Friday, August 7, 2009

ဒီမိုကရေစီ၏ ပင်မ မဏ္ဍိုင် ၇ ရပ်

အင်္ဂါနေ့၊ 12 သြဂုတ်လ 2008 Anand Panyarachun
ပညာပေးဆောင်းပါး
ကျနော့်အမြင်အရ ဒီမိုကရေစီစနစ်မှာ အဓိကမဏ္ဍိုင်ကြီး ၇ ခုရှိတယ်။ ဒါတွေက ရွေးကောက်ပွဲ နိုင်ငံရေးအရ သဘောထားကြီးမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု၊ ဗဟိုချုပ်ကိုင်ရေး လျော့နည်းမှုနဲ့ အရပ်ဖက် လူထုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။

ပထမမဏ္ဍိုင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံမှာ လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် အသင်းအဖွဲ့ငယ်တစုကနေ မိမိရဲ့တစုံတရာသောကိုယ်ကျိုးစီးပွားများအတိုင်း ပြည်သူပြည်သား အများလိုက်ပါစေဖို့ သွတ်သွင်းချမှတ်တာကို ကာကွယ်ဟန့်တားပေးခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ဥပဒေကြောင်းဝင်အောင်ဆောင်ကျဉ်းပေးပါတယ်။


ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ ဘယ်သူ့ခြိမ်းခြောက် ဖိအားပေးမှုမှမရှိ ဘဲ နိုင်ငံရေးပါတီတွေ ထောင်နိုင်၊ ကမ်ပိန်းလုပ်နိုင်၊လှုပ်ရှားနိုင်ပါတယ်။ တချို့တိုင်းပြည်တွေမှာ နိုင်ငံရေးပါတီတွေဟာ အနိမ့်ဆုံးအတိုင်းအတာတခုအထိ လူထုထောက်ခံမှုရှိမှ ရွေးကောက်ပွဲဝင်နိုင်ဖို့ သတ်မှတ်ထားတာလည်းရှိပါတယ်။ နိုင်ငံရေးပါတီအားလုံးဟာ မိမိတို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းတွေကို ထုတ်လွှင့်ဖြန့်ချိနိုင်ဖို့ လွတ်လပ်တဲ့မီဒီယာနဲ့ တခြားနည်းလမ်း တွေကို အသုံးပြုခွင့်လည်းရှိရပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကို ဘက်မလိုက်တဲ့အဖွဲ့တခုကကြီးကြပ်၊ စောင့်ကြည့်၊ ကြီးမှူးကျင်းပပါတယ်။ အများအားဖြင့် ကြားနေ ရွေးကောက်ပွဲ ကော်မရှင်ကကိုင်တွယ်ကျင်းပပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲတွေမှာ ညစ်ပတ်တာ၊ မဲဝယ်တာတွေရှိနိုင်ပါတယ်။ ကိုယ့် မဲဆန္နနယ်ကို မျက်နှာပြရုံဘဲ ရောက်လာတဲ့ နိုင်ငံရေးသမားတွေဟာနိုင်ငံတော်တော်များများမှာ မဆန်းတဲ့အရာဖြစ်နေပါတယ်။ နိုင်ငံသားတွေရဲ့မျှော်မှန်းချက်တွေကို မထင်ဟပ်နိုင်တော့တဲ့ နိုင်ငံရေးအဆောက်အအုံကတော့ နိုင်ငံရေးအရ ဥပဒေကြောင်းညီမှုကို ဆုံးရှုံးသွားပါတယ်။

ဒုတိယမဏ္ဍိုင်ကတော့ နိုင်ငံရေးအရ သဘောထားကြီးမှုဖြစ်ပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ အစိုးရကို ဆန့်ကျင် မဲထည့်ခဲ့သူတွေကိုဖိနှိပ်ဖို့ သို့မဟုတ် ချောင်ထိုးဘေးဖယ်ပစ်ဖို့ အခွင့်အာဏာ မပေးပါဘူး။ လူများစုကနေ လူနည်းစုရဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေ၊ အခွင့် အရေးတွေ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ သို့မဟုတ် ဘ၀တွေကိုပိတ်ပင်ဖယ်ရှားခွင့်လည်း မပေးပါဘူး။ ဒီမိုကရေစီ အဓွန့်ရှည် တည်တန့်နိုင်ဖို့ အတွက် သဘောထားကြီးမှု လိုအပ်ပါတယ်။ လူနည်းစုတွေဟာရွေးကောက်ပွဲဖြစ်စဉ်ကနေညီညီမျှမျှအကျိုးမခံစားရရင် ငြိမ်းချမ်းရေးဆိုတာမရှိနိုင် ပါဘူး။ ငြိမ်းချမ်းရေးမရှိတာဟာ ဒီမိုကရေစီကျဖို့အားထုတ်မှုတွေကို ပျက်ရယ်ပြုပါလိမ့်မယ်။

တိုင်းပြည်အတော်များများမှာ အာဏာရပါတီကို ထောက်ခံမဲပေးခဲ့သူတွေကိုဘဲ ဆုလာဘ်တွေချပေးပြီး အတိုက်အခံ ဘက်မဲပေးသူတွေကိုတော့ ဦးနှိမ်ချောင်ထိုး သို့မဟုတ်အပြစ်ပေးတဲ့  နမူနာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲနိုင်အောင် အစားအစာ၊ ရေနဲ့ ဖွံ့ဖြိုးရေးရင်းမြစ်တွေဖြန့်ဝေမှုကိုချုပ်ကိုင်စရာလက်နက်အဖြစ်သုံးတာတွေရှိခဲ့တယ်။


တတိယမဏ္ဍိုင် ကတော့ တရားဥပဒေ အာဏာပိုင်စိုးမှုဖြစ်ပါတယ်။ ဒါရဲ့ဆိုလိုချက်ကို အများကြီးဆွေးနွေးငြင်းခုံကြပါတယ်။ ဒါပေမဲ့သေချာတာကတော့ တရားဥပဒေအာဏာပိုင်စိုးမှုနဲ့ ဒီမိုကရေစီ နီးနီးကပ်ကပ် ဆက်နွယ်ပတ်သက်နေခြင်းဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်ဟာဥပဒေတွေအောက်မှာ၊ အထိန်းအချုပ်ဘောင်ထဲမှာထားရင် နိုင်ငံသားများအနေ နဲ့စိုးရဟာ ဥပဒေနဲ့ညီ မညီ အကဲခတ် ဆုံးဖြတ်နိုင်စေပါတယ်။ အောက်ဖော်ပြပါ အဓိကပြဿနာတွေအတွက် အဖြေတွေ ရှာတွေ့နိုင်ပါ တယ်။

အစိုးရဟာ ဥပဒေနဲ့အညီ အုပ်ချုပ်သလား၊ ဒါမှမဟုတ် တချို့သော ခိုးလိုးခုလုစည်းမျဉ်းတွေကနေ ကင်းလွတ်ခွင့်ရအောင် နေရာယူသလား။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေဟာတည်ငြိမ်ပြီး ဥပဒေဘောင် အတွင်းမှာရှိ သလား၊ ဒါမှမဟုတ် အစိုးရက စိတ်မထင်ရင်မထင်သလို၊ကိုယ့်ပေါ်လစီ စိန်ခေါ်သူတွေဖမ်းပြီး ဥပဒေနဲ့အညီ တရားမစီရင်ဘဲ သူတို့လွတ်လပ်ခွင့်ကို ချုပ်ချယ်ပိတ်ပင်တာမျိုး လုပ်သလား။

ဗျူရိုကရေစီ (အုပ်ချုပ်ရေး)ယန္တရား၊ တရားစီရင်ရေးယန္တရား၊ဥပဒေပြုယန္တရား၊ ပုဂ္ဂလိကကဏ္ဍ၊ ရဲနဲ့ စစ်တပ်၊ အားလုံးက ကိုယ့်ကိုယ်ကိုယ်ချမ်းသာဖို့ဘဲရှိသမျှအာဏာုန်သုံးနေရင်၊ အရပ်ဖက်လူထု အသင်းအဖွဲ့တွေ တော့ ထိခိုက်နစ်နာပြီး မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကိုသာ အားပေးလိုက်စားနေရင် ဒီမိုကရေစီဟာ မလည်ပတ်တော့ပါဘူး။

ဥပဒေတွေ ဘယ်လိုဘဲရှိရှိ၊ အကျင့်ပျက်ခြစားမှု ဟာ တရားဥပဒေအာဏာပိုင်စိုးမှုကို ဖျက်ဆီးပစ်ပါတယ်။တရားဥပဒေ အာဏာပိုင်စိုးရေးကို အာမခံနိုင်ဖို့ဆိုရင် တရားစီရင်ရေးယန္တရားနဲ့ တရားရေးစနစ်တခုလုံးရဲ့ ခိုင်မာမှု၊ လွတ်လပ်မှုတို့ဟာ မတော်သြဇာသက်ရောက်မှု တွေနဲ့  ဥပဒေမဲ့စွက်ဖက်မှု တွေအောက် မကျရောက်ဖို့ အထူးအရေးကြီးပါတယ်။


စတုတ္ထမဏ္ဍိုင် ကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါတယ်။အရပ်ဖက်လူထုအသင်းအဖွဲ့ကလူတွေ ဘာတွေကိုပြောခွင့်၊ ပုံနှိပ်ခွင့်၊ ဖြန့်ဝေခွင့်၊ ဆွေးနွေးခွင့်ရှိတယ်ဆိုတာဟာနိုင်ငံရေးစနစ်တခုရဲ့ ဒီမိုကရေစီအနေ အထားကို ဖော်ပြနေပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းဟာ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို တိုင်းတာချက်ဖြစ်ပါတယ်။

အစိုးရအနည်းအကျဉ်းသာ လွတ်လပ်တဲ့ စာနယ်ဇင်းနဲ့ တကယ့်ကိုအဆင်ပြေပြေ ချောချောမွေ့မွေ့ ဆက်ဆံနိုင်ကြပါတယ်။ ဒါပေမဲ့ ချို့ယွင်းအားနည်းချက်တွေ ဘယ်လိုဘဲရှိရှိ၊လွတ်လပ်တဲ့စာနယ်ဇင်းနဲ့ အချုပ်အချယ်မရှိ အင်တာနက်တက်ခွင့်ဟာ အလုပ်ဖြစ်နေတဲ့ဒီမိုကရေစီစနစ်တခုမှာ အများပြည်သူအနေနဲ့ သတင်းအချက်အလက် ရဖို့မရှိမဖြစ်လိုပါတယ်။ ခိုင်ခန့်အသားကျနေတဲ့ ဒီမိုကရေစီနိုင်ငံတခုမှာတောင် အစိုးရဟာ ကိုယ့်ရည်မှန်းချက်အကျိုးပြုဖို့  လွတ်လပ်တဲ့စာနယ်ဇင်းကို ကိုင်တွယ်ကစားနိုင်အောင် ကြိုးစားနိုင်ပါတယ်။အစိုးရတွေဟာ ကိုယ့် အစီအစဉ်ကို ၀ါဒဖြန့်ဖို့နဲ့ လွတ်လပ်တဲ့မီဒီယာရဲ့ စွမ်းအားကို လျော့ကျအားနည်းစေဖို့ သဘောထားလှည့်ရေး လှုပ်ရှားမှုတွေ spin campaignမကြာခဏလုပ်တတ်ပါတယ်။

နည်းပညာသစ်ဟာ သတင်းအချက်အလက်ပြန့်ပွားမှု တိုးများလာစေခြင်း၊ အများပြည်သူတို့ဆွေးနွေးပြောဆိုစရာ ကွင်ကျယ်ပြန့်လာစေခြင်းအားဖြင့် ပြင်းထန်ကြီးမားလှတဲ့အင်အားစုအသစ်တွေကိုဖြေလွှတ်ပေးနေပါတယ်။ အာဏာရှင် အကျင့်အကြံတွေရှိတဲ့ တိုင်းပြည်တွေမှာ သတင်းလွတ်လပ်ခွင့်ဟာ အစိုးရရဲ့အန္တရာယ်စာရင်းထဲမှာ ရှေ့ဆုံးကို ရောက်နေတတ်ပါတယ်။ဒီအင်အားစုသစ်တွေကြောင့် အစိုးရတွေအနေနဲ့ သတင်း စီးဆင်းမှုကိုထိန်းချုပ်ဖို့ အများကြီးပိုခက်ခဲလာစေပါတယ်။

ဖြစ်နေတာကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရတွေကတောင် ရုပ်သံမှာဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အင်တာနက်ထဲမှာဖြစ်ဖြစ်အများပြည်သူ့အမြင် သဘောထားကိုပုံသွင်းနိုင်ဖို့ အကြီးအကျယ်óကိးစားကြတာဖြစ်ပါတယ်။ သတင်းစီးဆင်းမှုအပေါ် အစိုးရက သြဇာသက်ရောက်ချုပ်ကိုင်လာရင် ကျနော် တို့အနေနဲ့သံသယထားရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အဆင်တန်ဆာလက္ခဏာရပ်တွေက ကျန်းမာရေးကောင်းပုံရချင်ရနိုင်ပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ကိုဖယ်ထုတ်လိုက်ရင် တော့ဒီမိုကရေစီဟာ အထိနာသွားပါပြီ။

ပဉ္စမ မဏ္ဍိုင် က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။ဆိုလိုတာက အစိုးရအဆောက်အအုံတွေနဲ့ အဲဒီထဲက လူပုဂ္ဂိုလ်တွေဟာ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ခံရမှာဖြစ်ပါတယ်။ အစိုးရတရပ်ဟာ ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူလူထုကို တာဝန်ခံရပါမယ်။ ဒါ့အပြင် အစိုးရလုပ်ရပ်ကို ချုပ်ထိန်းနိုင်ဖို့လွတ်လပ်တဲ့ တရားရေးယန္တရားသို့ မဟုတ် တခြားဘက်မလိုက် တဲ့ဌာနတွေ ကိုလည်းတာဝန်ခံရပါမယ်။ ဆုံးဖြတ်ချက်တွေဟာ အများပြည်သူအကျိုးစီးပွားထက် အခို င်အခန့်ကိုယ်ကျိုးစီးပွားအုပ်စုတွေရဲ့ အစီအစဉ်တွေကို ဦးစားပေးအကျိုးပြုရာ မရောက်စေရပါ။

တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတို့မှာ ရည်ရွယ်ချက်တူကြပါတယ်။ အဲဒါကတော့ လူအများ ထိခိုက်နစ်နာပြီး လူအနည်းငယ်ကိုသာချမ်းသာကြွယ်ဝစေတဲ့ တလွဲတချော်ပေါ်လစီတွေ၊ဆုံးဖြတ်ချက် တွေရဲ့ ဒဏ် နိုင်ငံ သားတွေမခံ ရအောင် ကာကွယ် ပေးဖို့ ဖြစ်ပါတယ်။ဒီကိုယ်စောင့်နတ်နှစ်ပါး ထိခိုက်ချို့ယွင်းခဲ့ရင် ကောင်းမွန်တဲ့အစိုးရမှုဟာအန္တရာယ်ကျရောက်နေပြီး ဒီမိုကရေစီ ပျက်သွားပြီဆိုတာကို အချက်ပြလိုက်တာဖြစ်ပါတယ်။

ဆဌမမဏ္ဍိုင် က ဒေသန္တရနိုင်ငံရေးအာဏာ တိုးမြင့်မှုဖြစ်ပါတယ်။ အစိုးရဟာ ကိုယ်အုပ်ချုပ်တဲ့ပြည်သူလူထုနဲ့ ပိုပြီးနီးနီး ကပ်ကပ်ရှိလေ၊ ပိုပြီးတာဝန်ယူတုန့်ပြန်နိုင်လေဖြစ်ပါတယ်။ တချိန်တည်းမှာ ဗဟိုချုပ်ကိုင်မှု လျော့နည်းတဲ့  ဒီမိုကရေစီ လည်ပတ်ဖို့ဆိုရင် ရန်ပုံငွေထောက်ပံ့မှု၊ ရုပ်ဝတ္ထုပိုင်း၊ လူသားရင်းမြစ်ပိုင်းနဲ့ ဌာအဆောက်အအုံစွမ်းဆောင်နိုင်စွမ်းတွေမှာလည်း ဗဟိုချုပ် ကိုင်မှုလျှော့ချပစ်ရပါမယ်။

နိုင်ငံရေးဖြစ်စဉ်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချတာဟာ နိုင်ငံရေးအင်အားစုတွေ ကျင့်သုံးတဲ့ အာဏာနဲ့သြဇာ စုစည်းအားကြီးမှုကိုဟန့်တားထိန်းချုပ်ဖို့ နောက်ထပ်နည်းလမ်းတခုလည်းဖြစ်ပါတယ်။ပြည်သူပြည်သားတွေဟာ ကိုယ့်လူကြီးတွေကို အိမ်နီးနားချင်းတွေအဖြစ်တွေ့မြင်နေရပြီး ကိုယ့်အတွက်အချက်အချာကျတဲ့ အရာကိစ္စတွေဟာ ကိုယ့်အိမ်နားဖြစ်ပျက်နေတာကိုတွေ့နေရရင် ဒီမိုကရေစီကိုပိုသဘောပေါက်သိမြင်၊ ပိုစိတ်ဝင်စားပြီး ပိုမိုပါဝင်ဆောင်ရွက် ချင်စိတ်ဖြစ်လာပါလိမ့် မယ်။

အရပ်ဖက်လူထုအသင်း အဖွဲ့တွေဟာ အရေးပါတဲ့ သတ္တမ မဏ္ဍိုင် ဖြစ်ပါတယ်။ တက်ကြွတဲ့ အရပ်ဖက်လူထုအသင်း အဖွဲ့ စနစ်ဟာအောက်ခြေမှာစတင်အခြေတည် လှုပ်ရှားပါတယ်။ ရပ်ရွာအသိုင်းအ၀ိုင်းစုရပ်တွေ၊ ကလပ်အသင်းတွေ၊ တက်ကြွ လှုပ်ရှားသူအုပ်စုတွေ၊ သာရေးနာရေးအသင်းတွေ၊ သမ၀ါယမတွေ၊ သမဂ္ဂတွေ၊စဉ်းစားကြံဆရေးအစုတွေနဲ့ အသင်းအပင်းတွေဟာ အရပ်ဖက်လူထုအသင်း အဖွဲ့စနစ်ဆိုတဲ့ကျယ်ပြန့်တဲ့ ခေါင်းစဉ်အောက်မှာပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာအောက်ခြေလူထုဒီမိုကရေစီအဓွန့်ရှည်တည်တန့် အားကောင်းဖို့အတွက် ပါဝင်ဆောင်ရွက်နိုင်စရာ ယာဉ်ရထားတွေဖြစ်ပါတယ်။

အထက်မှာ အကျဉ်းချုပ်ဖော်ပြထားတဲ့ မဏ္ဍိုင်တွေဟာ လိုကိုလိုအပ်ပေမဲ့ ဒါတွေကိုတည်ဆောက်ထိန်းသိမ်းမယ့် ခေါင်းဆောင်တွေမရှိ ရင်တော့ဆားမပါတဲ့ဟင်းလိုဖြစ်နေပါလိမ့်မယ်။ အရှည်တည်တန့်မယ့်ဒီမို ကရေစီ အတွက်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည် အသွေးတွေကိုရိုးသားမှုရှိရှိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခံမှုရှိရှိ လုပ်ကိုင်နေသူတွေဆီမှာ တွေ့နိုင်ပါတယ်။ ဒီလူတွေဟာ အများစုံညီသဘောထားကျအောင် စည်းရုံးနိုင်စွမ်း ရှိသူတွေ၊ သဘောထားအမြင် ကျယ်ပြန့်မျှတသူတွေဖြစ်ပါတယ်။ ဒီလူတွေဟာတရားမျှတရေးကို ဦးထိပ်ပန်ထားပြီးအများ ပြည်သူအကျိုးစီးပွားကို ဦးစားပေးလုံးပမ်းသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူတွေဟာ ဆန့်ကျင်ဖက် ရပ်တည်ချက်တွေကိုလည်း

သဘောထားကြီးသည်းခံနိုင်သူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ရှုပ်ရှုပ်ပွေပွေနဲ့ အုပ်ချုပ်အစိုးရတဲ့နည်းလမ်းဖြစ်တယ်၊ လူ့ပင်ကိုယ်သဘာဝကိုယ်၌ကလည်း ချို့ယွင်းချက်မကင်းဘူးလို့ မကြာခဏ ပြောလေ့ ပြောထရှိကြတာ အမှန်ပါဘဲ။ ဒီစကားနှစ်ခုလုံးဟာ အမှန်တရားဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အားနည်းချက်တွေကိုဝန်ခံအသိအမှတ်ပြုခြင်းအားဖြင့် အတိတ်ကအမှားတွေကို ရှောင်ရှားနိုင်ပြီး အညတြပြည်သူ ပြည်သားတွေရဲ့ ဒီမိုကရေစီရေးတိုက်ပွဲ သင်ခန်းစာတွေကိုယူရင်း တည်ဆောက်ဖန်တီးနိုင်တဲ့ခေါင်းဆောင် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ကြပါစို့။

The seven essential pillars of democracy by Anand Panyarachun ကို ဂါမဏိ ဘာသာပြန်သည်။
(မွန်လူမျိုး ထိုင်းဝန်ကြီးချုပ်ဟောင်း အားနန်းပညာရာချွန်က အရှည်တည်တန့်နိုင်မည့် ဒီမိုကရေစီနှင့်ပတ်သက်၍အများပြည်သူသို့ ဟောပြောချက်တခုမှကောက်နှုတ်ထားသည်

No comments: