ ဦးဝင်းမရနဲ့ ဒါဂျီလင်ကအောင်တဲ့ ဖိလစ်ပိုင်က သံအမတ် ဦးသောင်းထွန်းတို့ကို ဗိုလ်ချုပ် ၃ ယောက်နဲ့အတူ နယူးယောက်မှာ လနဲ့ချီထားပြီး စည်းရုံးတုံ့ပြန်ခဲ့တယ်။
Targeted Sanctions လို့ခေါ်တဲ့ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ ဒင်းတို့ရဲ့ သားသမီးတွေ၊ စီးပွားရေးလုပ်ငန်းရှင် တပည့်တွေကို ဗီဇာ မပေးဖို့နဲ့ နိုင်ငံခြား ဘဏ်အကောင့် Account မဖွင့်နိုင်အောင် ပိတ်ပင်ခဲ့တယ်။ အမေရိကန် နိုင်ငံခြားငွေလဲတာနဲ့ ပတ်သက်ရင် နယူးယောက်က (Clearing House) လို့ ခေါ်တယ်။ စိစစ်လဲလှယ် ပေးရတယ်။ နအဖက SWIFT လို့ခေါ်တဲ့ ဥရောပ Network ကိုသုံးပြီး ဒီစိစစ်မှုကို ကျော်ခဲ့တယ်။ SWIFT Network ထဲမှာ အမေရိကန် ဘဏ်ကြီးတွေ ပါတယ်။ တခါ စင်္ကာပူမှာ နာမည်အငှားနဲ့ Account ဖွင့်ပြီး သောင်းကျန်းနေကြပြန်တယ်။ ဗီဇာပိတ်နေပါတယ် ဆိုတဲ့ကြားက ဗိုလ်ချုပ်တွေရဲ့ သားသမီး ဆွေမျိုးတွေ အမေရိကားနဲ့ ဥရောပမှာ အနှံ့ပဲ။
နအဖ က အာဏာရှိတော့ ငွေရှာနိုင်တယ်။ ငွေနဲ့ အာဏာရှိတော့ မိတ်ဆွေတွေကို ဝယ်ယူနိုင်တာပေါ့။ နအဖ ကို ကျားကန်ပေးနေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ အမြောက်အမြား ရှိတယ်။
ဂျပန်မှာလည်း နအဖက အလယ်အလတ် ကုမ္ပဏီတွေရဲ့ ကုန်သည်ကြီးများ အသင်းကို ပေါင်းထားပြီး နအဖ အကျိုးအတွက် ဂျပန်အစိုးရဆီက အကူအညီရအောင် လုပ်နိုင်တယ်။ ဂျပန်ရောက် မြန်မာတွေဟာ အတက်ကြွဆုံး ဖြစ်ပေမယ့် အုပ်စုတွေများပြီး ထိရောက်တဲ့ ဖိအား ဂျပန်အစိုးရကို မပေးနိုင်ဘူး။ တနှစ် တနှစ် ဂျပန်က Phd ပါရဂူ ၄ဝ လောက် မြန်မာအစိုးရအတွက် ထုတ်ပေးနေတယ်။ အစိုးရဘက်က ထောက်ခံချက်မရဘဲ ကျောင်းတက်ခွင့်နဲ့ စကောလားရှစ် မရဘူး။
NGUB အဝေးရောက်အစိုးရ ကUN မှာလည်း လူရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးလည်း ရှိတယ်။ ပေါ်လစီနဲ့ ဗျူဟာ Strategy ဆိုတာ နားမလည် ဦးဆောင်မှုမပေးနိုင်တော့ ကမ္ဘာအနှံ့ မြန်မာတွေရှိလျက်နဲ့ ဘယ်ကို ဦးတည်ရမှန်း ဘာလုပ်ရမှန်း မသိကြတော့ လူများပြီး ပွဲမစည် ဖြစ်ရတာပေါ့။
NLD အပါအဝင် ကျနော်တို့ အတိုက်အခံတွေအားလုံး သတိမမူမိတာ ရှိတယ်။ အဲဒါက နိုင်ငံခြား၊ အထူးသဖြင့် အနောက်နိုင်ငံတွေကို အားကိုးလွန်းတော့ တရုတ်ဘက်ကကြည့်ရင် အတိုက်အခံဆိုတာ အမေရိကန်လူ။ အနောက်ဘက် ဒီမိုကရေစီတို့ရဲ့ နောက်လိုက်၊ သူတို့ အာဏာရရင် ငါတို့အကျိုးယုတ်လှချည်ရဲ့ ဆိုတဲ့ (အမြင်) ရှိတယ်။ တရုတ်ရဲ့ ပေါ်လစီက လှတယ်။ ခေတ်သစ် တရုတ်ခေါင်းဆောင်တွေက မော်ခေတ်ကလို (မူ) ကို အသေမကိုင်ထားဘူး။ ရန်မလိုဘူး။ Confrontational မဖြစ်ဘူးလို့ ဆိုချင်တာပါ။ အေးအေးလေး တည့်အောင်ပေါင်းပြီး တိုးတက်အောင်လုပ်။ တဖြည်းဖြည်း စီးပွားရေးနဲ့ အနိုင်ယူတာပဲ၊ လူလည်ကြီးတွေပါ။
အမေရိကန်နဲ့ တရုတ်မတူတာက အမေရိကန်က စွာတယ် Aggressive ဖြစ်တယ်။ လူပါးဝတယ် Arrogant ဖြစ်တယ်။ တရုတ်က ညင်သာတယ်။ လူပါးမဝဘူး။ ပုခုံးဖက်ပြီးမှ တဖြည်းဖြည်း မျိုတာပဲ။ မျှမျှပြန်ကြည့်ရင် တရုတ်ကို တချိန်က အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့က မတရားအနိုင်ကျင့်ပြီး မတရား စော်ကားခဲ့ကြတယ်။ Boxer Revolution ဘောက်ဆာ တော်လှန်ရေးခေတ်ကို ဖတ်ကြည့်ပါ။ အင်္ဂလိပ်တွေက Dog & Chinese Not Allowed ခွေးနှင့် တရုတ်တွေ မဝင်ရဆိုပြီး တရုတ်ပြည်မှာ တရုတ်တွေအပေါ် လူပါးဝခဲ့ကြတယ်။ ဒါကြောင့် တရုတ်တွေဟာ အနောက်တိုင်း၊ အထူးသဖြင့် အမေရိကန်တွေကို အပေါ်စီးက မဆက်ဆံဘူး။ လက်ရှိအခြေအနေမှာ နယ်မြေကျူးကျော်လိုမှုလည်း မရှိဘူး။ ဒါကြောင့် အတိုက်အခံတွေ အထူးသဖြင့် NLD က တရုတ်ကြီး အမြင်မှန်ရောက်အောင် ပေါ်လစီချ ကြိုးစားသင့်တယ်။ ဒီမိုကရေစီရရင်လည်း တရုတ်နဲ့ နယ်ချင်းဆက်စပ်နေတဲ့အတွက် ဘယ်အစိုးရမဆို သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရမှာပဲ။ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ လူနည်းစု တိုင်းရင်းသား အဖွဲ့တွေနဲ့ လူနည်းစုအဖွဲ့တွေဟာ တရုတ်သြဇာ မကင်းဘူး။
NCGUB ဆိုတာ အဝေးရောက် အစိုးရဆိုပေမယ့် တရုတ်နဲ့ ပုံမှန်ဆက်ဆံရေး မရှိဘူး။ ကျနော် သိရသလောက် အမေရိကန်တွေ အထင်လွဲမှာစိုးပြီး တရုတ်ကို မဆက်ဆံရဲဘူးတဲ့။ NLD (LA) က ဦးညိုအုန်းမြင့် တယောက်ပဲ တရုတ်နဲ့ Relationship ဆက်ဆံရေး ရှိတယ်။
ကမ္ဘာ့အင်အားကြီးများနှင့် သံတမန်နည်းလမ်း
တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ပေါ်လစီချပုံ၊ ပေါ်လစီကို အကောင်အထည် ဖော်ပုံတွေကို နားလည်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အခြေအနေမှာ နအဖ အပေါ် သြဇာ အရှိဆုံးက တရုတ်။ ဒါတောင် တရုတ်ကြီးပြောသမျှကို နအဖ ဗိုလ်ချုပ်တွေက နားထောင်တာ မဟုတ်။ ဒါပေမဲ့ တရုတ်မပါရင် မဖြစ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန်ဟာ အရေးကြီးဆုံး။ ဒီ ၂ နိုင်ငံ ပူးပေါင်းအဖြေရှာမှ အဖြေရဖို့၊ တိုးတက်ဖို့ ဖြစ်နိုင်တာကိုး။ ဒါက အပြင်က ဖိအား၊ အတွင်းက ဖိအားမပါဘဲလည်း အဖြေမရနိုင်ပါ။ အတွင်းဖိအားကို တည်ဆောက်နိုင်မှ အတွင်းအပြင် ဖိအားနှစ်ဖက် ညှပ်ကိုင်မှ နအဖ ကို (ကိုင်) နိုင်စရာ ရှိပါတယ်။
တရုတ်တို့ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဗဟိုဦးစီးစနစ်ဆိုပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်ပေးပြီး အုပ်ချုပ်စေတယ်။ ပေါ်လစီကို ဗဟိုက ချတယ်။ ဒီပေါ်လစီချပြီးရင် ပေါ်လစီအရ ဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို ဘောင်ခတ်ပေးလိုက်တယ်။ ဒီ ဘောင်ထဲမှာရှိရင် ပြည်နယ် အစိုးရတွေက အကောင်အထည်ပေါ်တာပဲ။ မြန်မာအရေးဆိုရင် ဘေကျင်းက ပေါ်လစီ ကိုင်တယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ မြန်မာနိုင်ငံက ယူနန်နဲ့ ဆက်စပ်နေတာကြောင့် ယူနန်က ကိုင်တွယ်တယ်လို့ ဆိုရမယ်။ အထူးသဖြင့် တိုင်းရင်းသားတွေရော၊ အတိုက်အခံတွေရောပေါ့။
ကိုင်တွယ်တဲ့ ယူနန်က အရာရှိတွေက လုံခြုံရေးအေဂျင်စီတွေမှာ လုပ်တယ်။ အားလုံးလိုလို ဗမာစကား ပြောတတ်တယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်းသိတယ်။ မြန်မာပြည်ကိုလည်း ခဏခဏသွားတယ်။ နအဖ ဘက်က လူတွေကိုလည်း ကောင်းကောင်းသိသလို အတိုက်အခံဘက်က လူတွေအကြောင်းလည်း ကောင်းကောင်းသိတယ်။ ပေကျင်းမှာ ပေါ်လစီချတဲ့ ‘လူ’ က မဆလ ခေတ်က သံအမတ်ဟောင်း၊ ဗမာလို တတ်တယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်းကျွမ်းတယ်။ ဒီလူကိုမှ တရုတ် တတ်သိပညာရှင် Think Tank ပါမောက္ခတွေကမှ ဘေးက ဝိုင်းရံပေးထားတယ်။ တရုတ်စနစ်က ဒေါင်လိုက် Vertical ဖြစ်တယ်။ မြန်မာပြည် ကျွမ်းကျင်သူဖြစ်လာရင် ဒီအပေါ်မှာပဲ အဆင့်ဆင့် ရာထူးတက်သွားတာပေါ့။ ဒါကြောင့် တရုတ် ပေါ်လစီကို ပြောင်းချင်ရင် အချိန်ယူရမယ်။ တရုတ်က ချက်ချင်း ပြောင်းလေ့မရှိဘူး။ တရုတ်က တရုတ်အကျိုးကိုပဲ ကြည့်တယ်။
အမေရိကန်ဘက်ကတာ့ ပါဝင်သူတွေများတာကြောင့် ပိုရှုပ်ထွေးတယ်။ အမေရိကားမှာ ပေါ်လစီကို အုပ်ချုပ်တဲ့ အစိုးရက ချရပေမယ့် ကွန်ကရက်က ပိုက်ဆံဘတ်ဂျက်ကို ချပေးရတာကြောင့် အစိုးရကို ငွေနဲ့ ညှစ်ထားတယ်ဆိုတဲ့ Power of the Purse နဲ့ ထိန်းကွပ်ထားပါတယ်။ ဒါကြောင့် ဆီးနိတ်နဲ့ လွှတ်တော်က အရေးပါတဲ့ အမတ်တွေဟာ နိုင်ငံခြားရေးပေါ်လစီအပေါ် သြဇာသက်ရောက်မှုရှိပါတယ်။ သမ္မတ ဘုရှ် သတ်တမ်းတလျှောက်မှာ ရီပတ်ဘလီကင်ပါတီက ဒုတိယ အာဏာအရှိဆုံး ဆီနိတ်အမတ်က ဒေါ်စုရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုကို လေးစားပြီး မြန်မာ့နိုင်ငံအရေးကို မွေးစားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံအရေးဆိုရင် လက်ရှောင်တဲ့သဘော လက်လွှတ်ထားခဲ့တယ်ပေါ့။ ဆီးနိတ်ရဲ့ ဘတ်ဂျက်လျာထားရေး ကော်မတီ Senate Appropriations Committee မှာ ဒီ ဆီနိတ်တာက အရေးပါအရောက်ရောက်သူ လူကြီး။ နိုင်ငံခြားရေးရုံး အတွက် ဘတ်ဂျက်ကို အတည်ပြုပေးရတဲ့ Appropriation Sub Committee for Foreign Relation မှာ ဥက္ကဋ္ဌ။ ဒီအရှိန်ကြောင့် မြန်မာ့နိုင်ငံအရေးဟာ နိုင်ငံခြားရေးရုံးကနေ ကွန်ကရက်က သိမ်းပိုက်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Bi-partisan လို့ခေါ်တဲ့ ဒီမိုကရက်ရော ရီပတ်ဘလီကင် ပါတီက ကွန်ကရက် အမှုထမ်းတွေပါဝင်တဲ့ အစုအဖွဲ့တခုဖြစ်လာတယ်။ Burma Group ဆိုပြီး လူသိများတယ်။ ဒီအဖွဲ့မှာ မြန်မာတွေကို ငွေထောက်ပံ့နေတဲ့ National Endowment For Democracy - NED က လူရယ်၊ ကွန်ကရက်က အမှုထမ်းတွေရယ်၊ ရီပတ်ဘလီကင်ပါတီက လော်ဘီရစ် Lobbyist တယောက်ရယ်၊ ဒီမိုကရက်ဘက်က လော်ဘီရစ်တယောက်ရယ်နဲ့ ဖွဲ့ခဲ့ကြတယ်။ မြန်မာနိုင်ငံကအဖွဲ့တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတခုက လူကြီးတဦးပဲ မြန်မာနိုင်ငံသားအနေနဲ့ ဒီအဖွဲ့မှာ ပါဝင်ပါတယ်။
မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်လာရင် ဒီအဖွဲ့ဟာ သြဇာရှိတယ်။ ကိုင်ထားတယ်။ ရီပတ်ဘလီကင် လော်ဘီရစ်ဟာ ဆီးနိတ်တာကြီးရဲ့ တပည့်ရင်းတယောက်၊ လူတော်တယောက်ပါပဲ။ ဒါပေမဲ့ ဒီအဖွဲ့ဟာ ပေါ်လစီပိုင်းထက်စာရင် လှုပ်ရှားတက်ကြွသူ Activist အပိုင်း ကိုပိုအလေးထားတယ်လို့ ထင်မိတယ်။
ခေါင်းအေးတဲ့ လူအေးတွေလည်း ပါကြပါတယ်။ ဒါပေမဲ့ တရုတ်တွေလို မြန်မာ့နိုင်ငံရေးကို မကျွမ်းကျင်ဘူး။ ဒါကြောင့် ကျနော် Understanding the SPDC Generals ဆိုတာနဲ့ ပေါ်လစီစာတမ်း ဆိုတာတွေကို ဒီအဖွဲ့က လူတချို့နဲ့ ဆွေးနွေးရင်း စဉ်းစားနိုင်အောင် ရေးပြခဲ့တာပါ။
မြန်မာ့နိုင်ငံအရေးကို ဆောင်ရွက်တယ်၊ (ငွေ)လိုတယ်ဆိုရင် ဒီအဖွဲ့နဲ့ မကင်းဘူး။ အဝေးရောက် အစိုးရဆိုတာရော၊ ဒီမိုကရေစီအတွက်ဆိုတဲ့ အဖွဲ့တိုင်း ဒီအဖွဲ့ကို ချဉ်းကပ်ကြရတယ်။ ဆီနိတ်တာအမတ်မင်းက မြန်မာနိုင်ငံမှာ ဒီပဲယင်း ဖြစ်တယ်၊ ရွှေဝါရောင် ဖြစ်တယ်ဆိုရင် စိတ်ဝင်စားပြီး မြန်မာပြည်အတွက် ငွေ သတ်မှတ်ပေးပေါ့။ ဒီငွေကို NED က ဝေပေးပေါ့။ ဆီနိတ်တာအမတ်မင်းက Burma-Group ကို အားကိုးတယ်။ တခါ ဒီအဖွဲ့က ဘယ်အဖွဲ့ကို ဘယ်လောက်ကူသင့်တယ် ဆိုတာကို စဉ်းစားကြပြီး NED ကတဆင့် ငွေပေးတာပေါ့။ NED က တိုက်ရိုက်ပေးတာရှိသလို IRI (International Republican Institute) နဲ့ DRI (Direct Relief International) က ပရောဂျက် အလိုက်ပေးတယ်။ DRI က ဖွံ့ဖြိုးရေးနဲ့ သင်တန်းကို အရေးပေးတယ်။ IRI ကတော့ တီးမယ်၊ ဆော်မယ်ဆိုရင် ပိုကြိုက်တယ်။ ရီပတ်ဘလီကင်ဘက်က လော်ဘီရစ်က IRI က လာတာ။ နောက် NED မှာ အလုပ်သမား အစည်းအရုံး Labor Unions တွေနဲ့ ပတ်သက်တာရယ် အထူးပရောဂျက်များဆိုပြီး ရှိတယ်။ ဒါကြောင့် FTUB က ပြိုင်ဘက်မရှိတာပေါ့။ အလုပ်သမား ကိုတာ Quota ကရတာကိုး။
Burma Group က လူတွေက စိတ်ရင်းမှန်ကြပါတယ်။ စေတနာ ရှိကြတယ်။ ဒါပေမဲ့ မြန်မာအုပ်စုတွေက အရာဝင်လောက်အောင်၊ အထင်ကြီးလောက်အောင် မလုပ်နိုင်ကြဘူး။ အထူးသဖြင့် အဝေးရောက် အစိုးရလို မြန်မာတွေကို ကိုယ်စားပြုရမယ့်အဖွဲ့က ပိုက်ဆံတောင်းတာက လွဲလို့ ဘာမှ Input မပေးနိုင်ဘူး။ ဥပမာတခုက အထည်စက်ရုံတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တားမြစ်ပိတ်ဆို့မှု Sanction ဥပဒေကို ရေးခဲ့တယ်။ မြန်မာတွေကို အထင်မကြီးလို့ မမေးတာလား။ ဘာမှ အကူအညီမပေးနိုင်မှန်းသိလို့ မမေးတာလားတော့ အတတ်မသိပါ။ ကျနော်နဲ့အတူ ထမင်းစားကြရင်း ရီပတ်ဘလီကင်က လော်ဘီရစ်က ဒါ ငါရေးတာပဲ။ နအဖက ရနေတဲ့ သန်း ၃ဝဝ-၃၅ဝ ကို ပိတ်ချင်တာ အဓိကပဲလို့ ဆိုလာတာကြောင့် ခင်ဗျား ဒီဂဏန်းကို ဘယ်ကရသလဲ? လို့ မေးမိတယ်။ အမေရိကန် ပညာရှင် တယောက်ရေးတဲ့ ဆောင်းပါးက ရတာလို့ ဆိုလာတယ်။
ဒါနဲ့ ကျနော်က သူညွှန်းတဲ့ ပညာရှင် နဲ့ တွေ့တော့ ခင်ဗျား ဒီဂဏန်းဘယ်ကရသလဲလို့ မေးမိတယ်။ သူက ငါ မြန်မာပြည်ရောက်တော့ အထည်စက်ရုံတွေကိုကြည့်ပြီး စက်ရုံတခုမှာ အထည် ဘယ်လောက်ထွက်သလဲ? စသည်ဖြင့် အကြမ်းဖျင်း မှတ်ခဲ့တယ်။ ပြီးတော့ ကမ္ဘောဒီးယားက ကိန်းဂဏန်းတွေနဲ့ ယှဉ်ထိုးပြီး အဲဒီ ကိန်းဂဏန်းတွေကတဆင့် တွက်ယူကြည့်တာ Extrapolate လုပ်တာလို့ ပြောတယ်။ ဒီသန်း ၃ဝဝ ကို မြင်တော့ နအဖတော့ သန်း ၃ဝဝ ရနေပြီလို့ ထင်စရာရှိတာပေါ့။ နအဖကို ခပ်ချဉ်ချဉ်နဲ့ အထည်စက်ရုံတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူတဲ့ Sanction ဥပဒေထုတ်လိုက်တော့ စက်ရုံတွေ အပိတ်ခံရပြီး အလုပ်သမားတွေ အလုပ်မရှိ၊ ဖြစ်ကုန်တော့တာပေါ့။ နအဖ က ပုံကြီးချဲ့ပြီး အပြစ်တင် တိုက်ခိုက်လာတော့ အတိုက်အခံတွေ အပြစ်တင်ခံရပြီး အမေရိကန်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။
ဖြစ်သင့်တာက အဝေးရောက် အစိုးရအဖွဲ့ဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ လေ့လာသုံးသပ် သုတေသန Research လုပ်ထားရင် နအဖကို ဆက်ကြေးပေးရတာ ဘယ်လောက်ရာခိုင်နှုန်း၊ အရင်းအနှီးလုပ်ရတာ ဘယ်လောက် ရာခိုင်နှုန်း၊ လည်ပတ်ငွေ Operation ကုန်ကျငွေက ဘယ်လောက်၊ Consequence လို့ခေါ်တဲ့
နောက်ဆက်တွဲ အဖြစ်တွေက ဘာဆိုတာ စဉ်းစားပြီးမှ စဉ်းစဉ်းစားစား ရေးခဲ့ရင် ခြေလှမ်းမမှားဘူးပေါ့။ အမေရိကန်အစိုးရက နအဖအတွက် အဓိက ဝင်ငွေများတဲ့ စွမ်းအင်ကိုတော့ မပိတ်ရဲကြဘူး။
ကျနော့်အမြင်အရ Burma Group က ရေရှည်အကျိုး၊ ရေတိုအကျိုး၊ ဒီမိုကရေစီရဖို့ ဗျူဟာချပြီး သွားသင့်တယ်။ ဒါတွေက မြန်မာတွေဘက်က လုပ်ထားသင့်တယ်၊ ဒါတွေဟာ ငါတို့ အမေရိကန်ဘက်က လုပ်သင့်တယ်ဆိုတဲ့ Burma Policy ရှိသင့်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Policy-Review လို့ခေါ်တဲ့ အစည်းအဝေးပွဲတွေ ခဏခဏ လုပ်ပေမယ့် ကျနော်သိရသလောက် တိကျတဲ့ Burma Policy ဆိုတာ မရှိဘူး။ တိုတိုပြောရရင် Burma Policy ဆိုတာက ဒေါ်စုနဲ့ NLD ကို ထောက်ခံ၊ ပြည်တွင်းမှာ ပြဿနာပေါ်ရင် UN မှာ ဆွေးနွေးဖို့ပြော၊ UN ကိုယ်စားလှယ်လွှတ်ဖို့ ကြိုးစား၊ တရုတ်ကြီးက UN မှာ ဗီတိုနဲ့ ပယ်လိုက်ရင် တခါ နောက်ပြန်လန်သွား။ ဒီလိုနဲ့ပဲ အချိန်တွေကုန်၊ ဒေါ်စုလည်း အသက်တွေကြီး၊ နောက်လိုက်တွေလည်း အော်ကြဆဲကြနဲ့ နောက်ဆုံး မောပြီး စိတ်ဓာတ်တွေကျပြီး ဘာဆက်လုပ်ကြရမယ်မှန်း သိပုံမပေါ်ဘူး။
အမှန်အတိုင်း မြင်တတ်ရင် အမေရိကန်တွေလည်း မြန်မာတွေနဲ့အတူတူ ဒေါ်စုကို လေးစားတာ ကြည်ညိုတာမှန်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့ နအဖ အပေါ် မုန်းတီးစိတ်နဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှု နောက်ကို လိုက်ကုန်ကြတယ်လို့ မြင်မိတယ်။ အမေရိကန်တွေရဲ့ အဓိကအားနည်းချက်က သူဋ္ဌေးသား တွေးသလို (ငွေ)ရှိရင် အားလုံးရမယ်လို့ ထင်ကြတယ်။ အမေရိကန်က ထောက်ပံ့တယ်ဆိုတာ အမှန်တကယ် အစိုးရ ပြောင်းဖို့၊ တော်လှန်ရေးလုပ်ဖို့ မလုံလောက်ပါဘူး။
အမေရိကန်တွေကို ကျနော် အပြစ်မတင်ပါဘူး။ အမေရိကန် နိုင်ငံအကျိုးအတွက် နအဖကို အတိုက်အခံ လုပ်နေကြတာမှ မဟုတ်တာ။ Principle (မူ) သက်သက်နဲ့ ဒေါ်စုရဲ့သတ္တိကို လေးစားလို့သာ ကူညီနေကြတာကိုး။ ကျနော်တို့ မြန်မာတွေက နိုင်ငံရေးအတွက် နိုင်ငံရေးလိုအပ်ချက်ကို နားမည်ဘဲ နအဖကို ဆန့်ကျင်ဖို့သက်သက်သာ ဆန့်ကျင်နေကြတာကိုး။ အင်္ဂလိပ်လို Opposing for the sake of opposing လို့ ခေါ်ပါတယ်။ ငါတို့ လိုချင်တာ ငါတို့ရည်မှန်းချက်က ‘ဒါ’၊ ‘ဒီ’ ရောက်အောင် ‘ဘာ’ တွေလိုတယ်၊ ‘ဘယ်’ လို ပြင်ဆင်ထားရမယ်။ ‘ဘယ်သူ့’ ကို ‘ဘာ’ အတွက် အကူအညီတောင်းမယ်ဆိုတဲ့ ပလန် (plan) ၊ Logistic (လိုအပ်ချက်)နဲ့ ဗျူဟာ (Strategy) တွေမှ မရှိကြတာ။
မျက်စိမှိတ်ပြီး နအဖကို ဆဲနေကြပြီး ဆန့်ကျင်ဖို့သက်သက် ဆန့်ကျင်ကြတာကြောင့် မကောင်းတဲ့ ရလဒ်တွေ ရှိတယ်။ အတိုက်အခံတွေက နအဖဟေ့ ဆိုရင် မပေးနဲ့၊ မပြောနဲ့ မရဘူး ဆိုတာပဲ သိကြတယ်။ အင်္ဂလိပ်လို ပြောရင်တော့ Isolate လုပ်တယ်၊ ဝိုင်းကျဉ်တယ်ပေါ့။ တခါ နအဖကလည်း အတိုက်အခံကို နိုင်ငံရေးဖြတ် ၄ ဖြတ်နဲ့ တိုက်ခိုက်လာတော့ အချိန်ကြာတော့ Vacuum လို့ ခေါ်တဲ့ ‘လေဟာနယ်’ ဖြစ်လာတယ်။ အတိုက်အခံတွေဘက်မှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေမရှိ၊ အုပ်ချုပ်ရေးနားလည်တဲ့ အုပ်ချုပ်ရေးမှူး (Administrator) တွေမရှိ၊ စီးပွားရေးနားလည်တဲ့ စီးပွားရေးပညာရှင်တွေမရှိနဲ့ ချို့ယွင်းလာလိုက်တာ မနက်ဖြန် စစ်အစိုးရ ပြုတ်ကျသွားရင် အစားထိုးမဲ့သူတွေ မရှိတော့ လေဟာနယ် Vacuum ဖြစ်လာကြတာပေါ့။
ကျနော်တို့က ပညာလေးနည်းနည်းတတ်၊ အတွေ့အကြုံ နည်းနည်းရလာကြတော့ ကိုယ့်ဟာကိုယ် ပေ ၃ သောင်းအထက်က ကြည့်တတ်ပြီလို့ ဘဝင်မြင့်ခဲ့ကြတယ်။ ကျန်တဲ့ လူတွေတော့ မသိပါ။ သမ္မတ ဘုရှ် (Bush) နဲ့ မြန်မာအတိုက်အခံတွေတွေ့တဲ့ ထမင်းစားပွဲမှာ ကျနော် မျက်စိပွင့် အမြင်မှန်ရခဲ့တယ်။ ကျနော်တို့က အစိုးရ အပြောင်းအလဲပဲ ကြည့်ကြတာ။ စူပါ ပါဝါလို့ ခေါ်တဲ့ နိုင်ငံကြီးတွေက အပြောင်းအလဲကျော်ပြီး ဘယ်သူ၊ ဘယ်လို အုပ်ချုပ်မှာလဲဆိုတာကိုပါ ကြည့်ကြရတာ။ အီရတ်မှာ ဆဒမ်ဟူစိန်ပြုတ်ကျပြီး အခုထိ ဖရိုဖရဲ ဖြစ်တာကို သင်ခန်းစာယူပြီး အမေရိကန်က ဒီ Vacuum ကို ဘယ်လိုကျော်မလဲဆိုတာ တွေးပူပုံရတယ်။ ဒါ ပေ ၆ သောင်း အထက်က အမြင်နဲ့ ကြည့်ကြတာပါ။ အမေရိကန်က Vacuum လို့ သုံးတယ်။ တရုတ်က တည်ငြိမ်မှု Stability လို့ သုံးတယ်။ ဒါကိုမမြင်တဲ့ ကျနော်တို့က ကိုယ့်အရည်အချင်းကို ကိုယ်မြှင့်ဖို့ အချင်းချင်း ဝိုင်းကူဝိုင်းမြှင့်တင်ဖို့ မစဉ်းစားကြဘူး။ မင်းက ဒါ ရတယ်၊ ငါက ဒါ မရဘူး၊ မင်းက ဘာကောင်လဲဆိုပြီး အတ္တစိတ်တွေ မွှန်နေကြတာနဲ့ ကွဲပြဲနေကြတာ ’လူ’ ရှိပြီး ‘အင်အားမရှိဘူး’၊ လူတော်လူကောင်းကို မမွေးနိုင်ကြဘူး။ နေရာဆက်ခံရမယ့် နောက် လူငယ်စု Next Generation ကို မမွေးနိုင်ကြဘူး။ နေရာ ဖယ်မပေးချင်ကြဘူး။ ကိုယ့်အကျိုးထက် ကျော်ပြီး ပိုအရေးကြီးတဲ့ တိုင်းပြည်အကျိုး၊ အများအကျိုးကို မကြည့်နိုင်ကြဘူး။
တချို့က ဖိလစ်ပိုင်အဖြစ်ကို ကြည့်ကြပြီး မြန်မာရာမို့ Burmese Ramos ကို ရှာကြတယ်။ အချင်းချင်း မညီဘဲ အင်အား မတည်ဆောက်နိုင်ကြရင် ဘယ်စစ်ဗိုလ်က အတိုက်အခံဘက်ကို အထင်ကြီး လေးစားပြီး၊ နအဖ ကို ဆန့်ကျင်ရဲမှာလဲ?
ဒါကြောင့် တိုင်းပြည်ကြီးတွေ ဘယ်လိုတွေးသလဲ။ သူတို့အကျိုးက ဘာလဲ။ ငါတို့ ရည်မှန်းချက်က ဘာလဲ။ ငါတို့ဘက်က ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘယ်လို ညီညွတ်မှု တည်ဆောက်ကြမလဲ။ ဦးတည်ချက် ပန်းတိုင်ကို ဆွတ်ခူးဖို့ ဗျူဟာချနိုင်ရမယ်။ ဗျူဟာရှိမှ မျှော်လင့်ချက်ရှိမယ်။ မျှော်လင့်ချက်နဲ့ အောင်မြင်မှုရမှ လူပေါင်းစုံ ပါလာမယ်။ ဒီတော့မှ အင်အားရှိမယ်။ အင်အားရှိမှ လူတွေ ထပ်ပါလာမယ်။ ဒါမှ အင်အားကြီးလာမယ်။ အင်အားကြီးလာမှ နအဖက၎င်း၊ တရုတ်က၎င်း သူတို့အကျိုးကို ကြည့်ပြီး ဆွေးနွေးလာမှာပေါ့။ ဒါဟာ လူတိုင်းပါဝင်တဲ့ အောက်ခြေလူထု Grass Root ကို စည်းရုံးပြီး ‘အင်အား’ ထူထောင်တဲ့ နည်းပဲ။ ဒါ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလကို ထူထောင်ပြီး လူထုနဲ့ ‘အင်အား’ တည်ဆောက်သွားတဲ့ နည်း၊ မော်စီတုံးနဲ့ တရုတ်ကွန်မြူနစ်တွေ ‘အင်အား’ ထူထောင်သွားတဲ့ နည်းပဲ။
လက်ရှိ အတိုက်အခံ (အင်အား) က ဘယ်မှာလဲ။
လက်ရှိ မြန်မာနိုင်ငံရဲ့ အင်အားက ‘လူထုအင်အား’ မဟုတ်ဘူး။ လူထုကြီးက ဒေါ်စုနဲ့ NLD ကို ထောက်ခံတယ်။ ဒါပေမဲ့ NLD ဆိုတာ ဖဆပလလို အဖွဲ့အစည်းမဟုတ်ဘူး။ ထုထောင်းခံရလို့ ကြေမွနေတယ်။ အင်အားက ခေါင်းဆောင် (ဒေါ်စု) ဆီမှာပဲ ရှိတယ်။ နိုင်ငံတကာ ထောက်ခံတာ ဒေါ်စုရဲ့ သတ္တိနဲ့ ယုံကြည်ချက် ပြင်းထန်မှုအပေါ် လေးစားထောက်ခံတာ။ မြန်မာ့အရေးကို ထောက်ခံတာထက် ပုဂ္ဂိုလ်အရေးအရ ထောက်ခံတာ။ ဒေါ်စုကလည်း တခါ နိုင်ငံတကာရဲ့ အင်အားကိုသုံးပြီး နအဖက ဆွေးနွေးလာအောင် တောင်းဆိုရတာ။ ဒါကြောင့် တကယ့် အင်အားက အနောက်နိုင်ငံတွေရဲ့ ကုလသမဂ္ဂကတဆင့် ဖိအားပေးမှုအပေါ် ရောက်သွားတယ်။
တနည်းအားဖြင့် တကယ့် အင်အားမဟုတ်၊ အငှားအင်အားသာဖြစ်တယ်။ အနောက်နိုင်ငံတွေအဖို့ အင်အားတော့ ရှိပါရဲ့။ ကိုယ့်အကျိုးမပါတော့ ဟန်လုပ်ပြီး ခြိမ်းခြောက်နေရတာ၊ တကယ့် လက်တွေ့ မပါဘူး။ နအဖက တရုတ်ကြီးကို အဖေခေါ်ပြီး၊ ပါပါကြီးဆိုပြီး တရုတ်အရိပ်အောက် ခိုလိုက်တော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် သက်သက် စစ်အင်အားကို မသုံးနိုင်တော့ဘူးပေါ့။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလက လူထုထောက်ခံမှုကို ရအောင်ယူ၊ အောက်ခြေလူထု ‘Grass Root’ ကို စည်းရုံးပြီး ဖဆပလကို ‘အား’ ဖြည့်ပြီးမှ Elite Politics လို့ ခေါ်တဲ့ ထိပ်ပိုင်းမှာ ဆင် ဆင်ချင်း စီးချင်းထိုးတာ။ ဒေါ်စုရဲ့ အရည်အချင်း၊ ဒေါ်စုရဲ့ သတ္တိ၊ ဒေါ်စုရဲ့ ခံယူချက်ကြောင့် ဒေါ်စုက ဝုန်းဆို ဆင်ပေါ် ရောက်သွားပြီး လူထု ထောက်ခံမှုရရှိပေမယ့် နောက်မှာ အဖွဲ့အစည်းအင်အားမရှိဘဲ Elite Politics လို့ ခေါ်တဲ့ ဆင်ပေါ်မှာ စီးချင်းထိုးကြရတာ။ စီးချင်းထိုးတော့လည်း Idealism ကို ဆွဲကိုင်ထားမိတော့ လက်တဖက်နဲ့ စီးချင်းထိုးရသလို ကိုယ့်ဘက်က တပန်းရှုံးတာပေါ့။ ဒီအခြေအနေမှာ ဒေါ်စုနောက်က လူတွေ - ပြည်တွင်းမှာ NLD CEC ၊ ပြည်ပမှာ NCGUB - က အောက်ခြေလူထုကို စည်းရုံးပြီး အင်အားထောင်ရမယ့်အစား သူတို့ကလည်း ဆင်ပေါ်မရောက်နိုင်တော့ ကျွဲစီးပြီး Elite Politics ကိုပဲကစားဖို့ပဲ ကြိုးစားနေကြတော့ ဒေါ်စုနောက်မှာ လူထုကြီးရှိလျက်နဲ့ ‘အင်အား’ မတည်ဆောက်နိုင်ခဲ့ကြဘူး။ ရင်နာစရာပါ။
ဒါကြောင့် ဒေါ်စုကို တကယ်လေးစားရင်၊ ဒေါ်စုကို တကယ်ချစ်ရင်၊ တိုင်းပြည်ကို တကယ်ချစ်ရင် ကျနော်တို့ အားလုံး ‘အင်အား’ တည်ဆောက်ကြရမယ်။ ဒေါ်စု ကော်ဇောပျံကြီး စီးပြီး ကောင်းကင်ပေါ်က ဆင်းလာ၊ ဒီမိုကရေစီလက်ဆောင် ယူလာတဲ့နေ့ကို စောင့်မျှော်ရင်း စိတ်ကူးယဉ်နေလို့ မရဘူး။ နအဖ က မပေးချင်လို့ မပေးတာ မပေးရအောင် တရုတ်ကြီးကို အားယူထားတာ။ NLD နဲ့ မပြောချင်လို့ မပြောတာ။ မပြောရအောင် NLD နဲ့ အတိုက်အခံဟူသမျှကို ဖြတ် ၄ ဖြတ် နဲ့ ဖိနှိပ်ထားတာ။
ကောင်းပြီ၊ လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင် ..
ရွှေဝါရောင်မှာ ဘုရားသားတော်တွေကို ရက်ရက်စက်စက် သတ်ပြလိုက်တယ်။ အခု ဒေါ်စုကို ဖမ်းပြလိုက်တယ်။ တကမ္ဘာလုံးက မကျေနပ်ကြဘူး။ ပါးစပ်နဲ့ ဝိုင်းကန့်ကွက်ကြတယ်။ Sanctions ကို ထပ်တင်းကျပ်ကြတယ်။ နအဖ ကို ဘယ်လောက်အထိ ထိခိုက်မလဲဆိုတာ တွက်ကြည့်ရအောင်။ မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုပ်၊ ရေထွက်နဲ့ လယ်ယာထွက်ကုန် (၆ ဘီလျံ) ၊ စွမ်းအင် ရေနံနဲ့ သဘာဝဓာတ်ငွေ့က အကြမ်းအားဖြင့် ၂ ဘီလျံရတယ်။ အကြမ်းအားဖြင့် လယ်ယာထွက်ကုန်ပစ္စည်းကို လူသန်း ၅၅ သန်းက စားပြီး ကျန်တာကို ရောင်းပြီး ဝေစားကြရတယ်။ စွမ်းအင်ဝင်ငွေကို စစ်တပ်ကောင်းဖို့နဲ့ စစ်ဗိုလ်တွေ စည်းစိမ်ရစ်ဖို့သာ သုံးစားကြတယ်။ ကျန်တာက ဟိုနည်းနည်း ဒီနည်းနည်း ဝင်ငွေတွေပါ။ ဘယ်အနောက်နိုင်ငံကမှ စွမ်းအင် ပိတ်ဆို့မှု Sanctions မလုပ်ဘူး။ လုပ်လည်း ဝယ်မယ့်သူတွေ တပုံကြီး။ ကမ္ဘာမှာ စွမ်းအင်မလောက်ဘူး။ နအဖ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စီးပွားရေးငယ်ကျွန်တွေကို ဘဏ်တွေကတဆင့် ကိုင်တယ်။ ကသိကအောက် ဖြစ်တာ အမှန်ပဲ။ ဒါပေမဲ့ ကြားပွဲစား နာမည်တွေသုံးပြီး စင်္ကာပူက ကြားခံပေးထားတယ်။ နအဖ ဗိုလ်ချုပ်တွေ အသုံးမပျက်ဘူး။ ဒါကို ပိတ်လိုက်ရင် အာရပ်တွေ ရှိသေးတယ်။ Dubai မှာ ရွှေ့ပြီး ကြားပွဲစား သုံးမယ်။
(မှတ်ချက်။ စာရေးသူသည် Targeted Sanction ကို နိုင်ငံရေးအရ ထောက်ခံသူဖြစ်သည်။ သို့သော် Sanctions ကြောင့် နအဖ ကို ဆွေးနွေးပွဲသို့ တရွတ်တိုက် ဆွဲခေါ်လာနိုင်မည်ဟု မယုံကြည်၊ စိတ်ကူးမယဉ်စေလို၊ လက်ရှိအခြေအနေကို အရှိကိုအရှိအတိုင်း မြင်စေလိုသည်။)
အနောက်နိုင်ငံတွေရဲ့ Sanctions တခုထဲနဲ့ မရနိုင်လို့ အားလုံးပါဝင်ဖို့ UN လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး တောင်းဆိုပြီဆိုပါစို့။ တရုတ်ဗီတိုအာဏာကို မကျော်နိုင်။ နအဖ က ရုရှားကို ကိုင်ထားပြီး နောက်ထပ် ဗီတိုတခုတောင် ဆောင်ထားသေးတယ်။ ရှေ့ဆက်မတိုးနိုင်တော့။ UN အထွေအထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဂမ်ဘာရီကို လွှတ်မယ်။ ဗိုလ်သန်းရွှေက အတွေ့တောင်မခံ။ ဗိုလ်ကျော်ဆန်းက တရားဟောပြီး ပြန်လွှတ်လိုက်တယ်။ လောလောဆယ် နအဖ ထက် ဆိုးတဲ့ နိုင်ငံတွေ ရှိသေးတယ်။ ဇင်ဘာဘွေ၊ ဆူဒန်နဲ့ မြောက်ကိုရီးယားက အနုမြူဗုံး ဖောက်ပြလိုက်သေး။ အနောက်နိုင်ငံတွေ ဘာလုပ်နိုင်သလဲ။ ကန့်ကွက်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ကြ။ ဗိုလ်ချုပ် သန်းရွှေတို့ အားတက်စရာပေါ့။
ဒါကြောင့် Diplomacy has Limit သံတမန်နည်းဆိုတာ ကန့်သတ်ချက် ရှိပါတယ်လို့ ဆိုခဲ့တာပါ။ သံတမန် နည်းတခုထဲ (အားမကိုးဖို့) တင်ပြရခြင်းပါ။ သံတမန်နည်း တခုထဲနဲ့ အစိုးရ မပြောင်းနိုင်ပါ။
ဗျူဟာ ပေါ်လစီ စမ်းစစ်ချက်
ကျနော်တို့ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းချက်တခုမှာ “မူ” သို့မဟုတ် ပေါ်လစီထက် “လူ” ကို ခင်တွယ်တာ “ပို” ကြတယ်။ ဒါကြောင့် ဒေါ်စုက အကြမ်းမဖက်တဲ့ ဝါဒ Non-Violence ကို ဦးစားပေးတယ်ဆိုတာနဲ့ လူတိုင်း အကြမ်းမဖက်တဲ့ ဝါဒီတွေ ဖြစ်ကုန်ကြရော။ ဒေါ်စုနဲ့ ပတ်သက်တယ် ထင်ရင်ပဲ “ရလဒ်” ကို မဆန်းစစ်ချင်ကြတော့ဘူး။ အကြမ်းမဖက်တဲ့ ဝါဒဆိုတာ ခံယူချက်၊ ပေါ်လစီ မဟုတ်ပါ။
အကြမ်းမဖက်တဲ့ ဝါဒအပေါ် အခြေခံပြီး စေ့စပ်ရေးလမ်းကြောင်း ပေါ်လစီကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ ယူအင် - UN ကိုချည်း အားကိုးနေ၍ မရနိုင်ပါဘူး။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဖိအားပေး၊ ကုလသမဂ္ဂက လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုပြီး ရာဇသံပေးလို့ နအဖ ဗိုလ်ချုပ်တွေကို စည်းဝေးဝိုင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီပဲ။
ပေါ်လစီ ဖော်ဆောင်မှုမှာ အားနည်းတာလား၊ ပေါ်လစီကိုယ်တိုင်က အားနည်းတာလား၊ ဆိုတာကို ဘယ်သူကမှ ဆန်းစစ်ဖို့ သတိမရှိခဲ့ကြဘူး။
နအဖ က “အချိန်” ကို ရတဲ့နည်းနဲ့ ဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် သုံးခဲ့တာ အနှစ် ၂၀ ကြာတော့ “လူ” တွေလည်း ခြေကုန်လက်ပန်းကျ၊ တိုင်းပြည်လည်း မွဲသထက်မွဲ၊ မြန်မာပြည်သားတွေလည်း တကမ္ဘာလုံး ပြန့်ကြဲကုန်၊ နိုင်ငံရေးသမား အများစုဟာလည်း ထောင်ထဲရောက်ကုန်ပြီ။
နအဖ ဗိုလ်ချုပ်တွေကတော့ အလှည့်ကျနည်းနဲ့ တိုင်းပြည် သယံဇာတတွေကို ရောင်းစားရင်း ချမ်းသာကြွယ်ဝပြီး၊ မြန်မာစစ်တပ်ဟာ ကြီးထွားလာရုံမက အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိတယ်။
နအဖ က ပြည်တွင်း အတိုက်ခံတွေကို အနိုင်ကိုင်နိုင်ပြီလို့ ယူဆပုံရတယ်။ နောက်တဆင့် ရေနံနဲ့ ဓာတ်ငွေ့ကရတဲ့ ငွေတွေနဲ့ စစ်အင်အားကို ချဲ့ကာ ဒေသဆိုင်ရာ စစ်အင်အားကြီးနိုင်ငံ ဖြစ်ရအောင် ချီတက်လျက်ရှိတယ်။
မကြာခင် အနှစ် ၂ဝ အတွင်းမှာ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေသာမက အရှေ့တောင်အာရှ ဒေသတခုလုံးကိုပါ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်။ အားလုံးအတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။
ဒေါ်စုရဲ့ ပြဿနာ
ကျနော့်အမြင်အရ ဒေါ်စုကို ထိပ်တန်းကို တင်ပို့လိုက်တာ ဒေါ်စုရဲ့ သတ္တိနဲ့ ဒီမိုကရေစီ ယုံကြည်ချက်အပြင် အကြမ်းမဖက်တဲ့ဝါဒ Non-Violence ကို ထိပ်တန်းတင်လာတဲ့အတွက် အနောက်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေ Activists တွေ အကြိုက် ဖြစ်သွားတယ်။ ဒါကြောင့် နိုဘယ်ဆုရအောင် ဝိုင်းထမ်းတင်ပေးလိုက်ကြတယ်။ ဒီဆုကြီးကြောင့် ကိုင်ထားတဲ့ ဝါဒကို ပစ်ပယ်လို့ မရတော့ဘူး။ ဒီနည်းနဲ့ နအဖ ကို တိုက်လို့မရကြောင်း သိရင်တောင် ဒီလမ်းက သွေဖည်ဖို့ အခက်ဖြစ်နေတယ်။ Activists ဆိုတာ တာဝန်ယူမှု မရှိဘူး။ အရွေးခံရတဲ့ နိုင်ငံရေးသမားတွေနဲ့ ပေါ်လစီကိုင်သူ Policy makers တွေရဲ့ တာဝန်ကိုး။
ဒေါ်စုက ဘာသာရေးကြည်ညိုစိတ် ပြင်းပုံရတယ်။ ဂျပန်က ပညာရှင်တယောက်က ဒေါ်စုနဲ့ အင်တာဗျူးလုပ်ပြီး ပြန်ရေးပြထားတဲ့ အထဲမှာ ဒေါ်စုဟာ ဘာသာရေးနဲ့ ကြည့်ပြီး “ အမှန်တရား” က “ မကောင်းမှုအမှား” ကို ကျော်လွှား အနိုင်ယူမယ်လို့ မြင်ပုံရတယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာ အာဏာနဲ့ စည်းစိမ်အတွက်ဆိုရင် “ဘာသာ” လည်း မရှိ၊ တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်လည်း မရှိ၊ တိုင်းပြည်ကို ရောင်းစားရမှာလည်း မကြောက်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို “အမှား”၊ “အမှန်” တခုထဲနဲ့ အနိုင်ယူဖို့၊ မေတ္တာသစ္စာနဲ့ပဲ အနိုင်ယူဖို့ဆိုတာ လက်တွေ့ကျပါ့မလားလို့ မေးစရာရှိတယ်။
စတာလင်တို့၊ မော်စီတုံးတို့ဆိုတာ အာဏာအတွက် ကိုယ့်လူမျိုးတွေကို သန်းပေါင်း ဆယ်ဂဏန်းမက သတ်ခဲ့ကြတဲ့ လူသတ်ကောင်တွေပဲ။ ဒါပေမဲ့ အာဏာလက်ကိုင် ဘဝနဲ့ သေဆုံးသွားကြတော့ သူရဲကောင်းတွေအဖြစ် သေသွားကြပြီး အခုမှ ရာဇဝင်က တဖြည်းဖြည်း ဖော်လာကြရတာပဲ။ အာဏာရှင်ဆိုတာ ဆန့်ကျင်ရုံနဲ့မရ တော်လှန်မှ ရတာကိုး ။ မော်စီတုံးပြောသွားသလို အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတာကို တရုတ်တွေဆီက နအဖ ဗိုလ်ချုပ်တွေက လက်ခံ ဆည်းပူးထားပုံရတယ်။
ဒေါ်စုဟာ စိတ်ကောင်း ရှိလွန်းတယ်။ မိခင်စိတ် ရှိလွန်းတယ်။ ဒါကြောင့် မရက်စက်ချင်ဘူး။ ဖြစ်နိုင်ရင် ခွင့်လွှတ်ချင်တယ်။ ဒိအပြင် ကိုယ့်လူငယ်တွေကို ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား မစွန့်လွှတ် မစတေး ရက်ဘူး။
စိတ်ကောင်းရှိတဲ့  အကြမ်းမဖက်တဲ့ ဝါဒကို ယုံကြည်မှုပြင်းတဲ့ ဒေါ်စုကို ကျနော် နားလည်တယ်။ သူ အနာခံ ဆန့်ကျင်ပြတာကို ကျေးဇူးလည်း တင်တယ်။ အမေရိကားမှာ သမ္မတကြီး ငြင်းဆိုခွင့် Plausible Deniability ရှိအောင် တခါတရံ သမ္မတကို တမင်အသိမပေးဘဲ အောက်က လုပ်ရတာတွေ ရှိတယ်။ ဒီလိုပဲ ဒေါ်စုကို ဒီမိုကရေစီ ပုံရိပ်အဖြစ် လူတွေ တက်ကြွလာအောင် နှိုးဆော်ပေးနိုင်တဲ့ ခေါင်းဆောင် Inspirational-Leader အဖြစ် ထိပ်မှာတင်ထားပြီး၊ မလုပ်မဖြစ်တဲ့ Grass-Root အောက်ခြေလူတန်းစား စည်းရုံးရေးနဲ့ အင်အား တည်ဆောက်ဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မြင်မိတယ်။ ဒီ “အင်အား” နဲ့ တောခြောက်ပြီး၊ အဖြေရှာပြီးတော့မှ ထိပ်မှာနောက်ဆုံး ညှိနှိုင်းဆွေးနွေးကြရင် ကျနော်တို့ခေါင်းဆောင် ဒေါ်စုပဲ “အဖြေရှာ” ရမှာပဲ။ ဒါကြောင့် နောက်ဆုံးပန်းတိုင်ကို ဒေါ်စုသာ လျှောက်နိုင်ပါတယ်။ Only Daw Suu can walks the last mile လို့ ကျနော် အခါခါ ရေးပြခဲ့တာပေါ့။
“အင်အား” မတည်ဆောက်နိုင်သရွေ့၊ တောမခြောက်နိုင်သရွေ့၊ အနောက်နိုင်ငံတွေက ဟန်ဆောင်ခြိမ်းခြောက်လိုက်၊ လိုအပ်ရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ဟန့်တားလိုက်၊ နအဖ က အတိုက်အခံ ဟူသမျှကို ဖမ်းပြီး နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားလိုက်နဲ့ အချိန်ကိုဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် အသုံးပြုပြီး ကိုမင်းကိုနိုင်တို့လည်း နှစ် ၆ဝ ကျော်၊ ဒေါ်စုလည်း နှစ် ၈ဝ ကျော် ရောက်ကုန်မယ်။ ကျနော်တို့ အားလုံး သဘာဝ တရားအရ တဖြည်းဖြည်း ခန္ဓာကြွေကုန်ကြမယ်။
စိတ်ဓာတ်ကျစရာမဟုတ် အရှိကို အရှိအတိုင်း မြင်တတ်ဖို့သာ လိုပါတယ်။
လက်ရှိအခြေအနေမှာ အတိုက်အခံဟာ ‘အားနည်းတယ်’။ ဒါကို စိတ်ဓာတ်ကျစရာ မလိုပါ။ ဘာကြောင့် အားနည်းသလဲဆိုတာကို ကြည့်မြင်တတ်ရင် ဘယ်လို ‘အားရှိ’ အောင် လုပ်မလဲဆိုတာကို ‘အဖြေ’ ရှာရမယ်။ End Game ဆိုတဲ့ နောက်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို သိရမယ်။ သိမှ ‘ဗျူဟာ’ ကို ပြင်ချင်ရင်ပြင်၊ ဖြည့်စွက်ချင်ရင် ဖြည့်စွက်ပေါ့။ ‘လိုချင်’ တဲ့ စိတ် ရှိဖို့ လိုတယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။
နိုင်ငံရေးသမားဆိုတာ
မြန်မာ့လွတ်လပ်ရေးသမိုင်းကစလို့ ဒီကနေ့အထိ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် နိုင်ငံရေးသမား တွေ၎င်း၊ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများစုဟာ ပြဿနာတခုဖြစ်ရင် ဝုန်းဆို ကောက်ရိုးမီးလို ထတောက်ကြပြီး၊ စိတ်အလိုလိုက်တတ်ကြတယ်။ ရေတက်နေတဲ့ အချိန်မှာ ဆူကြပူကြ ဖြစ်ကြပြီး၊ သွေးအေးသွားရင် ဖုတ်ဆို ပြုတ်ကျ၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ အထူးသဖြင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး၊ စိတ်အလိုလိုက် Emotional ဖြစ်တတ်ကြတယ်။ လူအုပ်များလာရင် လူအုပ်စိတ်ဓာတ် Mob Mentality ဝင်လာပြီး တယောက်ယောက်က ထအော်လိုက်ရင် “ဟေ့လာ … မောင်ရိုးဝါး” ဆိုပြီး ထလိုက်သွားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေဟာ ဖရိုဖရဲနဲ့ လူအုပ်နောက် ပါသွားတတ်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမား အများစုဟာ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် “ပလင်” ကောင်းကောင်းနဲ့ တဆင့်ပြီး တဆင့်၊ ခြေလှမ်း တချက်ပြီး တစ်ချက် ခြေလှမ်းညီညီ မလှမ်းတတ်ကြဘူး။ ဒါက နိုင်ငံရေးသမားတွေရဲ့ (အားနည်းချက်)ပဲ။
ဒါကြောင့် နိုင်ငံရေးသမားတွေတွေးပုံက လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ အတင်းဝင်၊ အတင်းတက်၊ အတင်းအော်ကြပေါ့။
စစ်သားဆိုတာ
စစ်သားဆိုတာက စစ်သား ‘စ’ ဖြစ်တဲ့နေ့မှာပဲ ‘လွတ်လပ်ခွင့်’ ကို တံခါးပေါက်မှာ ထားခဲ့ရပြီ။ ခိုင်းတာလုပ်၊ စေရာသွား၊ ပြန်မပြောနဲ့ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာရပြီ။ ရောမခေတ်ကတည်းက စစ်သားဆိုတာ ‘စုစည်းမှုအဖွဲ့’ နဲ့ အားယူတာပဲ။ တဦးချင်းမဟုတ်၊ အဖွဲ့နဲ့ တိုက်ရတာကိုး။ တပ်စု တပ်စိပ် တပ်ခွဲ တပ်ရင်း တပ်မဟာ တပ်မ တပ်မအုပ်စု တပ်မတော်ဆိုပြီး ‘အစု’ နဲ့ တိုက်တာ။
စစ်သားဆိုတာ စစ်ပွဲမဖြစ်ခင်ကတည်းက Battle-Plan လို့ခေါ်တဲ့ စစ်ပွဲအစီစဉ် (Plan) ရှိတယ်။ Logistic လို့ ခေါ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းထားရမယ်။ Training လို့ ခေါ်တဲ့ ပြင်ဆင်မှုသင်တန်းတွေ ရှိရတယ်။ Reinforcement လို့ ခေါ်တဲ့ တပ်ဖြည့်မှုတွေကို နားလည်ရတယ်။ Intelligence လို့ ခေါ်တဲ့ ကြိုတင်ထောက်လှမ်းပြီး ရန်သူ့သတင်း ရှိနေရမယ်။ Objective လို့ ခေါ်တဲ့ မိမိသိမ်းပိုက်ရမယ့် ရည်မှန်းချက်၊ ဗျူဟာ Strategy ။ နောက်ဆုံး ဆုတ်ရရင် Exit-Strategy ဆိုတဲ့ ထွက်ပေါက်တွေ အားလုံးကို စဉ်းစားထားရမယ်။ ဒါ စစ်ဗိုလ်ချုပ်တိုင်း မသိမဖြစ်သိရမယ့် အခြေခံအချက်တွေပဲ၊ စစ်ပညာအရင်းခံပဲ။ ဒါကြောင့်စစ်ဗိုလ်တွေရဲ့ အားသာချက်က ခေါင်းအေးအေးနဲ့ အစီအစဉ် (Plan) နဲ့ တိုက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ထဲပေါ်တဲ့အတိုင်း စိတ်ဆွဲဆောင်ရာနောက် မလိုက်နိုင်၊ လိုက်ခွင့် မရှိပါ။
စစ်ပွဲအစီအစဉ် ရှိပြီးတာတောင် မလုံလောက်သေးပါ။ War Games လို့ ခေါ်တဲ့ ၂ ဖက် ၂ သင်း ဖွဲ့ပြီး၊ တိုက်ကြည့်ရပါတယ်။ ဒါမှ Logistic လိုအပ်ချက်တွေ၊ ဗျူဟာ Strategy ရဲ့ အားနည်းချက်၊ အားသာချက်တွေ ‘ပေါ်’ လာပြီး ပြင်နိုင်တယ်။ စစ်ပွဲတပွဲမှာ ရန်သူအငိုက်မိအောင် လျှပ်တပြက် တိုက်နိုင်တာဟာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘယ်ခြောက်ခါ ညာလှမ်းဆိုသလို တဖက်ကို ဟန်ပြပြီး၊ ပရိယာယ်သုံးရတာကို ကောင်းကောင်း နားလည်ရတယ်။ အင်္ဂလိပ်လိုတော့ Deception ဆိုတာပေါ့။
စစ်ပွဲတခုမှာ Logistic (ထောက်ပံ့ရေး) မနိုင်ဘဲ အောင်မြင်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် စစ်ဗိုလ်ဖြစ်တာနဲ့ Logistic အကြောင်း နားလည်ရပါတယ်။ ထိုနည်းတူစွာပဲ Professional လို့ ခေါ်တဲ့ တကယ်အလုပ်လုပ်ဖူးတဲ့ အတတ်ပညာရှင် ဖြစ်လာရင် Logistic ကို အရင်မေးကြတာပဲ။ လက်ရှိ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမား အများစုဟာ တာဝန်ကြီးကြီးယူရတဲ့ Responsible အလုပ်တွေ မလုပ်ဖူးကြဖူးဘူး (အထူးသဖြင့် ပြည်ပရောက်နေသူတွေပါ)။ လက်တွေ့ အတွေ့အကြုံ မရှိကြဘဲ၊ တသက်လုံး ‘အော်’ လာကြတော့ ‘လိုချင်’ တာပဲ သိကြတယ်။ ‘လိုအပ်’ တာကို နားမလည်ကြဘူးလို့ မြင်မိတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ‘ပြည်ပ’ မှာ ကျင်လည်နေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးကြည့်ကြပါ။ ‘အရေးကြီးပြီဟေ့’ ဆိုတာကို တွင်တွင်ပြောကြပါလိမ့်မယ်။ ဘာအရေးကြီးတာလဲ၊ ဘာတွေ ‘လို’ သလဲ၊ ဘာတွေ ‘ပြင်’ ထားရမှာလဲ၊ ဘယ်လို ‘အောင်ပွဲ’ ခံမှာလဲ၊ ‘တိုက်ကွက်’ က ဘာလဲ၊ ‘ဆုတ်ကွက်’ က ဘာဆိုတာ မပါကြဘူး။ တယောက်ယောက်က အရေးကြီးပြီဆို အားလုံးက သံယောင်လိုက်ပြီး အရေးကြီး ကုန်ကြရော။ ကြာတော့ တကယ် အရေးပေါ်လာတာတောင် လူအများစုက မယုံတော့ဘူးပေါ့။ ဒါ လက်တွေ့ပကတိ ဖြစ်ရပ်ပါ။
နိုင်ငံရေးသမားတွေရဲ့ အားသာချက်က Diversity လို့ ခေါ်ရမယ့် လူပေါင်းစုံ ပါဝင်ခွင့်ရတဲ့အတွက် ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ (Day-2) လုပ်ငန်းတွေကျတော့ ပုံမှန် အံဝင်ခွင်ကျ ဖြစ်တယ်။ တော်လှန်ရေးကာလ (Day-1) ကာလမှာကျတော့ ဒီ Diversity က အားနည်းချက် ဖြစ်လာနိုင်တယ်။
စစ်ဗိုလ်မှာ ၃ မျိုး ၃ စား ရှိတယ်။ ရှေ့တန်းမှာ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲလ်၊ အမေရိကန်ဗိုလ်ချုပ် မက်အာသာတို့လိုပေါ့။ စစ်တပ်ရဲ့ လိုအပ်ချက်ကိုသိပြီး၊ စစ်တပ်ကို ထူထောင်နိုင်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်မောင်မောင် (ဆိုရှယ်လစ်)၊ အမေရိကန်ဗိုလ်ချုပ် မာရှယ်တို့လိုပေါ့။ ရှေ့တန်းက ဗိုလ်ချုပ်တွေ အောင်ပွဲခံနိုင်အောင် ဒီဗိုလ်ချုပ်တွေက ထူထောင်ဖြည့်ဆည်းပေးရတာ။ နောက်ဆုံးကတော့ နိုင်ငံရေးနားလည်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်နေဝင်းနဲ့ အမေရိကန်ဗိုလ်ချုပ် ကောလင်းပါဝဲလ်တို့လိုပေါ့။ ဒီဗိုလ်ချုပ်တွေက နိုင်ငံရေးကို နားလည်လိုက်စားပြီး စစ်တပ်ထူထောင်ဖို့ ငွေနဲ့ အခွင့်အရေးတွေရအောင် နိုင်ငံရေးသမားတွေနဲ့ ပလူးပြီး၊ စစ်တပ်ဘတ်ချက်အတွက် ‘ငွေ’ ရှာရတဲ့ နိုင်ငံရေး ဗိုလ်ချုပ်တွေပေါ့။
ဒီမိုကရေစီ မတည့်တံ့သေးတဲ့ နိုင်ငံတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရတတ်တယ်။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေ တောခိုတော့ ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့နေရာနဲ့ အရှိန်က ပိုကြီးထွားလာတာပေါ့။ တရုတ်ဖြူအန္တရာယ်ကြုံရတော့ စစ်တပ်ရဲ့ အရှိန်က ကြီးသထက် ကြီးလာတာပေါ့။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ နိုင်ငံရေး အကွက်မြင်ပါတယ်ဆိုတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်သန်းထွန်းစတဲ့ နိုင်ငံရေးသမားတွေကိုကျော်ပြီး ဗိုလ်ချုပ်နေဝင်းဟာ ဘာကြောင့် မြန်မာနိုင်ငံရေးကို အုပ်စီးနိုင်ခဲ့သလဲ။ နိုင်ငံရေးပရိယာယ် ကြွယ်တာချင်း တူကြရင်တောင် စစ်သားဆိုတာက စိတ်ရှည်တယ်။ ကြိတ်ကြံထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ပရိယာယ်နဲ့ လှည့်ဖြားမှု Deception ရှိတယ်။ နိုင်ငံရေးသမားတွေကို လှည့်ကစားပြီး ကိုယ့်လက်ကို ကိုယ်မပြခဲ့ဘူး။ ဒါကြောင့် ဦးနုက ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရတဲ့ ညမှာ ဗိုလ်နေဝင်း သိရဲ့လား၊ ဗိုလ်နေဝင်း သိရင် ပြီးမှာပဲဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတာပေါ့။ ဗိုလ်နေဝင်းက အစောကြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ရေကြည်အိုင်မှာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ လုံးချင်းအိမ်တွေ ကြိုဆောက်ထားတာ ဦးနု မသိလိုက်ဘူး။ အချိန်ယူပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးမှ ခေါင်းအေးအေးနဲ့ အနိုင်ယူသွားတာ။ နိုင်ငံရေးသမားတွေလို Emotion စိတ်ဆန္ဒစောတာ မပါဘူး။ ဒါ့ကြောင့် အစီအစဉ် Plan မရှိတတ်တဲ့ စိတ်ဆန္ဒနောက် လိုက်တတ်တဲ့ နိုင်ငံရေးသမားတွေကို အစီအစဉ်နဲ့ စည်းကမ်းရှိတဲ့ စစ်ဗိုလ်ချုပ်က အာဏာသိမ်းနိုင်ခဲ့တာ။
နိုင်ငံရေးသမားတွေ (တွေးပုံ) (တွေးနည်း) ကို ကောင်းကောင်း နားလည်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာ ဗိုလ်ချုပ်နေဝင်းရဲ့ (အားသာချက်) ပဲ။
အခု စစ်တပ်အုပ်စိုးတဲ့ ခေတ်မှာ တော်လှန်ရေးသမားတွေကလည်း စစ်ဗိုလ်ချုပ်တွေ တွေးသလို၊ တွေးနိုင်ရမယ်။
နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲ တိုက်သလို နိုင်ငံရေး စစ်ပွဲသဏ္ဌာန် တိုက်နိုင်ရမယ်။
ဒီလိုတိုက်နိုင်ဖို့ နိုင်ငံရေးသမားတွေဟာ စစ်ဗျုဟာနဲ့ စစ်သားစိတ်ဓာတ်၊ စစ်သားဉာဉ်ကို လေ့လာဆည်းပူးသင့်တယ်။
မော်စီတုံးဟာ စစ်ဗိုလ်ချုပ် မဟုတ်ပေမဲ့ စစ်ဗျူဟာကို ကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမားပဲ။ ချူအင်လိုင်း၊ တိန်လျှောက်ပိန်တို့လည်း စစ်ဗျူဟာကို နားလည်တဲ့၊ စစ်တပ်ကို ထိန်းချုပ်ရတဲ့ နိုင်ငံရေး ကွန်မင်ရှင်နာ Political Commissioners တွေပဲ။ ခရူးရှက်လည်း ထိုနည်းလည်းကောင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လိုအပ်လို့ စစ်တိုက်ရတဲ့ နိုင်ငံရေးသမားပဲ။ စစ်ဗိုလ်တွေတောင် နိုင်ငံရေး နားလည်နိုင်ရင် နိုင်ငံရေးသမားတွေကတော့ ဘာကြောင့် စစ်ဗျူဟာ နားမလည်နိုင်ရမှာလဲ?
ဒါပေမဲ့ ခက်တာက လက်ရှိ စစ်တပ်ကို တော်လှန်ဖို့ ကြိုးစားနေကြတဲ့ လူအများစုက စစ်တပ်အကြောင်း စိတ်မဝင်စားကြဘူး။ စိတ်ဝင်စားတယ်ဆိုတဲ့ လူတချို့ကလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ မောင်အေး အားပြိုင်နေကြတယ်၊ ဘယ်သူကတော့ ဒေါ်ကြိုင်ကြိုင့်လူ၊ ဘယ်သူနဲ့ ဘယ်သူ မတဲ့ဘူးဆိုတဲ့ ‘အတင်း’ နဲ့ ‘အဖျင်း’ နောက် လိုက်ကြတာ များတယ်။ တပ်မတော် ဖွဲ့စည်းပုံက ဘယ်လို၊ ထိပ်က ဗိုလ်ချုပ်တွေ ‘အာဏာ’ ကို ဘယ်နည်းနဲ့ ထိမ်းချုပ်ထားတာလဲ။ စနစ် System က ဘယ်လို၊ Form ပုံသဏ္ဌာန်က ဘယ်လိုဆိုတာကို အရေးမထားကြဘူး။
မြန်မာတွေထဲမှာ စနစ်တကျ သတင်းစုဆောင်းတဲ့ Source သတင်းဆုံချက် မရှိဘူး။ ရလာတဲ့သတင်းကို စိတ်ခံစားမှုမပါဘဲ ရှိတဲ့ Data သတင်းသက်သက်နဲ့ ယှဉ်ပြီး အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်နိုင်တဲ့ ဝေဖန်သုံးသပ်နိုင်သူ Analyst မရှိဘူး။ အမှန်တကယ် ကြည့်တတ်ရင် Direct Source လို့ ခေါ်တဲ့ တိုက်ရိုက် သတင်းပေးနိုင်သူ မရှိဘူး။ နအဖ ဗိုလ်ချုပ်တွေက သတိရှိတယ်။ ဘယ်သူမှ အဝင်မခံဘူး။ သူတို့နောက်လိုက်တွေ၊ ကပ်ဖားနေတဲ့ စီးပွားရေးသမားတွေ ပြောတာကို တဆင့်ခံကြားပြီး ပုံကြီးချဲ့ကြည့်နေကြတာ။ အင်္ဂလိပ်လို့ Proxy လို့ ခေါ်ပါတယ်။ တိုက်ရိုက်သိတာ တယောက်မှ မရှိပါ။ တဆင့်စကား တဆင့်ပွားပြီး လူတတ်ကြီးတွေ လုပ်နေကြတာပဲ။ နအဖ ဘက်က တမင်လုပ်ကြံပြီး ‘အပင်း’ ထည့်တာတွေကလည်း ခဏခဏပဲ။ တကြိမ်က လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်က Brigadier General ဗိုလ်မှူးချုပ်ဟာ Major General ဗိုလ်ချုပ်ထက် ရာထူးကြီး ပါတယ်ဆိုပြီး အတင်းငြင်းတယ်။ ကျနော် ဘာပြန်ငြင်းရမှန်းမသိ ဖြစ်ခဲ့ရတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ စစ်တပ်နဲ့ဆိုင်တဲ့ နားလည်မှု၊ လေ့လာမှု၊ စိတ်ဝင်စားမှု ချို့ယွင်းနေသေးတယ် ဆိုတာကို သိစေချင်တာပါ။
နအဖ ဘက်က ဒေါ်စုကို အသေးစိတ် လေ့လာထားတယ်။ ဒေါ်စုရဲ့ တွေးပုံတွေးနည်း၊ ဒေါ်စုရဲ့ စိတ်ဓာတ် အနေအထား Psychological Profile၊ ဒေါ်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာပြုစုထားတယ်။ ဒါ့အပြင် National Defense College လို့ ခေါ်တဲ့ ဗိုလ်ချုပ်ဖြစ်မယ့် သူတွေကို ရွေးပြီး၊ မွေးထုတ်ပေးတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ NLD ကို ဘယ်လိုရင်ဆိုင်မလဲ၊ NLD အားသာခဲ့ရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စစ်ပွဲတိုက်ပွဲသဏ္ဌာန် War Game လုပ်ကြတယ်။ နအဖ က စစ်သားတွေပီပီ စစ်ပညာရှင် ရှင်စူး Shin Tsu ပြောခဲ့တဲ့ Know thy Enemy သင့်ရန်သူအကြောင်းကို သိပါစေ ဆိုတာကို မမေ့ဘူး။ အတိုက်အခံကို ရင်ဆိုင်ဖို့ ရန်သူနဲ့ စစ်တိုက်ရသလို သဘောထားဆက်ဆံ၊ ကြိုတင်ပြင်ဆင်ထားတယ်။
ကျနော်တို့ အတိုက်အခံတွေဘက်က ဘယ်နှယောက်များ စစ်တပ်အကြောင်း စိတ်ဝင်စားလို့ လေ့လာထားတာ ရှိကြသလဲ ပြန်မေးကြည့်ကြပါ။ လက်တဖက်နဲ့ ရေနိုင်ပါတယ်။ ဒီလူနည်းစုထဲမှာပဲ ဘယ်နှယောက်က အတင်းနဲ့ အဖျင်းကို သတင်းနဲ့ မရောဘဲ စနစ်တကျ စိတ်ဖြာသုံးသပ်နိုင်ပါသလဲ။ ဘယ်ဟာက ‘အတင်း’၊ ဘယ်ဟာက ‘သတင်း’ ဆိုတာ ကို ခွဲစိတ်နိုင်ကြရဲ့လား။ ဗိုလ်ချုပ်သန်းရွှေရဲ့ တွေးတောပုံတွေးတောနည်း၊ ဘယ်ဟာကို အလေးပေးတယ်၊ ဘယ်ဟာကိုတော့ အရေးမပေးဘူး။ သူ့ရဲ့ Psychological-Profile ဘယ်လို ဆိုတာတွေကို ပြုစုထားကြသလား။ ဗိုလ်ချုပ်သန်းရွှေနဲ့ တိုက်ရိုက်ဆက်ဆံဖူးတဲ့သူ ဘယ်နှစ်ယောက်နဲ့ ဆွေးနွေးဖူးကြသလဲ။ သံတမန်တွေဆီက ကြားတဲ့ စကားနဲ့ တဆင့် Proxy တွေက ပြောတာတွေကိုပဲ နားစွင့်ပြီး ပုံကြီးချဲ့နေကြရတယ် မဟုတ်လား။ တခါတခါ အချင်းချင်း လွှင့်လိုက်တာကပဲ သတင်းဖြစ်ပြီး ပြန်လည်လာတယ် မဟုတ်လား။
ဒါကြောင့် အတိုက်အခံတွေကြားမှာ ဖြစ်ချင်တဲ့ စေတနာနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ငပေါကြီး၊ ဗိုလ်ချုပ် မောင်အေးက ‘ငမူး’ ဒီ နှစ်ယောက် အားပြိုင်နေကြတယ်။ စသဖြင့် စိတ်ကူးယဉ် ပုံရိပ်ဖော်ခဲ့ကြတယ်။ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပကတိအနေအထားကို ယုတ္တိကျကျ မမြင်ချင်တော့၊ မမြင်တတ် ကြတော့ဘူးပေါ့။ ဒါကြောင့် သန်းရွှေကြီးတော့ ကြောက်နေပြီ။ သန်းရွှေကြီး ဒုက္ခတွေ့နေပြီဆိုပြီး ဖြစ်ချင်တာကို စိတ်ခံစားမှု Emotion နဲ့ ရောပြီး ယုံလိုက်ကြ၊ ကောက်ချက်ချလိုက်ကြတော့ ရန်သူကို အရှိကို အရှိအတိုင်း မမြင်ကြဘဲ၊ ပြင်ဆင်မှု မလုပ်ခဲ့ကြ။ နောက်ဆုံး တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဘက်က အဆင့်သင့်မဖြစ်ကြဘဲ အခွင့်အရေးတွေ ဆုံး၊ အချိန်တွေကုန်ပြီး တိုင်းပြည်နဲ့ လူမျိုးလည်း ‘စစ်ကျွန်’ ဘဝက မလွတ်ဘဲ၊ မွဲသထက် မွဲကုန်ကြတာပေါ့။
ကျနော့်အမြင်ကို တင်ပြရရင် ဗိုလ်ချုပ်သန်းရွှေဟာ ‘ငပေါ’ မဟုတ်ပါ။ ပညာတတ် အတွေးအခေါ်ရှိတဲ့ ‘လူတော်’ လည်း မဟုတ်ပါ။ တိုင်းပြည်ကိုချစ်တဲ့ ‘မျိုးချစ်’ လည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာမက်တဲ့၊ အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့၊ အာဏာကို ထိန်းနိုင်တဲ့ ‘အာဏာရှင်’ သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို အတွေ့အကြုံရှိတဲ့ လူတွေ့ရဲ့ စိတ်ဓာတ်ကို နားလည်တဲ့၊ လမ်းပေါ်က တိုက်ပွဲအကြောင်းကို နားလည်တဲ့ Street Smart လူလည်တယောက်ပဲ။ ဗျုဟာ Strategy ကို နားလည်တဲ့ ဗျုဟာမှူးကောင်း Good Strategist လို့ ပြောလို့ရနိုင်တယ်။
ဗိုလ်ချုပ်သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် အာဏာရှင်တိုင်း ကျင့်သုံးရမယ့် Manipulation & Exploitation by power ဆိုတဲ့ အာဏာသုံးပြီး လူတွေကို ဘယ်လို အသုံးချရမယ်၊ ကြိုးကိုင်ရမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နည်းပရိယာယ်နဲ့ အာဏာရှင်ကျမ်းကို ကျေခဲ့ပုံရတယ်။ ကိုယ့်အင်အားမရှိခင် ရေမြွေလို ငြိမ်နေပြီး အဆိပ်ရှိတာ မပြနဲ့၊ ပိုင်မှ တချီထဲ ထပေါက်လိုက်တာ။ ဗိုလ်ချုပ် ခင်ညွန့်ကို ‘ဝ’ အောင် အသုံးချပြီး၊ ဗိုလ်ချုပ်နေဝင်းကိုတောင် ပြန်ကိုင်နိုင်တာ ငပေါ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ရန်သူတွေက ကိုယ့်ကို လျှော့တွက်အောင် အထင်သေးအောင် ‘နေ’ နိုင်တာ ‘ပညာရပ်’ တခုပဲ။
အာဏာရှင်စနစ်မှာ အာဏာရှင်မှန်ရင် အဓိကဟာ အမြဲသတိရှိရမယ်၊ အမြဲစောင့်ကြည့်နေရမယ်၊ နှိပ်ကွပ်စရာရှိရင် လက်မနှေးရဘူး၊ ရက်စက်နိုင်ရမယ်။ စတာလင်သော်၎င်း၊ မော်စီတုံးသော်၎င်း တိုင်းပြည် အုပ်ချုပ်ရေးနဲ့ ထူထောင်ရေးကို အချိန်ပြည့် အလေးထားကြတာမှ မဟုတ်တာ။ ဒါက ချူအင်လိုင်းရဲ့ တာဝန်။ ယဉ်ကျေးမှု တော်လှန်ရေးမှာ မော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ အကုန်မသိဘူး။ အကုန်မပြော။ အားလုံးအန္တရာယ်ရှိအောင် ‘လုပ်’ ထားပြီး တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ‘အားပြိုင်’ ခိုင်ထား။ ‘အလုပ်’ ပေးထားတာ။ ဒါမှ အာဏာ လုဖို့၊ ကြံဖို့ အချိန် မရှိအောင် လုပ်ထားတာ။ မော့် အစီအစဉ်ကို မော် တယောက်ပဲ သိတာ။ မော်ဟာ သူ့လူတွေကို အချိန်ပြည့် စောင့်ကြည့်နေတာ။ လူတိုင်းကိုလည်း အတွေ့မခံ၊ တွေ့ချင်ရင် ခွင့်တောင်းနေရတာ။
ဗိုလ်ချုပ်သန်းရွှေကို လေ့လာရင်လည်း ဗိုလ်ချုပ်တွေဟာ တွေ့ချင်တိုင်း ဗိုလ်ချုပ်သန်းရွှေကို မတွေ့ရပါ။ ‘ခေါ်’ မှ တွေ့ရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကြည့်ရင်လည်း ဘယ်သူမှ ဘာ ‘လုပ်’ မယ်ဆိုတာ တိတိကျကျ မသိကြပါ။ ဟိုဝန်ကြီးကို တမျိုးခိုင်း၊ ဒီဝန်ကြီးကို တမျိုးခိုင်း၊ ဒီဗိုလ်ချုပ်ကို မျက်နှာသာပေးလိုက်၊ ဟိုဗိုလ်ချုပ်ကို မျှော်လင့်ချက်ပေးလိုက်နဲ့ အချင်းချင်း ပြိုင်ခိုင်းထားတာပါ။ အာဏာကို နားမလည်တဲ့ ဗိုလ်ချုပ်ဆိုရင် အကွက်မှားတာနဲ့ ‘နာ’ ပြီသာ မှတ်ပေတော့။ ၂ဝ၁ဝ ရွေးကောက်မှာ ဘာဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်သန်းရွှေပဲ သိတယ်လို့ ကျနော် ယူဆတယ်။
ဗိုလ်ချုပ်သန်းရွှေ ‘မှား’ တဲ့ အကွက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကိုလိုက် ‘နင်း’ ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှု မရှိတာကတော့ ကျနော်တို့ အတိုက်ခံတွေရဲ့ ‘အားနည်း’ ချက် သက်သက်ပဲ။ ဒါကြောင့် ‘အတို’ ချုပ်ရရင် -
* ရန်သူကို နားလည်ပါ Know your Enemy
* ရန်သူ တွေးသလို၊ တွေးပါ
* စစ်ပွဲတပွဲလို (ပြင်ဆင်) ထားပါ
* စစ်သား (တွေး) နည်းကို သိပါစေ
* စစ်သားဖြစ်မှတော့ လူသတ်ရမှာကို မကြောက်တာကြောင့် စိတ်ပုတီးဆွဲပြီး တိုက်၍ မရပါ
* စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ချင်ရင် ‘အနိုင်’ ယူရမှာကို လက်တွန့်၍ မရပါ
* ပြင်ဆင်မှု ရှိကြပါစေ
* နိုင်ငံရေးတိုက်ပွဲကို စစ်ပွဲတပွဲအဖြစ် မြင်ကြ၍ ဗျူဟာ ရှိပါစေ
လိုအပ်ချက်ကို ဆန်းစစ်ခြင်း - Needs Analysis
တိုက်ပွဲတပွဲကို မတိုက်ခင်ဖြစ်စေ အစီအစဉ်တခကို ဖော်ထုတ်ရာတွင်ဖြစ်စေ (လိုအပ်မှု) Needs (သို့) Requirements တွေကို ဆန်းစစ်ရပါမယ်။ ဒါမှ ဖြည့်ဆည်းမှု Logistics နဲ့ သင်တန်း Training တွေကို ဖြည့်ဆည်းပြီး အဆင်သင့်ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အတိုက်အခံတွေက အနှစ် ၂ဝ ကြာ လက်ရှိ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမယ့် မိမိတို့ရဲ့ လိုအပ်ချက်ကို ဆန်းစစ်ခြင်း မရှိခဲ့ကြဘူး။ ‘လိုအပ်’ တာကို မသိရင် ‘ဖြည့်ဆည်းမှု’ နဲ့ ‘ပြင်ဆင်မှု’ မရှိနိုင်တာကြောင့် ‘တိုးတက်မှု’ နဲ့ ‘အောင်မြင်မှု’ မရှိခဲ့ကြဘူး။ ဒါရဲ့ ရလဒ်က စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုကြီးဟာ ဦးတည်ချက် မရှိဘဲ ထိရောက်မှုမရှိ ဖြစ်ခဲ့ကြရတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်ကအချိန်ကြာလာတော့ ယုံကြည်နဲ့မျှော်လင့်မှုတွေလျော့ရဲလာတာပေါ့
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မကြိုက်တာ ရာခိုင်နှုန်းပြည့်နီးပါး မဟုတ်ရင်တောင် ‘အများ’ က ‘မကြိုက်’ ကြတာ ထင်ရှားပါတယ်။ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးနေတဲ့ အစိုးရ ယန္တရားထဲမှာပဲ ဖြစ်ဖြစ် စစ်တပ်ထဲမှာတောင် လက်ရှိအာဏာရှင်စနစ်ကို ‘မနှစ်မြို့’ သူတွေ ရှိကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေ လက်အောက်မှာ ဖွဲ့စည်းမှုရှိတဲ့ စစ်တပ်နဲ့ အစိုးရ ယန္တရားရှိတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေမှာ ‘အင်အား’ ရှိတယ်လို့ ပြောလို့ ရနိုင်တယ်၊ ဒါကြောင့် (မလှုပ်) ရဲကြဖူးပေါ့။
ကျနော်တို့ အတိုက်အခံတွေမှာ စံနစ်တကျ ဖွဲ့စည်းမှုရှိတဲ့ လှုပ်ရှားမှု (Organized Movement) မရှိကြဘူး။ အဝေးရောက် အစိုးရအဖွဲ့ဆိုတာ ၅ ယောက်အဖွဲ့ကနေ - အနှစ် ၂ဝ ကြာမှ ဝိုင်းပြောကြလွန်းလို့ ၇ ယောက် အဖွဲ့ ဖြစ်လာရတယ်။ NLD မှာ ဖွဲ့စည်းပုံ ရှိပေမယ့် CEC တွေက လှုပ်ရှားခွင့်နဲ့ ဦးဆောင်မှု မပေးနိုင်တာကြောင့် စက္ကူပေါ်ဖွဲ့စည်းမှု အဆင့်သာသာပဲ ရှိပါတယ်။ ယနေ့တိုင် လက်တွေ့မှာ နယ်တိုင်းနယ်တိုင်း မြို့နယ် ရပ်ကွက်အထိ လူ ရှိတာ NLD ပဲ ရှိတယ်။ အထူးသဖြင့် ‘လူငယ်’ အပိုင်းမှာပေါ့။ ဒါပေမဲ့ ထိပ်ပိုင်းက အစိုးရိမ်လွန်တာကြောင့် အားလုံး ဝါးလုံးကိုင်ပြီး ကင်းစောင့်နေကြရသလိုဖြစ်နေတယ်။
၈၈ တော်လှန်မှုကြီးအပြီးမှာ လူငယ်တွေ အုပ်လိုက်ကြီး ပြည်ပကို ထွက်ခဲ့ကြတယ်။ ကျောင်းသား တပ်မတော်ကြီးကို ထူထောင်နိုင်ခဲ့ကြပြီး မျှော်လင့်ချက် ပေးနိုင်ခဲ့ကြတယ်။ ကျောင်းသား တပ်မတော်ကြီး ရဲ့ ခေါင်းဆောင်ပိုင်း နှစ်ပိုင်းကွဲ သွားပြီးတဲ့နောက်မှာ ဒီအုပ်စုကြီးဟာ တိုင်းပြည်အသီးသီးကို လွင့်ထွက်သွားခဲ့ကြတယ်။ အများဆုံးကတော့ အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတယ်။ အင်ဒီယားနားပြည်နယ်က ဖို့ဝိန်း (Ft Wayne) မြို့ဟာ မြန်မာရွာလို့ ပြောလို့ရအောင် မြန်မာတွေ များပါတယ်။ ဒီလို စုစည်းလာတဲ့ ဒေသမှာ အင်အား တည်ဆောက်နိုင်ဖို့ ကောင်းတာပေါ့။ အင်အား တည်ဆောက်နိုင်ဖို့ နေနေသာသာ ကွဲနေလိုက်ကြရုံမက တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့တဦး ရန်ဆောင်တိုက်ခိုက်နေလိုက်ကြတာ မြင်ရက်စရာမရှိပါ။
ထို့နည်းတူစွာ မြန်မာတွေရှိတဲ့ ဝါရှင်တန် ဒီစီမှာပဲ ကြည့်ကြည့်၊ နယူးယောက်မှာပဲ ကြည့်ကြည့်၊ ဂျပန်မှာပဲ ကြည့်ကြည့်၊ မလေးရှားမှာပဲ ကြည့်ကြည့်၊ မြန်မာတွေရှိရင် အကွဲဇာတ်လမ်းတွေက ရှိစမြဲပဲ စိတ်မကောင်းစရာ။
ဘာကြောင့် (ကွဲ) ကြတာလဲ?
ကျနော် ဉာဏ်မီသလောက် ဉာဏ်ကလေးနဲ့ သုံးသပ်ကြည့်နိုင်တာကတော့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုမှာ- patronage လို့ခေါ်တဲ့ ဆရာမွေး၊ တပည့်မွေး အကျင့်က ကြီးစိုးလျက်ရှိသေးတယ်။ ဒါကြောင့် နည်းနည်းလေး အတောင်ပေါက်လာရင် အစွမ်းပြချင်ကြတယ်။ ငါတတ်ပြီ ငါ ‘ဆရာ’ ဆိုတာကို လူသိအောင် လက်ခမောင်း ခတ်ပြချင်ကြတယ်။ တပည့်တွေကလည်း ‘ငါ့ဆရာ’ ကို မထိနဲ့ ဆိုတဲ့ မာန်တွေဝင် ကွဲကုန်ကြရော။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုဟာ - ငါ ဆိုတဲ့ မာန်တွေ၊ အီကို (Ego) တွေနဲ့ ဖုံးလွှမ်းလျက်ရှိတယ်။ လူဆိုတာ အားနည်းချက်တွေ ရှိကြသလို၊ အားသာချက် ဆိုတာလည်း ရှိကြစမြဲပဲ။ လူတိုင်းလူတိုင်းမှာ ထူးချွန်တာလေးတွေ ရှိကြပြီး အဖွဲ့အစည်းတခု လူ့အသိုင်းအဝိုင်း (Community) တခုမှာ သူ့နေရာနဲ့သူ အသုံးဝင်တဲ့ နေရာကလေးတွေ ရှိတယ်။ လူတိုင်း ပါဝင်ကွက်လပ်ဖြည့်နိုင်တယ်ဆိုတာကို သတိ မရှိကြဘူး။ သူကလည်း ဆရာ၊ ငါကလည်း ဆရာ၊ ဟိုကလည်း ဆရာ၊ ဒီကလဲဆရာ-ဆရာ အချင်းချင်း ‘ငါ’ ဆိုတဲ့ မာန်၊ မာနတွေနဲ့ ကွဲလိုက်၊ ပြိုင်လိုက်၊ တိုက်ခိုက်လိုက်ကြတော့ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေကတဆင့် အုပ်စု တိုက်ပွဲတွေဖြစ်ကြပြီး စုစည်းလို့မရကြတော့ - ဖွဲ့စည်းမှုရှိတဲ့ လှုပ်ရှားမှုကြီးကို မဖော်ထုတ်နိုင်ကြတော့ဘူးပေါ့။
ကျနော်တွေရဲ့ နောက်ထပ်ဆိုဝါးတဲ့ အကျင့်တခုက သွေးဆူလွယ်တယ်။ တဦးနဲ့ တဦး ခွင့်လွှတ်ပြီး နားလည်းပေးတဲ့ အကျင့်မရှိဘူး။ ထိုင်းလူမျိုးတွေကိုကြည့်ရင် အများအားဖြင့် ခွင့်လွှတ်တယ်။ သွေးအေးတယ်။ အင်္ဂလိပ်လိုတော့ Tolerant ဖြစ်တယ် ပြောရမှာပေါ့။ ကျနော် ကိုယ်နှိုက်လည်း စိတ်မြန်တယ်။ သွေးဆူလွယ်တယ်။ တခါတခါ စိတ်ဆိုးပြီး - ဆဲဆိုပြီးမှ ဘေးက ထိုင်းတွေကိုကြည့်ပြီး ‘သတိ’ ဝင်လာတယ်။ ကိုယ့်ကိုကိုယ်လည်း ရှက်မိတယ်။ ဘယ်လူမျိုးကပဲဖြစ်ဖြစ် ကောင်းတဲ့ အကျင့်ကို အတုယူသင့်တယ်လို့ ထင်လို့ပါ။ ဂျပန်တွေဟာ အင်မတန်စည်းကမ်းရှိတယ်။ ဝိရိယရှိတယ်။ သန့်ရှင်းမှုကို ကြိုက်တယ်။ ဒါကောင်းသော အကျင့်တွေမို့ အတုမယူသင့်ဘူးလား?
ငါ ဆိုတဲ့ မန်မာနကြီးပြီး သွေးဆူလွယ်တဲ့ မြန်မာတွေ ဖွဲ့စည်းမှုမရှိဘဲ အချင်းချင်းကွဲနေကြတာ ဘယ်ထူးဆန်းပါ့မလဲ။ ဒါကြောင့် ပင်ကိုစိတ်သဘောထားက စလို့ ပြင်ဖို့ သတိရှိကြဖို့ စဉ်းစားသင့်တယ် ကိုယ်စီကိုယ်စီ အရည်အချင်းရှိကြပါတယ်။
လူတဦးရဲ့ လက်တောင် အတိုအရှည် ရှိကြတာပဲ။ လူတဦးနဲ့တဦး စွမ်းဆောင်နိုင်တာချင်း ဘယ်တူနိုင်ပါ့မလဲ။ တချို့က စည်းရုံးရေးကောင်းတယ်။ တချို့က အတွေးကောင်းတယ်။ တချို့က ကာယအားကောင်းတယ်။ တချို့က ဉာဏအား ကောင်းတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်အားသာချက်ကို သိရင် အဖွဲ့အစည်းရှိရင် ကိုယ်စွမ်းသမျှ ကိုယ်အားဖြည့်ပေးရင် ဒီအဖွဲ့အစည်းဟာ ကြီးထွားအားသန်လာမှာပေါ့။ ဒီလိုမဟုတ်ဘဲ အားလုံးက ခေါင်းဆောင်လုပ်ချင်၊ ဥက္ကဋ္ဌ လုပ်ချင်ရင်တော့ အဖွဲ့တွေ၊ ဥက္ကဋ္ဌတွေများပြီး ကျနော်တို့ တိုင်းပြည်လည်း စစ်ကျွန် စစ်ဖိနပ်အောက်က ဘယ်လွတ်ပါတော့မလဲ။
လူတိုင်းမှာ အားနည်းချက် ရှိကြတယ်။ ဒါ ရှက်စရာမဟုတ်ပါ။ ဥပမာ ကျနော့်ဆီမှာ ပညာတတ် အကျင့်ဆိုးရှိတယ် လူတယောက်ကို စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းသက်သာ တွဲခေါ်ရှင်းလင်းပြပြီး စည်းရုံးနိုင်တဲ့ အရည်အသွေး မရှိဘူး။ ကျနော် စိတ်မရှည်ဘူး။ အချိန်ကုန် မခံချင်ဘူး။ ဦးတင်မောင်ဝင်း၊ ဦးဝင်းခက်၊ ကိုမိုးသီးတို့ဟာ ဒီနေရာမှာ ကျွမ်းတယ်။ စည်းရုံးဖို့ဆို တညလုံး မိုးလင်းပေါက် စိတ်ပါလက်ပါ စကားတွေ ဖောင်ဖွဲ့ အောင်ပြောနိုင်တယ်။ အောက်ခြေလူတန်းစားပါလာဖို့ဒီလို စည်းရုံးရေးသမားကောင်းတွေ လိုအပ်တာပေါ့။ ကျနော်က ထိပ်တိုက်ရင်ဆိုင်ဖို့ဆို နည်းနည်းမှ ဝန်မလေးဘူး။ တချို့က အားနာတတ်တယ်။ ရင်ဆိုင်ဖို့ဆို မလိုလားဘူး။ ကျနော်က တွေဝေမနေတတ်ဘူး။ ဆုံးဖြတ်ရဲတယ်။ တချို့က ဘာမဆို ဆုံးဖြတ်ရမှာ ကိုကြောက်တယ်။ ကိုယ့်အားနည်းချက် ကိုယ့်အားသာချက်တွေသိရင် ကိုယ်စွမ်းဆောင်နိုင်တဲ့ အပိုင်းက ‘က’ ကြရုံပဲ ရှိတာပေါ့။ လူတိုင်း ခေါင်းဆောင်လုပ်ဖို့ ကြိုးစားကြမယ့်အစား ကိုယ်နိုင်ရာက အားဖြည့်ကြရင် ကိုယ့်အဖွဲ့အစည်း ကြီးထွား အောင်မြင်လာရင် ရေမြင့်ရင် ကြာတင့်သလို ကိုယ်လည်း အရေးပါလာကြမှာပေါ့။
ကျနော်တို့နိုင်ငံမှာ အဖွဲ့အစည်းဆိုတာ စစ်တပ် ဘဲရှိတာကြောင့် ကျနောတို့ အများစုဟာ အဖွဲ့အစည်းနဲ့ အဖွဲ့စည်း အတွင်း အလုပ်မလုပ်တတ်ကြဖူးလို့မြင်မိတယ်။ အဖွဲ့အစည်းကို ဂုဏ်ယူတာ သစ္စာရှိ တာတွေကို သဘော မပေါက်ကြဖူးလို့ ထင်မိတယ်။ တယောက်နဲ့တယောက်မတဲ့တာနဲ့ အဆင်မသင့်တာနဲ့ ခွဲထွက်ကြဖို့ စဉ်းစားကြပြီ။
ယဉ်ကျေးမှုတော်လှန်ရေးမှာ တိန်လျောက်ပိန်ဟာ ရာတူးကဖယ်ရှား ခံရပေမဲ့ ကွန်မြူနစ်ပါတီအပေါ်သစ္စာမပျက် ဖူး။ မော်စီတုံးက အရေးယူပေမဲ့ သူ့ကိုကွန်မြူနစ်ပါတီဝင် အဖြစ်ကမထုတ်ပြစ်တာကိုဘဲ ကျေနပ်နေတယ်။ ဒါအ ဖွဲ့အစည်းအပေါ်သစ္စာရှိတာ ကိုယ့်အဖွဲ့အစည်းကို လေးစားတာ ဂုဏ်ယူတာ။
လက်ရှိဗမာစစ်တပ်ကို လေ့လာကြည့်ရင်လည်း စစ်ဗိုလ်လူထွက်အများစုဟာ လက်ရှိနအဖစစ်ဗိုလ်တွေကို မုန်းရင်မုန်းမယ် မိခင်အဖွဲ့အစည်း စစ်တပ် ကိုမမုန်းကြတာတွေ့ရတယ်။
ကျနော်တို့ လူတွေကိုလေ့လာကြည့်ပါ။ ABSDF မှာခေါင်းဆောင်ခဲ့ကြတဲ့ အတူတူအသေခံတိုက်ခဲ့ကြပါတယ် ဆိုတဲ့လူတွေ လက်ရှိ ABSDF ကို ဘယ်နှစ်ယောက်ပြန်ပန့်ပိုးကြပါသလဲ။ လက်ရှိ အမေရိကားမှာ ABSDF ကို လက်နက်ကိုင်တွေဆိုပြီး ကျောင်းသားစစ်တပ်အဖွဲ့ဝင်ဟောင်းတွေဆိုရင် ဟန့်တားမှုရှိတာတွေ တွေ့မြင်လာ ရတယ်။ (ဥပမာ။ ။ ဂရင်းကပ်(ဒ်) Green Card ကနေ Citizen စစ်တီဇင် မတိုးပေးချင်ဖူး။ Refugee ကနေ ဂရင်းကပ်(ဒ်) ကိုတိုးပေးဖို့အငြင်းခံရတာ တွေရှိနေတယ်။ ကျနော်က ကိုယ့်အလုပ်မဟုတ်ပေမဲ့ မခံချင်လို့ ဒါကိုလူစုပြီး အမေရိကန်ကွန်ကရက်မှာ လောဘီ လုပ်ဖို့ကျနော် လေးစားတဲ့ ကျောင်းသားခေါင်းဆောင် (၂) ဦးကိုတီးခေါက်ကြည့်မိတယ်။ အချိန်မရှိပါဖူးအကိုရာတဲ့။ အဲသလိုမျိုးတွေဖြစ်တော့ မိခင်ဖွဲ့အစည်းကို မခင်တွယ်တော့ဖူးပေါ့။
တော်လှန်ရေးအောင်မြင်ဖို့ ဖွဲ့စည်းမှု စနစ်ရှိတဲ့ လှုပ်ရှားမှု ရှိမှဖြစ်မယ်။ ဖြစ်ရအောင် သဘောထား ရော အမြင်ပါ ပြောင်းဖို့လိုတယ်မဟုတ်လား။
ဒီနေရာမှာ ထပ်ဖြည့်ချင်တာက အားလုံးညီညွတ်တဲ့အဖွဲ့ကြီးဖေါ်ဆောင်ရမယ်လို့ဆိုလိုရင်းမဟုတ်ရပါ။ နံမည် ကျော်ကြားတဲ့အဖွဲ့ပင်ဖြစ်စရာမလိုပါ။ အလုပ်ဖြစ်တဲ့ စေတနာမှန်တဲ့ လူစုတစု ကစရင်း အလုပ်မှန်ခဲ့ရင် အရှိန်ရလာမှာပါ။
ငွေ…ငွေ…ငွေ
ဘယ်လှုပ်ရှားမှု ဘယ်အဖွဲ့အစည်း ဘယ်မြေအောက်လှုပ်ရှားမှု မဆို ‘ငွေ’ မရှိဘဲ မရပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ လှုပ်ရှားမှု အထူးသဖြင့် ပြည်ပလှုပ်ရှားသူတွေရဲ့ အဓိက အမှားက ‘ငွေ’ အတွက် နိုင်ငံခြားက (Donor) အလှူရှင်တွေကို မှီခိုအားထားနေကြတာပဲ။ ကြာတော့ လုပ်သင့်တာ မလုပ်နိုင် မလုပ်ဖြစ်ဘဲ တချို့က ပရောဂျက်မှီခိုသူတွေ ဖြစ်ကုန်ရော။ တချို့က ငွေမရှိတော့ ယောင် ၆ဝ ဖြစ်ကုန်ကြတယ်။ ဒို့အပြင် ဒိုနာဆိုတာက သူ့အကျိုး၊ သူ့ယုံကြည်ချက်တွေရှိစမြဲမို့ ဒါတော့မလုပ်ရ၊ ဒါတော့မထိရဆိုတဲ့ ကန့် သတ်ချက်တွေ ရှိပြန်တယ်လေ။
ဒိအပြင် အတိုင်ပင်ခံပညာရှင် Consultant တွေ ၊ လောဘီရစ် တွေကအပေါ်ကဖြတ်စားကြပြန်တော့ တကယ်အလုပ်လုပ်ဖို့ငွေက မလောက်မငှဘဲ၊ ကျန်တော့တာ ပါ။ တကယ်လက်တွေ့မှာ နံမည်ပျက်ကောင်းရုံဘဲ ကျန်တော့တာပါ။
ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ကျန်တာတွေ အချိန်ဖြုံးတာထက် ‘ငွေ’ ကို ရှာနိုင်မယ့် ဖွဲ့စည်းမှု ရှိတဲ့ လှုပ်ရှားမှုကို အရေးပေးသင့်တယ်။ ကိုယ်ငွေကိုယ်ရှာနိုရင် ကိုယ်နိုင်ငံအကျိုးအတွက်သက်သက် သုံးနိုင်တာပေါ့။
မြန်မာတွေအတုယူစရာ
ကမ္ဘာတလွှမ်း ပြန့်ကြဲနေကြတဲ့ တမီလ်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ တမီလ်တိုက်ဂါး Tamil Tiger တွေကို ထောက်ပံ့နိုင်ခဲ့တယ် စစ်တပ်ကို ထောင်နိုင်ရုံမက ရေတပ်၊ လေတပ်ကိုပါ တည်ထောင်နိုင်ခဲ့တယ်။ ထို့နည်းတူစွာပဲ ကပ်ဒ် Kurds လူမျိုးတွေဟာ PKK ကို ထူထောင်နိုင်တယ်။ နီပေါ(လ်) Nepal က Maoist မော်ဝါဒီ ကွန်မြူနစ်တွေဟာလည်း တကမ္ဘာလုံးရှိနေကြတဲ့ ဂေါ်ရခါးတွေဆီက ငွေကောက်ခံပြီး တော်လှန်ရေး လုပ်နိုင်ရုံမက အခု - အစိုးရပါဖွဲ့နိုင်ပြီ။ (မှတ်ချက် Tamil Tiger တွေနောက်ဆုံးအရေးမလှဖြစ်ရတာက မြေပြင်ကခေါင်းဆောင်မှုကြောင့်ပါ)
ကျနော်တို့ဗမာတွေ တယောက်ပေါက်စီ တဖွဲ့စီအော်နေကြမဲ့အစား ဒီလူမျိုးဒီအုပ်စုတွေ ဘယ်လို ငွေကောက်ခံ ကြသလဲ။ ဘယ်ပုံနဲ့ဖွဲ့စီးကြသလဲဆိုတာကို လေ့လာပြီး ငွေကောက်ခံနိုင်ခဲ့ရင် ဗမာတွေကိုယ့်နိုင်ငံအက်ျိုး ကိုယ်လုပ်နိုင်ရင် ပိုမထိရောက်နိုင်ဖူးလား။
၈၈ က စလို့ အခုထိ နယ်စပ်ကနေ တကမ္ဘာလုံးပြန့်ကုန်တဲ့ မြန်မာနိုင်ငံသားတွေဟာ နည်းမှမနည်းတောပဲ့။ ဒါပေမဲ့ ဖွဲ့စည်းမှုရှိတဲ့၊ စနစ်ရှိတဲ့ အဖွဲ့အစည်း Organized & Systematic Organization ကို မဖွဲ့နိုင်ဘူး။ ဖွဲ့ရမှန်းလည်း မသိတာကြောင့် တယောက်တပေါက် အော်ကြ၊ ငိုကြ၊ ဆဲကြနဲ့ ရှင်းရှင်းပြောရရင် ‘အလုပ်’ မရှိကြဘူး ‘မလုပ်’ တတ်လို့ ‘အလုပ်’ မရှိကြတာပါ နိုင်ငံလိုက် နိုင်ငံလိုက်၊ မြို့လိုက် မြို့လိုက် စံနစ်တကျ ငွေစုပြီး ဒီလူတွေက စံနစ်တကျ အဖွဲ့တဖွဲ့ တည်ဆောက်နိုင်ရင် ငွေတွေ ဘယ်လောက် စုမိကြမလဲ။ ငွေရှိရင် လုပ်စရာတွေ အများကြီးရှိတယ်။
ငွေရှိရင် ဘာလုပ်နိုင်မှာလဲ။
ဥပမာ- ပြည်တွင်းမှာ စိတ်ဓာတ်ပြင်းတဲ့ လူတွေ ရှိတယ်။ အလုပ်လုပ်ချင်တဲ့ NLD လူငယ်တွေ ရှိတယ်။ ဒီလူတွေ လှုပ်ရှားဖို့ ငွေ လိုတယ်။ စည်းရုံးဖို့ ငွေ လိုတယ်။ ခေါင်းဆောင်မှု သင်တန်းတွေပေးဖို့ ငွေ လိုတယ်။ ထောက်လှမ်းရေးလိုက်ရင် ပြေးဖို့ ငွေ လိုတယ်။
လက်ရှိ ပြည်တွင်းမှာ UG လုပ်တယ်ဆိုတာ တကယ် ‘လိုအပ်မှု’ နဲ့ ယှဉ်ကြည့်ရင် နည်းလွန်းတယ်လို့ ထင်တယ်။ မြေအောက်လှုပ်ရှားမှု တကယ်လုပ်ရင် နောက်က ထောက်လှမ်းရေးကို ဘယ်လို ခြေရာဖျောက်မှာလဲ။ ဘယ်လို ဆက်သွယ်ကြမှာလဲ။ Safe House လို့ခေါ်တဲ့ လုံခြုံတဲ့ နေရာ ဘယ်လို ဖန်တီးမလဲ။ Network ကွန်ယက်ကို ဘယ်လို ဖော်ဆောင်မလဲ။ ဘယ်လို လူတွေကို ဘယ်လို စည်းရုံးမလဲ။ ဘယ်မှာ ရှာမလဲ။ ထောက်လှမ်းရေး သူလျှိုတွေကိုဘယ်လိုရှောင်မလဲ။ ဘာတွေသတိထားရမှာလဲ။ အဆင့်ဆင့်ဘယ်သူတွေကလမ်းညွန်ချက်ပေးမှာ လဲ။ ဒီလိုအပ်တဲ့ ပညာတွေကို ဘယ်လို၊ ဘယ်သူက၊ ဘယ်မှာ သင်တန်းပေးမှာလဲ။ ဆိုတဲ့ လက်တွေ့ ပြဿနာတွေ အများကြီးရှိတယ် ပြင်ဆင်မှုတွေ အများကြီး လိုပါတယ်။ ဒါတွေ ဖော်ဆောင်နိုင်ဖို့ လူ၊ အဖွဲ့အစည်း၊ ငွေ မရှိဘဲ မရပါ။
ယူဂျီ ကွန်ယက် (UG network) ကိုဖေါ်ဆောင်နိုင်ဖို့ ဆိုတာပြောတော့လွယ်ပေမဲ့ ယုံကြည်မှုနဲ့ စိတ်ဓါတ်အပြင် လိုအပ်တာတွေအများအပြားရှိတာကြောင့် အခက်အခဲတွေကြားကဖေါ်ဆောင်ရမှာပါ။
ယူဂျီကွန်ယက်ကိုထောင်နိုင်ရင်တောင် အဖမ်းခံရရင် ဘာပြောမယ် ဘာမပြောဘူး၊ ဇာတ်လမ်းက ဘယ်လိုဆိုတာတွေ တယောက်မိရင် တပြုံလုံးမပေါ်အောင် ဘယ်လို ဖြတ်မယ်ဆိုတာတွေဟာ Profession Training သင်တန်းမပေးဘဲ မရနိုင်ပါ ကျနော်တို့ဆီမှာ UG လက်တွေ့ ပြတ်ခဲ့တာ ကြာခဲ့ပြီဘဲ။ လိုအပ်ရင် ကွန်မြူနစ်တွေဆီက အတွေ့အကြုံတွေ ပြန်ယူပြီး ပေါင်းလုပ်ရမှာပဲ။
နိုင်ငံအစိုးရတွေက ကူညီမှုမရနိုင်ရင်တောင် ငွေ ရှိရင် ဒီအတတ်ပညာတွေကို ပို့ချတဲ့ အတွေ့အကြုံရှိတဲ့ ပညာ ရှင်တွေကို ရှာယူလို့ရပါတယ်။
ကိုယ့်မြန်မာ နိုင်ငံသား အချင်းချင်း စနစ်တကျ အဖွဲ့အစည်း ဖွဲ့ပြီး၊ ငွေ မရှာနိုင်ရင် ကျနော်တို့အားလုံး စိတ်ကူးယဉ်နေကြတဲ့အဆင့်က ကျော်နိုင်စရာမရှိပါ။
လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်
(၁) NLD CEC နဲ့ NCGUB တို့က ဝိုင်းဝေဖန်ရုံနဲ့ ဆင်းပေးမလား - မဆင်းဘူး (မှတ်ချက်-ရာဇဝင် သိအောင် ဖော်ထုတ်တာ တပိုင်းပေါ့)
(၂) ပရော့ဂျက် နိုင်ငံရေးသမားတွေကော ဝေဖန်လို့ ရပ်သွားမှာလား - မရပ်ဘူး
(၃) ငိုကြ၊ ရိုကြ၊ ဝိုင်းဆဲကြရုံနဲ့ နအဖ က ဒီမိုကရေစီ ပေးမှာလား - မပေးဘူး
(၄) အဖွဲ့စည်းမရှိဘဲ ‘အင်အား’ ရှိမလား - မရှိဘူး
ဒါကြောင့် ရှိပြီးသား အဖွဲ့အစည်းတွေ ရှိပါစေ။ သူ့လမ်းနဲ့ သူသွားကြလိမ့်မယ်။ အဖွဲ့အစည်း ဆိုတာထက် Network ဆို ရင်ပိုမှန်လိမ့်မယ်။ အလုပ်ဖြစ်ဖို့ပဲ လိုတယ်။ လူသိစရာ မလိုပါ။ လူစုပြီး ရှာရတဲ့ ငွေနဲ့ ပြင်ဆင် - အထဲမှာ UG နည်းနဲ့ လူစု - အရေးကြုံရင် - အဆင်သင့်ဖြစ်ရင် လူထု အင်အားပြနိုင်ရင် ပြောင်းလဲမှု ဖြစ်လာရမှာပေါ့။
(အင်အား) ကြီးရင် တခါထဲရှင်း။
(အင်အား) မပြည့်စုံရင် (ဆွေးနွေး) ပွဲနဲ့ အဖြေရှာပေါ့။
(အင်အား) ရှိလာရင် NLD ကိုဝိုင်းရံပေးနိုင်တယ်၊ ဒေါ်စုလည်း (အား) ရှိတာပေါ့။
(မှတ်ချက် - မတတ်သာလို့ပရောဂျက်ဝင်လုပ်နေရတဲ့ မျိုးချစ် လူကောင်းတွေ အများကြီး ရှိကြပါတယ်။ စေတနာ မှန်လို့ တိုးတက်မှုရှိလာရင် လူကောင်းတွေ စုလာကြမှာပါ။)
ဘဲဥ အစရှာမရ
ကျနော်တို့ အတိုက်အခံတွေဟာ ဘဲဥအစရှာမရသလို ဘယ်က ‘စ’ ရမှန်းမသိ ဖြစ်နေကြတယ်။ နအဖကို ဆဲဆိုရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို သတိရှိပုံ မရကြဘူး။ တကယ်တမ်းကျတော့လည်း ‘စ’ ဖို့ဆိုတာ ‘အသိ’ ရှိရင်တောင် တကယ့်လက်တွေ့မှာ မလွယ်ကူလှပါ။ မြန်မာ အများကို စည်းရုံးဖို့ဆိုတာ ၃ ယောက် ရှိရင်တောင် တဖွဲ့ထဲ ဖြစ်ဖို့ထက် ၃ ဖွဲ့ ဖြစ်ဖို့က များတာကိုး။ တဖက်ကလည်း မလွယ်လို့ မလုပ်ဘူးဆိုရင် လောကမှာ ဘယ်အရာမှ လုပ်စရာ ရှိတော့မှာ မဟုတ်ဘူးပေါ့ လွယ်လို့လုပ်ရမှာမဟုတ် လိုအပ်လို့ မလုပ်မဖြစ် လို့လုပ်ရမှာပါ
ကျနော်တို့ အတိုက်အခံတွေဟာ အနှစ် ၂ဝ ကျော်ခဲ့ပြီ၊ အခုထိ တော်လှန်မှုကို မစရသေးဘူး။ ဘယ်ဗျူဟာနဲ့ ဘယ်လမ်းကို လိုက်ပြီး ဘယ်အချိန်အတွင်းမှာ တိုးတက်မှု အင်အားရှိအောင် တည်ဆောက်မယ် ဆိုတာကို မစဉ်းစားရသေးဘူး အစမရှိရင် အဆုံးမပြောနဲ့ တိုးတက်မှုတောင် မရှိနိုင်ဘူးပေါ့။
အားရင် စစ်ဗိုလ်တွေကိုပဲ ဆန့်ကျင်ဖို့သက်သက် ဆန့်ကျင်နေကြရင် စစ်အာဏာရှင်စနစ်ဟာ တည်မြဲနေဦးမှာပဲ။
ကောင်းပြီ၊ ခင်ဗျား သိပ်တတ်နေရင် ဝင်လုပ်ဝင်ဦးဆောင်ပါလားလို့ မေးလာရင် -
ကျနော့်မှာလည်း အင်္ဂလိပ်လို Dilemma လို့ခေါ်တဲ့ လုပ်ချင်ပေမဲ့ ဝေခွဲရခက်တဲ့ ပြဿနာ ရှိတယ်။
ကျနော်ဟာ ဒီကနေ့အထိ စိတ်သန့်သန့်နဲ့ ကူညီနိုင်သလောက် ကူညီခဲ့တယ်။
အထူးသဖြင့် လူငယ်လေးတွေကို အတွေ့အကြုံနဲ့ အသိ ဝေမျှခဲ့ ချင်တာကကျနော့်စေတနာ အရင်းခံပါ။
နိုင်ငံရေးကို အကြောင်းပြပြီး ဘယ်သူ့ဆီကမှ တပြားတချပ်မှ မတောင်းခဲ့ဘူး ကိုယ့်စရိတ်နဲ့ ကိုယ်ရပ်တည်ခဲ့တယ်။
ကျနော် မသေခင် ကွယ်လွန်ပြီဖြစ်တဲ့ ကျနော့်ကျေးဇူးရှင် အဖေကြီးကို ကျနော်တတ်သမျှ ကူညီခဲ့ပြီလို့ တိုင်တယ်ရင်း စိတ်သန့်သန့်နဲ့ အသက်ထွက်သွားချင်တယ်။
နောက်တချက်က မြန်မာတချို့ဟာ Capacity လို့ခေါ်တဲ့ အသိဉာဏ်နည်းပြီး ဝါဒဆွဲကြောင့်လည်းကောင်း၊ ပုဂ္ဂိုလ်စွဲကြောင့်လည်းကောင်း အဖေနာမည် တခုတည်းနဲ့ ပုဂ္ဂိုရ်ရေး တိုက်ခိုက်ချင်ကြတယ် ကျနော့်အားနည်းချက်က ရင်ဆိုင်မှု Confrontation ကို မကြောက်တတ်တာဘဲ ဒီအခြေမှာ လုပ်ချင်တာ လုပ်နိုင်တာထက် ပုဂ္ဂိုလ်ရေးတိုက်ပွဲတွေ ဆင်နွဲနေရတာနဲ့ အလကား အချိန်တွေ ကုန်မှာကို မလိုလားဘူး မိမိနေရာ မိမိနံမည် ‘ရ’ ဖို့ထက် တိုင်းပြည်အတွက် ‘အကျိုး’ ရှိမယ့် ‘အလုပ်’ မျိုး (ပို) ဖြစ်မြောက်စေချင်တယ်။
ခင်ဗျား ကြောက်သလားမေးလာရင် စစ်အစိုးရကို ဆန့်ကျင်ရတာကို မကြောက် ငွေကြေး အရှုပ်အရှင်း ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေနဲ့ အချင်းချင်း အသေသတ်နေကြတဲ့ တွင်းနက်ထဲကို ခုန်ချမိမှာကိုတော့ ကြောက်တာအမှန်ပဲ။
ဒါကြောင့် အဖွဲ့အစည်း နိုင်ငံရေးကို ရှောင်ခဲ့တာပါ။ ဒါကို သတ္တိနည်းတယ်လို့ အပြစ်တင်ရင်လည်း ခံရမှာပဲ ဒါ ကျနော် အရိုးသားဆုံး ဝန်ခံခြင်းပဲ
တဖက်ကလည်း အဖွဲ့အစည်းနဲ့ မလုပ်ရင် တိုးတက်မှု အားမကြီးနိုင်ဖူး ဆိုတာကို နားလည်ပါတယ်။
ဒါပေမဲ့ ကျနော်အကျိုးပြုနိုင်တာ ရှိပါတယ် ။
ဘယ်အဖွဲ့အစည်း၊ ဘယ်ကွန်ယက်မဆို လူတဦးချင်း အလွန်အကြွံမဖြစ်ရအောင် စည်းကမ်းနဲ့ဦးဆောင်လမ်းစဉ် တွေရှိရပါတယ်။ အခြေခံမူနဲ့ဘောင်ခပ်ပေးထားမှ အစွမ်းကိုမရောက်ဘဲ တိုးတက်မှုနဲ့ အောင်မြင်မှုဆိုတာတွေရှိ နိုင်ပါတယ်။ ဒီနေရာတွေမှာ ကူညီရင်း၊ ကျနော် ကိုယ်နိုင်တဲ့ အပိုင်းကဝင်ပံ့ပိုးရဖို့ ဝန်မလေးပါဖူး။
နောက်တခု အားလုံးကိုစဉ်းစားစေချင်တာက တကယ်ခေါင်းဆောင်လုပ်ချင်သပ ဆိုရင် အဝေးကအော်နေကြရုံနဲ့ မရနိုင်ပါဖူး။ ပြည်တွင်းမှာ အခြေပြုမှ အလုပ်ဖြစ်မှာပါ။ ပြည်တွင်းမှာ ယူဂျီကွန်ယက်မရှိဘဲ ဘယ်သူမှ မလှုပ်ရှား မရှင်သန် နိုင်ပါဖူး ဘာလုပ်လုပ် ငွေ မရှိဘဲနဲ့ မရနိုင်ပါ။
ဒါကိုကောင်းကောင်းနားလည်တဲ့ ဗိုလ်ချုပ်တွေက ငွေ ရပေါက်အားလုံး ကိုချုပ် ကိုင်ထားပြီး လူတွေရုံးကန်နေရမှ - နိုင်ငံရေးမလုပ်နိုင်အောင် စီစဉ်ထားတာပါ။
နိုင်ငံအသီးသီးမှာ ပြန့်နေကြတဲ့ ကျနော်တို့နိုင်ငံသားတွေ ဝင်ငွေကိုယ်စီရှိကြတဲ့ ဗမာဖြစ်ဖြစ် ဗမာနိုင်ငံသားဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် မြန်မာနိုင်ငံသားဖြစ်ဖြစ် ကိုယ်နိုင်ငံကိုယ့်ပြည်သားတွေ ဒီလောက်ဆင်းရဲ ပြီး စစ်ဖိနပ်အောက်က စစ်ကျွန်ဘဝက လွပ်မြောက်စေချင်တဲ့ ဆန္ဒမရှိကြတော့ ဖူးလား။
စစ်အာဏာရှင်အောက်က မလွတ်သ၍ ကျနော်တို့အားလုံး တိုင်ပြည်ရောလူမျိုး ပါ ဆင်းရဲတွင်းနက်နေဦးမှာပဲ။
မြန်မာပြည်ထဲမပြောနဲ့၊ နယ်စပ် (သို့) နီးစပ်တဲ့ ထိုင်းနိုင်ငံမှာနေရ တာတောင် ထိတွေ့မှုချင်း မတူပါ။
တိုးတက်တဲ့နိုင်ငံတွေရဲ့ ကောင်းမွန်တဲ့ အသီးအပွင့်တွေကိုခံစားရင်း သာယာမှုတွေကို အပြီးအပိုင် မစွန့်လွှတ်နိုင် သေးရင်တောင်၊ ကိုယ့်နိုင်ငံကိုယ်လူမျိုး မကွယ်ပျောက်ရေး အတွက် လူတိုင်းမှာတာဝန် ကိုယ်စီရှိ တယ်ဆိုတာသတိရှိကြရင် အားလုံးစုပြီး ငွေ ရှာကြ။ နောက်တဆင့် (၆)လ၊ တနှစ်၊ နယ်စပ်လာပြီး ကူကြနဲ့။ တော်လှန်ရေး အစ ရှာရရာက အရှိန်ရလာပြီး လူတွေပါလာတာကို ကျနော်မသေခင် မှာမြင်လိုတာ ကျနော့် ဆန္ဒပါ။
ကျနော်တို့ နိုင်ငံစစ်ကျွန်ဘဝမှ လွပ်မြောက်ရ ပါစေသောဝ်
ဘိုဘိုကျော်ငြိမ်း
Tuesday, August 4, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment